ဝမ်းသာဂုဏ်ယူခြင်းမြောက်မြားစွာဖြင့် ပေးပို့သည့် သဝဏ်လွှာများ

     ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်   ရွေးကောက်တင်မြှောက်ခြင်း ခံရသောသမ္မတ    နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံသို့ နိုင်ငံအသီးသီးမှ နိုင်ငံ့ခေါင်းဆောင်များနှင့်  ပြည်တွင်းပြည်ပရှိ အသင်းအဖွဲ့များက  အထူးဂုဏ်ယူဝမ်းမြောက်ကြောင်း သဝဏ်လွှာများပေးပို့လျက်ရှိသည်။    မြန်မာနိုင်ငံဆိုင်ရာ  တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H.E.Ms. Ma Jia ကလည်း ဧပြီလ  ၆ ရက်တွင် လူကိုယ်တိုင်လာရောက်ဂါရဝပြုတွေ့ဆုံခဲ့ပြီး  တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတကြီး မစ္စတာရှီကျင့်ဖျင်ကပေးပို့သည့် ဝမ်းမြောက်ကြောင်း သဝဏ်လွှာကို လက်ရောက် ပေးအပ်ခဲ့သည်။

မြန်မာနိုင်ငံဆိုင်ရာ  တရုတ်ပြည်သူ့သမ္မတ နိုင်ငံသံအမတ်ကြီးက  အဆွေတော်အား  နိုင်ငံတော် သမ္မတကြီးအဖြစ်ရွေးချယ် တင်မြှောက်ခြင်းခံရမှုအပေါ်  မိမိအနေဖြင့်ဝမ်းမြောက်ဂုဏ်ယူပါကြောင်း၊ အဆွေတော်အနေဖြင့်  မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ဆက်ဆံရေးကောင်းမွန်အောင် ဆောင်ရွက်ခဲ့မှုများအပေါ်တွင်လည်း ကျေးဇူးတင်ရှိပါကြောင်း၊  အဆွေတော်၏ စွမ်းဆောင်မှုများအောက်တွင် မြန်မာ နိုင်ငံအနေဖြင့်   တည်ငြိမ်အေးချမ်းပြီး    ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတစ်ခုဖြစ်လာမည်ဟုယုံကြည်ပါ ကြောင်းနှင့် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုများ ယခုထက်ပိုမိုတိုးတက် လာမည်ဟုယုံကြည်ပါကြောင်းဖြင့် ထည့်သွင်း ပြောကြားခဲ့သည်။

နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်း သာယာရေးကော်မရှင်ဥက္ကဋ္ဌ  ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အားနိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ကြောင်း ကြေညာပြီးနောက်ပိုင်း  ပြည်ပနိုင်ငံသံတမန်များအနက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးသည်  ပထမဆုံး လာရောက်တွေ့ဆုံသည့် သံအမတ်ဖြစ်သည်။  ထို့အတူ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတကြီး မစ္စတာရှီကျင့်ဖျင်အနေဖြင့်လည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ပြီးနာရီပိုင်းအတွင်းဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့ခဲ့သည်။  အိမ်နီးနားချင်း မိတ်ဆွေကောင်းနိုင်ငံတစ်ခုအနေဖြင့် မြန်မာနိုင်ငံ၏နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုအပေါ် ထောက်ခံမှုပြသခြင်းပင်ဖြစ်သည်။

နိုင်ငံတော်၏ဖွဲ့စည်းပုံ အခြေခံဥပဒေ(၂၀၀၈ ခုနှစ်)   ပုဒ်မ ၄၁ တွင် နိုင်ငံတော်သည်  လွတ်လပ်၍တက်ကြွပြီး ဘက်မလိုက်သောနိုင်ငံခြားရေး ဝါဒကိုကျင့်သုံးသည်။  ကမ္ဘာ့ငြိမ်းချမ်းရေးနှင့်  နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက် ပေါင်းဖက်ဆက်ဆံရေးကို ရှေးရှုသည်။  နိုင်ငံအချင်းချင်းငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူများကို စောင့်ထိန်းသည် ဟူ၍ပြဋ္ဌာန်းထားသည်နှင့်အညီ  မြန်မာနိုင်ငံသည် အိမ်နီးချင်းနိုင်ငံများ အပါအဝင် ကမ္ဘာ့နိုင်ငံအားလုံးနှင့် ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံလျက်ရှိသောနိုင်ငံဖြစ်သည်။ ချစ်စကိုရှည်စေမုန်းစကို တိုစေဆိုသည့်အတိုင်း နိုင်ငံအားလုံးအပေါ်တွင်  မိတ်ကောင်းဆွေကောင်းနိုင်ငံအဖြစ်  ကောင်းမွန်သော ဆက်ဆံရေးကို တည်ဆောက်ထားရှိသည်။ 

နိုင်ငံအားလုံးနှင့်ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံနေသည့်အတွက် နိုင်ငံပေါင်းများစွာကလည်း ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ရွေးကောက်တင်မြှောက်ခြင်း ခံရသောသမ္မတ  နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံသို့ ဝမ်းမြောက်ကြောင်း သဝဏ်လွှာများပေးပို့လျက်ရှိရာ ဧပြီလ ၃ ရက်တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ သမ္မတ မစ္စတာ ဗလာဒီမာပူတင်ထံမှ လည်းကောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ သမ္မတ မစ္စတာ ရှီကျင့်ဖျင်ထံမှလည်းကောင်း၊ ဘယ်လာရုစ်သမ္မတနိုင်ငံ၊  သမ္မတ မစ္စတာ အလက်ဇန္ဒား  လူကာရှန်ကိုထံမှလည်းကောင်း၊  ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊  နိုဗိုစီဗစ်ဒေသ အုပ်ချုပ်ရေးမှူး  မစ္စတာ တာရာ့နီကော့ဗ် အန်ဒရေ အလက်ဇန်ဒရိုဗစ်ချ်ထံမှလည်းကောင်း၊  ဧပြီလ ၄ ရက်တွင် နီကာရာဂွါသမ္မတနိုင်ငံ ပူးတွဲသမ္မတများဖြစ်ကြသည့် မစ္စတာ ဒန်နီရယ် အော်တီဂါ ဆာဗေဒရာနှင့် မစ္စစ် ရိုဆာရီယို မူရီလိုတို့ထံမှလည်းကောင်း၊ ဧပြီလ ၅ ရက်တွင် ထိုင်းနိုင်ငံဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး Sihasak Phuangketkeowထံမှလည်းကောင်း၊ ဘူရားတီးရားပြည်နယ်အကြီးအကဲနှင့် အစိုးရအဖွဲ့ဥက္ကဋ္ဌ  မစ္စတာ အလက်စီ ဆမ်ဘူယဲဗစ် စီဂျယ်နော့ဗ်ထံမှလည်းကောင်း၊ နီကာရာဂွါသမ္မတနိုင်ငံ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဒေါက်တာ ဂူစတာဗို ပေါရပ်စ်ထံမှလည်းကောင်း၊ ဧပြီလ ၆ ရက်တွင် ကာဇက်စတန်သမ္မတနိုင်ငံ သမ္မတ မစ္စတာ ကာစင် ဂျိုမတ် တိုခါယက်ဗ်ထံမှလည်းကောင်း၊ ကမ္ဘောဒီးယားနိုင်ငံ ဘုရင်မင်းမြတ် ပရယ်ဘတ် ဆမ်ဒက် ပရယ် ဘိုရိုနစ် နိုရိုဒွန် သီဟာမိုနီထံမှလည်းကောင်း၊  ရုရှားဖက်ဒရေးရှင်းနိုင်ငံ  စိန့်ပီတာစဘတ်အုပ်ချုပ်ရေးမှူး   မစ္စတာ အလက်ဇန်းဒါး ဘယ်ဂ်လော့ထံမှလည်းကောင်း၊ ဂျပန်-မြန်မာ ပါလီမန်ချစ်ကြည်ရေးအသင်း ဒုတိယဥက္ကဋ္ဌ ဂျပန်နိုင်ငံအောက်လွှတ်တော်အမတ် မစ္စတာ ဟီရိုမီချိ ဝါတာနာဘေးထံမှလည်းကောင်း၊ဂျပန်-မြန်မာ ယဉ်ကျေးမှုမြှင့်တင်ရေးအသင်းဥက္ကဋ္ဌ  မစ္စတာ ဖူမီအို အူဆုအိနှင့် ညွှန်ကြားရေးမှူး မစ္စတာနာအိုဟိခို တာကခုတို့ထံမှ လည်းကောင်း ဝမ်းမြောက်ကြောင်း သဝဏ်လွှာများကို အသီးသီးပေးပို့ကြသည်။

  ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်  ရွေးကောက်တင်မြှောက်ခြင်း ခံရသောသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ     ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏နိုင်ငံတော်နှင့်ပြည်သူအပေါ် စေတနာမေတ္တာအပြည့်ဖြင့် ဆောင်ရွက်ချက်များကြောင့် ရွေးကောက် တင်မြှောက်ခံရခြင်းဖြစ်သည်။     မြန်မာနိုင်ငံ၏ အနာဂတ်ကိုပိုမိုကောင်းမွန်စွာ ဦးဆောင်နိုင်သူအဖြစ်ပြည်သူလူထုက ယုံကြည်သလို ပြည်ပနိုင်ငံခေါင်းဆောင်များကလည်း အပြည့်အဝ ယုံကြည်ကြသည်။

ထို့ကြောင့်    အထူးဂုဏ်ယူဝမ်းမြောက်ကြောင်း သဝဏ်လွှာများ ပေးပို့နေခြင်းဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။          ။

MWD

Subject-Image

  • ဝမ်းသာဂုဏ်ယူခြင်းမြောက်မြားစွာဖြင့် ပေးပို့သည့် သဝဏ်လွှာများ

Posted-Date