အူမကြီးကင်ဆာ၏ အဖြစ်များသော လက္ခဏာများနှင့် စောစီးစွာ ရှာဖွေတွေ့ရှိနိုင်သော နည်းလမ်းများ
Posted_Date
Image
Body
အူမကြီးကင်ဆာဟုလည်း လူသိများသော စအိုနှင့် အူမကြီးကင်ဆာသည် ကမ္ဘာတစ်ဝန်းတွင် ကင်ဆာ နှင့်ဆက်နွှယ်သောသေဆုံးမှု၏ အဓိကအကြောင်း ရင်းများထဲမှ တစ်ခုဖြစ်သည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏အဆိုအရ ၂၀၂၀ ပြည့်နှစ်တွင် အူမကြီး ကင်ဆာဖြစ်ပွားမှုအသစ် ၁ ဒသမ ၉ သန်းကျော်ရှိခဲ့ပြီး ကမ္ဘာတစ်ဝန်းတွင် လူပေါင်း ၉၃၀၀၀၀ သေဆုံးခဲ့ ကြောင်း သိရသည်။ အူမကြီးကင်ဆာအသစ်ဖြစ်ပွား မှုသည် ၂၀၄၀ ပြည့်နှစ်တွင် တစ်နှစ်လျှင် ၃ ဒသမ ၂ သန်း (၆၃ ရာခိုင်နှုန်း) တိုးလာမည်ဖြစ်ပြီး သေဆုံးမှု သည် တစ်နှစ်လျှင် ၁ ဒသမ ၆ သန်း (၇၃ ရာခိုင်နှုန်း) တိုးလာမည်ဟုလည်း ခန့်မှန်းထားသည်။ အူမကြီး ကင်ဆာသည် တစ်ချိန်က အသက် ၅၀ နှင့်အထက် သက်ကြီးရွယ်အိုများကို အဓိကထိခိုက်စေသောအခြေအနေတစ်ခုဟု ယူဆထားသော်လည်း မကြာ သေးမီနှစ်များအတွင်း အသက် ၂၀ မှ ၄၉ နှစ်ကြားအရွယ်ရောက်ပြီးသူများတွင် အူမကြီးကင်ဆာဖြစ်ပွား မှုနှုန်းများ သိသိသာသာမြင့်တက်လာသည်။ ယခု အခါ ပြည်သူ့ကျန်းမာရေးဆိုင်ရာစိုးရိမ်စရာတစ်ခု အဖြစ် အသိအမှတ်ပြုထားသောကြောင့် စောစီးစွာ သိရှိနိုင်မှုသည် ရလဒ်များ တိုးတက်ကောင်းမွန်ရန်အရေးကြီးပါသည်။ ထို့ကြောင့် စောစီးစွာရှာဖွေတွေ့ရှိ ခြင်းနှင့် ကျန်းမာရေးနှင့်ညီညွတ်သော လူနေမှုပုံစံ ပြောင်းလဲခြင်းများသည် အူမကြီးကင်ဆာဖြစ်ပွားမှု အန္တရာယ်ကို လျှော့ချရာတွင် အရေးပါသောအခန်း ကဏ္ဍမှ ပါဝင်ပါသည်။
မကြာခဏလျစ်လျူရှုထားလေ့ရှိသော အူမကြီးကင်ဆာ၏ အဖြစ်များသော လက္ခဏာများ ကုသမှုအောင်မြင်ရန်အတွက် အူမကြီးကင်ဆာ၏ လက္ခဏာများကို စောစီးစွာသိရှိနိုင်ရန် အလွန် အရေးကြီးပါသည်။ သို့သော်လည်း အူမကြီး ကင်ဆာ ၏ ကနဦးလက္ခဏာများသည် မကြာခဏဆိုသလို အလွယ်တကူ လျစ်လျူရှုထားတတ်သဖြင့် ရောဂါရှာဖွေမှုကို နှောင့်နှေးစေနိုင်သည်။ အူမကြီးကင်ဆာ ရောဂါလက္ခဏာငါးမျိုးတွင် အူလမ်းကြောင်းဆိုင်ရာ အလေ့အထ ပြောင်းလဲမှုများ (ဆက်တိုက်ဆိုသလို ဝမ်းပျက်ဝမ်းလျှော သို့မဟုတ် ဝမ်းချုပ်ခြင်းကဲ့သို့)၊ ဝမ်းအတွင်း သွေးပါခြင်း၊ ဆက်တိုက်ဝမ်းဗိုက်နာခြင်း သို့မဟုတ် ဝမ်းဗိုက်ကြွက်တက်ခြင်း၊ ကိုယ်အလေးချိန် ကျခြင်းနှင့် ပင်ပန်းနွမ်းနယ်ခြင်းတို့ ပါဝင်သည်။ ဤ လက္ခဏာများသည် မပြင်းထန်သဖြင့် လွယ်ကူစွာ ပျောက်ကင်းနိုင်သော်လည်း ဆက်လက်ရှိနေပါက သို့မဟုတ် ပိုဆိုးလာပါက ဆရာဝန်နှင့်တိုင်ပင်ရန် အရေးကြီးပါသည်။
အူလမ်းကြောင်းဆိုင်ရာ အလေ့အထများပြောင်းလဲခြင်း
ဝမ်းသွားသည့်အလေ့အထကို အလွယ်တကူ လျစ်လျူရှုမထားသင့်ပါ။ ဝမ်းလျှောခြင်း၊ ဝမ်းချုပ်ခြင်း၊ သို့မဟုတ် ဝမ်းသွားရခက်ခဲခြင်းကဲ့သို့သော အူလမ်း ကြောင်းပုံစံပြောင်းလဲမှုများ အမြဲရှိနေခြင်းသည် အူမကြီးကင်ဆာ၏ အစောပိုင်း လက္ခဏာတစ်ရပ် ဖြစ်သည်။ လူအများစုက အူလမ်းကြောင်းအလေ့ အထအပြောင်းအလဲများကို အစားအသောက် သို့မဟုတ် စိတ်ဖိစီးမှုကြောင့်ဟု မှတ်ယူလေ့ရှိသည်။ သို့သော် ဝမ်းလျှောခြင်း၊ ဝမ်းချုပ်ခြင်း သို့မဟုတ် ဝမ်း သွားရခက်ခြင်းများကို တစ်ပတ်ထက်ပို၍ခံစားနေရပါက ဆရာဝန်နှင့်ပြသ တိုင်ပင်သင့်ပါသည်။
ဝမ်းထဲတွင် သွေးပါခြင်း
အူမကြီးကင်ဆာ၏ အစောပိုင်း လက္ခဏာတစ်ခုမှာ ဝမ်းထဲတွင် သွေးပါခြင်းဖြစ်သည်။ ဝမ်းထဲတွင် အနီရောင်သွေးများ သို့မဟုတ် ဝမ်းမည်းမည်းပါလာ သည်ကို သတိပြုမိပါက ဆရာဝန်နှင့် ချက်ချင်းပြရန် လိုအပ်ပါသည်။ အဆိုပါလက္ခဏာများသည် လိပ်ခေါင်း ရောဂါ သို့မဟုတ် အစာအိမ်နှင့်အူလမ်းကြောင်းဆိုင်ရာ ပြဿနာများအဖြစ် မကြာခဏလျစ်လျူရှု ထားလေ့ရှိသည်။ အူမကြီးကင်ဆာလူနာအများစု သည် စအိုလမ်းကြောင်းမှ သွေးထွက်လေ့ရှိတတ် သဖြင့် WHO ၏အဆိုအရ ဝမ်းထဲတွင် အနီရောင် သို့မဟုတ် ကတ္တရာစေးကဲ့သို့မည်းနက်ပြီး သွေးများပါနေသည်မှာ အူမကြီးကင်ဆာ၏ အဖြစ်များသော လက္ခဏာဖြစ်သည်။ အူလမ်းကြောင်းကို မှန်ပြောင်း ဖြင့် စောစီးစွာစုံစမ်းစစ်ဆေးခြင်းသည် ဝမ်းထဲတွင်သွေးပါနိုင်သောအကြောင်းရင်းကို ရှင်းလင်းစွာသိစေပြီး ကင်ဆာမပြန့်ပွားမီ တားဆီးကုသနိုင်သည်။
ဝမ်းဗိုက်မအီမသာဖြစ်ခြင်း
မကြာခဏဝမ်းဗိုက်အောင့်ခြင်း သို့မဟုတ် ဗိုက်နာခြင်း၊ ဝမ်းပျက်ခြင်းတို့သည် အူမကြီးကင်ဆာ၏ လက္ခဏာဖြစ်နိုင်သည်။ ဆေးဝါးကုသနေသော်လည်း ဝမ်းဗိုက်နာကျင်မှုများ ဆက်ရှိနေသောအခါ သို့မဟုတ် ဝမ်းဗိုက်အောင့်ခြင်းနှင့် တခြားသော လက္ခဏာများ ရှိနေပါက အကြောင်းရင်းကို စစ်ဆေးရန် ဆရာဝန်နှင့် ပြသသင့်ပါသည်။
ကိုယ်အလေးချိန်ကျခြင်း
ကိုယ်အလေးချိန်လျှော့ချရန် မကြိုးစားဘဲ ကိုယ်အလေးချိန်ကျခြင်းသည် ကောင်းသောလက္ခဏာ မဟုတ်ကြောင်း သတိရပါ။ ရုတ်တရက် မထင်မှတ်ဘဲ ကိုယ်အလေးချိန် ကျသွားခြင်းသည် အူမကြီးကင်ဆာ အပါအဝင် ကင်ဆာများ၏ သတိပေးလက္ခဏာဖြစ် နိုင်ပါသည်။ ကိုယ်အလေးချိန်ကျခြင်းလက္ခဏာကို ကောင်းသောအပြောင်းအလဲတစ်ခုဟု ထင်မြင်ကြပြီး မကြာခဏ လျစ်လျူရှု ထားတတ်ကြသည်။ အကယ်၍ အစားအသောက်မပြောင်းလဲဘဲ သို့မဟုတ် လေ့ကျင့်ခန်းမလုပ်ဘဲ ၁၀ ပေါင်နှင့်အထက်လျော့ကျ ခြင်းနှင့် တခြားသော အူမကြီးကင်ဆာ လက္ခဏာများ ပေါင်းစပ်ပါက စစ်ဆေးရန် ဆရာဝန်နှင့်ပြသသင့် သည်။
နာတာရှည်ပင်ပန်း နွမ်းနယ်ခြင်း
အနားယူပြီးသည့်တိုင် တစ်ချိန်လုံး ပင်ပန်းနွမ်းနယ်နေခြင်းမှာ ကင်ဆာများ၏ သတိပေး လက္ခဏာဖြစ်နိုင်သည်။ ပင်ပန်းနွမ်းနယ်ခြင်းသည် လျစ်လျူရှုထားတတ်သော လက္ခဏာဖြစ်ပြီး လူအများစုက အလုပ် ပင်ပန်းမှု သို့မဟုတ် စိတ်ဖိစီးမှုဟု သတ်မှတ်ကြသည်။ အူမကြီးကင်ဆာသည် အူမကြီးအတွင်းပိုင်းသွေးယို ခြင်းကို ဖြစ်စေနိုင်ပြီး သွေးအားနည်းရောဂါနှင့် စွမ်းအင်ကိုလျော့ကျစေသည်။ လေ့လာမှုများအရ အူမကြီး ကင်ဆာလူနာများတွင် ပင်ပန်းနွမ်းနယ်မှုကို အစော ပိုင်းလက္ခဏာအဖြစ် ခံစားရကြောင်း တွေ့ရှိခဲ့သည်။ အလုပ်များသော လူနေမှုပုံစံများအတွက် ပင်ပန်း နွမ်းနယ်မှုလက္ခဏာကို လွယ်လွယ်နှင့်မေ့ထားတတ် ကြသော်လည်း တခြားလက္ခဏာများနှင့် တွဲနေပါက သတိထားရန် လိုအပ်ပါသည်။
စောစီးစွာရှာဖွေတွေ့ရှိနိုင်သော နည်းလမ်းများ
အူမကြီးကင်ဆာဟုလည်း လူသိများသော ကင်ဆာအမျိုးအစားသည် အူမကြီးအတွင်းပိုင်းနှင့် စအို အတွင်း၌ Polyps ဟုခေါ်သည့် သေးငယ်သော အကျိတ်အဖြစ် စတင်သည်။ Polyps များသည် ကင်ဆာဖြစ်ရန် နှစ်ပေါင်းများစွာ အချိန်ယူရသော်လည်း မကုသဘဲထားလျှင် အူမကြီးနံရံမှတစ်ဆင့် ကြီးထွားလာပြီး ပြန်ရည်လမ်းကြောင်း သို့မဟုတ် သွေးကြောများမှတစ်ဆင့် တခြားအင်္ဂါများသို့ ပျံ့နှံ့ သွားနိုင်သည်။ အူမကြီးကင်ဆာသည် ကြိုတင်ကာကွယ်နိုင်သည်။ အူမကြီးကင်ဆာစစ်ဆေးမှုသည် ကုသ၍ရနိုင်သော အကောင်းဆုံးအချိန်၌ အူမကြီးကင်ဆာကို စောစီးစွာသိရှိရန်၊ Polyps များကိုဖော်ထုတ်ရန်နှင့် ဖယ်ရှားရန် ရည်ရွယ်သည်။
FIT (fecal immunochemical test)ကဲ့သို့ ဝမ်းအခြေခံ စစ်ဆေးမှုများသည် ဝမ်းအတွင်းသွေးပါခြင်းကို ရှာဖွေနိုင်ပြီး အူလမ်းကြောင်းကို မှန်ပြောင်းဖြင့် စစ်ဆေးခြင်း(colonoscopies) ကဲ့သို့သော ပုံမှန် စစ်ဆေးမှုများသည် အူမကြီးကို တိုက်ရိုက်မြင်နိုင်စေရန်နှင့် ကင်ဆာမဖြစ်မီတွင် Polyps များကို ရှာဖွေ ဖယ်ရှားနိုင်သည်။ လူအများစုသည် အသက် ၄၅ နှစ် ကျော်ပြီးနောက် မကြာမီတွင် အူမကြီးကင်ဆာကို စတင်စစ်ဆေးသင့်ပြီး ပုံမှန်ကြားကာလများတွင် ဆက်လက်စစ်ဆေးသင့်သည်။ သို့သော် မိသားစု ကင်ဆာရောဂါရာဇဝင် သို့မဟုတ် လူနေမှုပုံစံအရ ဖြစ်နိုင်ခြေရှိသောသူများအတွက် တခြားသူများထက်စောပြီး မကြာခဏစစ်ဆေးရန် လိုအပ်နိုင်သည်။
မကြာသေးမီက လေ့လာမှုများအရ အရွယ်ရောက်ပြီးသူများတွင် အူမကြီးကင်ဆာဖြစ်ပွားမှု ပိုများလာခြင်းနှင့် ပတ်သက်၍ ကျွမ်းကျင်သူများက ကြိုတင်ကာကွယ်သည့် လူနေမှုပုံစံ ပြောင်းလဲခြင်းကို အလေးပေးလာကြသည်။ စစ်ဆေးမှုနှင့် ကုသခြင်းဆိုင်ရာ တိုးတက်မှုများကြောင့် အူမကြီးကင်ဆာ အတွက် အသက်ရှင်နှုန်းသည် မကြာသေးမီနှစ်များ အတွင်း သိသိသာသာ တိုးတက်လာခဲ့သည်။
အနှစ်ချုပ်ရသော် အူမကြီးကင်ဆာရောဂါ လက္ခဏာများသည် မသိသာခြင်း သို့မဟုတ် မကြာခဏလျစ်လျူ ရှုထားလေ့ရှိခြင်း၊ တခြားအခြေအနေများ အတွက် လွဲမှားနိုင်ခြင်းတို့ကြောင့် စောစီးစွာသိရှိနိုင်ရန် အရေးကြီးပါသည်။ အထူးသဖြင့် မိသားစုကင်ဆာ ရောဂါရာဇဝင် သို့မဟုတ် လူနေမှုပုံစံအရ ကင်ဆာ ဖြစ်နိုင်ခြေရှိသော သူများအတွက် ပုံမှန်စစ်ဆေးမှုများသည် အသက်ရှင်သန်မှုနှုန်းကို သိသိသာသာတိုးတက် စေပြီး ပိုမိုထိရောက်သော ကုသမှုရလဒ်များကို ဖြစ်ပေါ်စေနိုင်သည်။ သို့ဖြစ်၍ ရောဂါရှာဖွေသိရှိမှု နောက်ကျခြင်းများကို လျှော့ချရန်နှင့် အချိန်မီ ထိရောက်သော ကုသမှုရရှိရန်အတွက် အူမကြီးကင်ဆာ၏ အဖြစ်များသော လက္ခဏာများကို သိရှိ နားလည်စေရန် အသိပညာ ဖြန့်ဝေလိုခြင်းဖြစ်ပါသည်။
