အမေရိကန်က ၎င်းတို့၏ အားပေးသူများအတွက် ကမ္ဘာ့ဖလားလက်မှတ်ခွဲတမ်းကို ပယ်ဖျက်လိုက်ကြောင်း အီရန် ပြောကြား
၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲစတင်ရန် သုံးရက်ခန့်သာလိုတော့သည့်အချိန်တွင် ပူးတွဲ အိမ်ရှင် ဖြစ်သော အမေရိကန်က အီရန်အသင်း၏ အုပ်စုအဆင့်ပွဲစဉ်များအတွက် ချထား ပေးသည့် လက်မှတ်ခွဲတမ်းကို ရုပ်သိမ်းလိုက်ကြောင်း အီရန်ဘောလုံးအဖွဲ့ချုပ် (FFIRI) က အင်္ဂါနေ့ (ဇွန် ၉) တွင် ထုတ်ပြန်ကြေညာခဲ့သည်။
အမေရိကန်နိုင်ငံ၌ ကျင်းပမည့် နယူးဇီလန်၊ ဘယ်လ်ဂျီယမ်၊ အီဂျစ်တို့နှင့် ပွဲစဉ်များအတွက် ဖီဖာ (FIFA) စည်းမျဉ်းအရ ရရှိထားသည့် ၈ ရာခိုင်နှုန်းသော လက်မှတ် ခွဲတမ်းများကို အီရန်ဘက်က ပရိသတ်များထံ စတင်ရောင်းချခဲ့ပြီး ဖြစ်ကြောင်းနှင့် ပရိသတ်အချို့မှာလည်း လိုအပ်သည့် စီစဉ်မှုများကို ပြုလုပ်ထားပြီးဖြစ်နေချိန်တွင် ယခုကဲ့သို့ မမျှော်လင့်ဘဲအပယ်ဖျက်ခံခဲ့ရခြင်း ဖြစ်သည်။ အီရန်ဘောလုံးအဖွဲ့ချုပ်က ယခုလုပ်ရပ်သည် နိုင်ငံတကာပြိုင်ပွဲများ၏ တန်းတူညီမျှမှုမူဝါဒနှင့် ဆန့်ကျင်နေသဖြင့် ကြားနေမှုနှင့်တရားမျှတမှုကို ထိန်းသိမ်းပေးရန် ဖီဖာနှင့် ပြိုင်ပွဲကျင်းပရေးကော်မတီ ထံ တောင်းဆိုထားသည်။
အီရန်နိုင်ငံဘက်က အမေရိကန်သည် ဗျူရိုကရေစီဆိုင်ရာ အတားအဆီးများ ပြုလုပ်ကာ ၎င်းတို့၏ စီမံခန့်ခွဲရေး ဝန်ထမ်း ၁၅ ဦးခန့်ကို ဗီဇာထုတ်ပေးရန် ငြင်းဆိုခဲ့သဖြင့် ကမ္ဘာ့ ဖလား လေ့ကျင့်ရေးစခန်းကိုပင် အမေရိကန်နိုင်ငံ တပ်ဆန်မြို့မှ မက္ကဆီကိုနယ်စပ်ရှိ တီဟွာနာမြို့သို့ ပြောင်းရွှေ့ခဲ့ရကြောင်း ပြောကြားခဲ့သည်။
အီရန်အသင်းသည် ဇွန် ၁၅ ရက်တွင် လော့စ်အိန်ဂျလိစ်မြို့၌ နယူးဇီလန်အသင်းနှင့် ကမ္ဘာ့ဖလား ပထမဆုံးပွဲစဉ်ကို စတင်ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ယခုလက်မှတ်ခွဲတမ်း ပယ်ဖျက်ခံရမှု စွပ်စွဲချက်နှင့်ပတ်သက်၍ ဖီဖာနှင့် အမေရိကန် ပြိုင်ပွဲကျင်းပရေးကော်မတီတို့ဘက်က တစ်စုံတစ်ရာ တုံ့ပြန်ပြောဆိုခြင်း မရှိသေးပေ။
ကိုးကား- Al Jazeera
Photo: The Times of Israel
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး
