အာဖရိကအလယ်ပိုင်းတွင် အီဘိုလာဗိုင်းရပ်စ် ကူးစက်မှုများပြားလာသဖြင့် တောင်အာဖရိက နယ်စပ်များတွင် စောင့်ကြည့်စစ်ဆေးမှုများ တင်းကျပ်ထား
အာဖရိကအလယ်ပိုင်း အထူးသဖြင့် ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ (DRC) တွင် အီဘိုလာ (Ebola) ဗိုင်းရပ်စ်ကူးစက်မှု ဆက်လက်ပြန့်ပွားနေပြီး လက်ရှိအချိန်အထိ ကူးစက်သူ ၃၅၉ ဦးနှင့် သေဆုံးသူ ၆၁ ဦး ရှိလာပြီဖြစ်သောကြောင့် တောင်အာဖရိက နိုင်ငံ နယ်စပ်စီမံခန့်ခွဲရေးအာဏာပိုင်အဖွဲ့ (BMA) က နိုင်ငံအတွင်းသို့ ရောဂါ ဝင်ရောက် မလာစေရန် နယ်စပ်ဂိတ်များတွင် စစ်ဆေးမှုများကို အရှိန်မြှင့်တင် ဆောင်ရွက်လျက် ရှိသည်။
အာဏာပိုင်များအနေဖြင့် အပြည်ပြည်ဆိုင်ရာ ကျန်းမာရေးစည်းမျဉ်းများနှင့်အညီ ရောဂါဖြစ်ပွားရာ DRC နှင့် ယူဂန်ဒါနိုင်ငံတို့မှ ဆိုက်ရောက်လာသည့် လေကြောင်းလိုင်း များကို ဦးစားပေးကာ ခရီးသွားများ၏ ကိုယ်အပူချိန်တိုင်းခြင်း၊ ခရီးသွားရာဇဝင် မေးမြန်းခြင်းနှင့် မျက်မြင်ကျန်းမာရေးဆန်းစစ်ခြင်းတို့ကို လုပ်ဆောင်နေပြီး၊ သံသယ ဖြစ်ဖွယ်လူနာတွေ့ရှိပါက ပြည်နယ်ကျန်းမာရေးဌာနများနှင့် ချက်ချင်းချိတ်ဆက်ကာ စနစ်တကျ တုံ့ပြန်သွားရန် စီစဉ်ထားသည်။
ကျန်းမာရေးဌာနမှ ဒေါက်တာ Angelique Coetzee ၏ သုံးသပ်ချက်အရ လက်ရှိတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ရောဂါပိုးနောက်ကျမှ ထောက်လှမ်းမိခြင်းနှင့် အဆိုပါ ဒေသများရှိ ပဋိပက္ခမတည်ငြိမ်မှုများကြောင့် ကူးစက်မှုထိန်းချုပ်ရန် ခက်ခဲနေသည့် အခြေအနေအပေါ် စိုးရိမ်နေခြင်းဖြစ်ကြောင်း သိရှိရသည်။
သို့သော်လည်း အီဘိုလာဗိုင်းရပ်စ်သည် ကိုဗစ်-၁၉ ကဲ့သို့မဟုတ်ဘဲ လူနာ၏ခန္ဓာကိုယ်မှ ထွက်ရှိသည့်အရည်များနှင့် တိုက်ရိုက်ထိတွေ့မှသာ ကူးစက်နိုင်ခြင်းကြောင့် လည်းကောင်း၊ လောလောဆယ် တောင်အာဖရိကအတွင်း ရောဂါကူးစက်ပျံ့နှံ့နေသည့် အရိပ်အယောင် မရှိခြင်းကြောင့်လည်းကောင်း သာမန်ပြည်သူများအတွက် စိုးရိမ်ရမှုအဆင့်မှာ နည်းပါးနေသေးသည်။ ထို့ကြောင့် အာဏာပိုင်များက တောင်အာဖရိကပြည်သူများအနေဖြင့် ထိတ်လန့်တုန်လှုပ်ရန်မလိုဘဲ ဂရုတစိုက် သတိပြုနေထိုင်ရန်နှင့် ပြည်သူ့ကျန်းမာရေး စနစ်ခိုင်မာအားကောင်းစေရေးနှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက် အလေးထားဆောင်ရွက်သွားရန် တိုက်တွန်းထားသည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး
