မြန်မာ့ပေါ်ဆန်း တစ်ခေတ်ဆန်းရမည်
Posted_Date
Image
Body
ပေါ်ဆန်းစပါး၏ သမိုင်းကြောင်း
မြန်မာ့ပေါ်ဆန်း၏ သမိုင်းကြောင်းကို ပြန်ကြည့်မည်ဆိုရင်ဖြင့် ပေါ်ဆန်းစပါးသည် မြန်မာနိုင်ငံတွင် စိုက်ပျိုးသည့် ဒေသစပါးမျိုး တစ်မျိုးဖြစ်သည်။ မြန်မာ့ပေါ်ဆန်း၏ မူရင်းဒေသ၊ တစ်နည်းအားဖြင့် ပေါ်ဆန်း၏အိမ်သည် ဧရာဝတီတိုင်းဒေသကြီးမှဖြစ်သည်။ မြန်မာ့ပေါ်ဆန်းကို ၁၉၄၄ ခုနှစ်တွင် မြောင်းမြခြံ၌ single plant selection နည်းကိုအသုံးပြု၍ စတင်ထုတ်လုပ်ခဲ့သည်။ ထို့ကြောင့် ပေါ်ဆန်းစပါးမျိုးသည် နှစ်ပေါင်း ၈၀ ကျော်ကြာခဲ့ပြီဖြစ်သည်။ ၁၉၅၅ ခုနှစ်တွင် ပေါ်ဆန်းရင်မျိုးကို လည်းကောင်း၊ ၁၉၆၀ ပြည့်နှစ်တွင် ပေါ်ဆန်းဘေးကျားမျိုးကို လည်းကောင်း စတင်ထုတ်လုပ်နိုင်ခဲ့သည်။ ယခုအခါ မြန်မာနိုင်ငံ၏ ဆန်စပါးဈေးကွက်တွင် စားသုံးမှုမြင့်မားသောဆန်များထဲတွင် ရွှေဘိုပေါ်ဆန်းသည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။ ၁၉၉၇-၁၉၉၈ ခုနှစ်ခန့်က ရွှေဘိုမြို့နယ် သီးလုံးကျေးရွာရှိ တောင်သူတစ်ဦးက ဧရာဝတီတိုင်းမှ ပေါ်ဆန်းမျိုးလေးပြည်ယူဆောင်၍ စတင်စမ်းသပ်စိုက်ပျိုးရာမှ ရွှေဘိုပေါ်ဆန်းဖြစ်ပေါ်လာရခြင်းဖြစ်သည်။ မျိုးရိုးဗီဇပညာရှင်များက ရွှေဘိုပေါ်ဆန်း၏ မျိုးဗီဇများကို စစ်ဆေးကြည့်ရာ “ဖျာပုံပေါ်ဆန်း”၏ မျိုးဗီဇနှင့်ကိုက်ညီကြောင်း လေ့လာတွေ့ရှိခဲ့ကြသည်။ ထို့ပြင် ပေါ်ဆန်းမွှေးသည် ရှေးမြန်မာမင်းများ လက်ထက်စိုက်ပျိုးခဲ့သည့် ကောက်ကြီး(၁၂၆)မျိုးထဲက ငကျွဲမျိုးဖြစ်နိုင်သည်ဟု ပညာရှင်များက ကောက်ချက်ချထားသည်။
ပေါ်ဆန်း၏ ထူးခြားသောအရည်အချင်းလက္ခဏာများနှင့် စိုက်ပျိုးထုတ်လုပ်မှု အခြေအနေ
မြန်မာနိုင်ငံသည် စပါးဗီဇအရင်းအမြစ် ပေါကြွယ်ဝသော နိုင်ငံတစ်နိုင်ငံဖြစ်သည်။ အဆိုပါ ဗီဇအရင်းအမြစ်အနက် ပေါ်ဆန်းစပါးမျိုးသည် အရည်အသွေးကောင်းမွန်သဖြင့် အလွန်ကျော်ကြားသည့် စပါးမျိုးတစ်မျိုးဖြစ်သည်။ မြန်မာနိုင်ငံတွင် ရွှေဘိုပေါ်ဆန်း၊ ပေါ်ဆန်းဘေးကျား၊ ပေါ်ဆန်းကြီး၊ပေါ်ဆန်းရင်နှင့်ပေါ်ဆန်းမွှေး အစရှိသည့် ပေါ်ဆန်းစပါးမျိုးများ ၁၉ မျိုးရှိကြောင်း လေ့လာမှတ်သားရသည်။ ပေါ်ဆန်းစပါးမျိုးများ၏ အဓိကအရည်အချင်း လက္ခဏာများမှာ ဆန်အရည်အသွေး ကောင်းမွန်ခြင်း၊ စားသုံးရာတွင် နူးညံ့ပျော့ပျောင်းခြင်း၊ သင်းပျံ့သောမွှေးရနံ့ရှိခြင်း အစရှိသည့် အရည်အချင်းများ ပိုင်ဆိုင်ထားသည်။ ထိုသို့ အရည်အသွေးကောင်းသည့် အရည်အချင်းလက္ခဏာများရှိသည့် ပေါ်ဆန်းစပါးမျိုးကွဲအလိုက် စိုက်ပျိုးထုတ်လုပ်မှုများမှာ ၂၀၂၄ ခုနှစ် မိုးစပါးရာသီတွင် တစ်နိုင်ငံလုံး ပေါ်ဆန်းစပါးမျိုး ဧက ၁ ဒသမ ၄ သန်းကျော် စိုက်ပျိုးရိတ်သိမ်းခဲ့ပြီး အထွက်တင်းပေါင်း ၁၀၄ သန်းကျော်ထွက်ရှိခဲ့သည်။ ၎င်းအနက် ဧရာဝတီတိုင်းဒေသကြီးတွင် ၂၀၂၄ ခုနှစ် မိုးစပါးရာသီတွင် ဧက ၇ သိန်းကျော် စိုက်ပျိုးရိတ်သိမ်းခဲ့ပြီး အထွက်တင်းပေါင်း ၅၃၁ သိန်းကျော်ထွက်ရှိခဲ့သည်။
ထို့ကြောင့် ဧရာဝတီတိုင်းဒေသကြီး၏ ပေါ်ဆန်းစိုက်ပျိုးထုတ်လုပ်မှုသည် တစ်နိုင်ငံလုံး ပေါ်ဆန်းစပါးစိုက်ပျိုးထုတ်လုပ်မှု၏ ၅၁ ရာခိုင်နှုန်းကျော်ရှိကြောင်း တွေ့ရှိရသည်။ ပေါ်ဆန်းစပါးမျိုးများအနက် ပေါ်ဆန်းရင်သည် စိုက်ပျိုးမှုအများဆုံးဖြစ်ကြောင်းလည်း တွေ့ရှိရသည်။
ပေါ်ဆန်းအရည်အသွေးနှင့် စိုက်ချိန်၊ ရာသီပတ်သက်ဆက်နွှယ်မှု
မြန်မာ့ပေါ်ဆန်းသည် ရာသီစပါးမျိုးဖြစ်ပြီး ပုံမှန်အားဖြင့် ဇူလိုင်လ(တတိယပတ်)တွင် ပျိုးထောင်စိုက်ပျိုးပါက အောက်တိုဘာလ တတိယပတ်သန္ဓေကပ်ပြီး နိုဝင်ဘာလတတိယပတ်တွင် ပန်းပွင့်၍ ဒီဇင်ဘာလတတိယပတ်တွင် ရိတ်သိမ်းနိုင်သဖြင့် သက်တမ်း ၁၅၀ ရက်ခန့်ရှိသည်။ အပင်အရပ်မြင့်ပြီး အရွက်ပျော့၍နွဲ့သဖြင့် အထွက်ကောင်းစပါးမျိုးများကဲ့သို့ စိပ်စိပ်စိုက်ပါက အပင်ဟုန်ပြီး ယိုင်လဲတတ်သည်။ ပုံမှန်ထက် စောစောစိုက်ပါက သက်တမ်းရှည်ပြီး အပင်အရပ်မြင့်သဖြင် သီးပွင့်ရင့်မှည့်ချိန်တွင် လေဒဏ်၊ မိုးဒဏ်၊ ဆီးနှင်းဒဏ်တို့ကြောင့် အပင်ယိုင်လဲ ထိခိုက်ပျက်စီးစေသည်။ ထို့ကြောင့် ပန်းပွင့်ချိန်နောက်ကျမှု မရှိစေရန်နှင့် ရာသီဥတုဖောက်ပြန်ခြင်းနှင့် ကြုံတွေ့မှုမရှိစေရန် ပျိုးထောင်စိုက်ပျိုးမည့် အချိန်များကို မှန်ကန်စွာရွေးချယ် စိုက်ပျိုးနိုင်မှသာ အထွက်နှုန်းတိုးတက်ပြီး အရည်အသွေးကောင်းမွန်မည်ဖြစ်သည်။ ထို့ပြင် နိုင်ငံတကာဈေးကွက်တွင် အဓိကရောင်းချလျက်ရှိသည့် ထိုင်းနိုင်ငံမှ ဂျက်စမင် (Jasmine)မျိုးနှင့် အိန္ဒိယနိုင်ငံမှ ဘာစမာတီ (Basmati) မျိုးများသည် အမွှေး၊ အနံ့၊ အရသာကောင်းမွန်ကြောင်း တွေ့ရှိရသည်။ ကျွန်တော်တို့ မြန်မာပေါ်ဆန်းများသည် (၂ အေမီ အမွှေးနံ့ဒြပ်ပေါင်း) ထွက်ရှိကြောင်း မှတ်သားရသည်။ ထို့ကြောင့် မွှေးရနံ့သင်းပျံ့သော ပေါ်ဆန်းများဖြစ်ပေါ်စေရန် နေ့အပူချိန် ၃၀ ဒီဂရီစင်တီဂရိတ်မှ ၃၅ ဒီဂရီစင်တီဂရိတ်နှင့် ညအပူချိန် ၂၂ ဒီဂရီစင်တီဂရိတ်မှ ၂၅ ဒီဂရီစင်တီဂရိတ်အတွင်း နေ့နှင့်ညအပူချိန်ကွာခြားချက် ၁၀ ဒီဂရီစင်တီဂရိတ်မှ ၁၅ ဒီဂရီစင်တီဂရိတ်ရှိပါက (၂ အေမီ အမွှေးနံ့ဒြပ်ပေါင်း) ဖြစ်ပေါ်မှုအမြင့်ဆုံးဖြစ်ကာ မွှေးရနံ့သင်းသောပေါ်ဆန်းမွှေးများရရှိနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။ အမွှေးနံ့ကို ဖြစ်ပေါ်စေသည့်ဗီဇသည် ရေငတ်ဒဏ်ခံနိုင်ခြင်း၊ ဆားငန်ဒဏ်ခံနိုင်ခြင်း စသည့်အရည်အသွေးများနှင့် ဆက်စပ်လျက်ရှိကြောင်းလည်း သိရပေသည်။ ထို့ပြင် အမွှေးနံ့ကို ဖြစ်ပေါ်စေသည့် ဗီဇသည်ငုပ်လျှိုးဗီဇဖြစ်ခြင်းကြောင့် ယင်းဗီဇကို ထိန်းသိမ်းရွေးချယ်နိုင်မည့် နည်းပညာ၊ သုတေသန၊ ပညာရှင်တို့အင်အား အသုံးချကာ ပေါ်ဆန်းစပါးဖွံ့ဖြိုး တိုးတက်ရေးကို ဆောင်ရွက်သွားရမည်ဖြစ်ပေသည်။
စိုက်နည်းစနစ်
မျိုးရွေးချယ်ရာတွင် တစ်ဧက မျိုးသန့်မျိုးစေ့တစ်တင်းနှုန်းသုံးပါ။ ပျိုးထောင်စိုက်ပျိုးခြင်းစနစ်ကို ကျင့်သုံးပါ။ မြေပြုပြင်ခြင်းသည် သီးနှံကာလတစ်လျှောက်လုံးတွင် အရေးကြီးသော လုပ်ငန်းတစ်ခုဖြစ်သဖြင့် မြေပြုပြင်ရာတွင် စက်ဖြင့်လည်းကောင်း၊ နွားဖြင့်လည်းကောင်း တမန်းကောင်းပြီး မြေအနိမ့်အမြင့် ညီညာအောင် ပြုပြင်ထားရမည်။ မြေချဉ်ငန်ဓာတ် (pH) ၅ ဒသမ ၅ မှ ၇ ဒသမ ၅ ကြားရှိသော မြေမျိုးကိုရွေးချယ်စိုက်ပျိုးသင့်သည်။ ပျိုးခင်းကိုမြေဆီဩဇာ ထက်သန်သောနေရာတွင် ပြုလုပ်ပါ။ ပျိုးသက် (၂၀-၂၅)ရက်သားတွင် ချက်ချင်းနုတ်၍ ချက်ချင်းရွှေ့ပြောင်းစိုက်ပျိုးပါ။
စိုက်ပျိုးရာတွင် တစ်ဧကကောက်ကွက်(၁-၁ ဒသမ ၃)သိန်းခန့် ဝင်ဆံ့အောင်တန်းကြား x ပင်ကြားအကွာအဝေးအား (၈ x ၈ )လက်မ သို့မဟုတ် (၈ x ၆) လက်မ ဖြင့် ကောက်ကွက်တစ်ကွက်လျှင် လက်ဆ (၂-၃)ပင်နှုန်း စိုက်ပျိုးပါ။ အပင်ပေါက်ပြီး နောက်နှစ်ပတ်အတွင်း အပင်ငယ်များ ရေမမြုပ်စေရန် သတိပြုပါ။ ရေသွင်းရေထုတ်မှန်ကန်စေပြီး ရေသွင်းရေခန်းစနစ်ကို ကျင့်သုံးပါ။ မှိုကပ်ချိန်နှင့် ရင့်မှည့်ချိန်အကြားတွင် သွင်းရေလုံလောက်အောင်ပြုလုပ်ပေးပါ။ စိုက်ပြီး ငါးရက်အတွင်း ယူရီးယား (၁/၂)အိတ်နှုန်းဖြင့် ပထမအကြိမ်၊ စိုက်ပြီး ၂၀ ရက်တွင် ယူရီးယားတစ်အိတ်နှုန်းဖြင့် ဒုတိယအကြိမ်၊ စိုက်ပြီး ၅၀ ရက်တွင် ယူရီးယား (၁/၂)အိတ်နှင့် ပိုတက်(၁/၄)အိတ်နှုန်းဖြင့် တတိယအကြိမ်၊ အလံရွက်ထွက်ချိန်တွင် ပိုတက်(၁/၂)အိတ်နှုန်းဖြင့် စတုတ္ထအကြိမ် စုစုပေါင်းလေးကြိမ် ထည့်သွင်းပါ။ အပင်တွင် ပိုးမွှားနှင့်ရောဂါများ ကျရောက်ပါက ဘက်စုံပိုးမွှားရောဂါကာကွယ်နှိမ်နင်းနည်းစနစ်ကို ကျင့်သုံးပါ။ ပေါင်းမြက်များကို တတ်နိုင်သမျှ သေချာစွာရှင်းလင်းပါ။
ပေါ်ဆန်း၏ ပြည်တွင်းပြည်ပဈေးကွက် အလားအလာ
ပေါ်ဆန်းဆန်၏ ပြည်တွင်းပြည်ပဈေးကွက် အလားအလာများကို သုံးသပ်ရမည် ိုပါက ပြည်တွင်းဈေးကွက် အလားအလာတွင် ဧရာပေါ်ဆန်းစားသုံးမှုမှာ ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် လည်းကောင်း၊ ရွှေဘိုပေါ်ဆန်း စားသုံးမှုကို နေပြည်တော်ကောင်စီနယ်မြေ၊ မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် လည်းကောင်းစားသုံးမှု အများဆုံးရှိသည်ကို တွေ့ရှိရသည်။ ပြည်ပဈေးကွက်တင်ပို့မှု အစောဆုံးကာလမှာ ၂၀၀၁ -၂၀၀၂ ခုနှစ်ဖြစ်ကြောင်းလည်း တွေ့ရှိရသည်။ မြန်မာပေါ်ဆန်းသည် နိုင်ငံတကာပြည်ပတင်ပို့မှုများတွင် ကောင်းမွန်သော သမိုင်းကြောင်းများရှိခဲ့သည်။ ၂၀၀၉ ခုနှစ် ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပခဲ့သည့် ကမ္ဘာ့ဆန်စပါးညီလာခံ (2009 World Rice Conference) တွင် ဖျာပုံပေါ်ဆန်းဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ တတိယဆုရရှိခဲ့သည်။ ၂၀၁၁ ခုနှစ် အောက်တိုဘာလ ၂၁ ရက် ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့တွင် ကျင်းပသော အပြည်ပြည်ဆိုင်ရာဆန်စပါးညီလာခံတွင် ကမ္ဘာ့အကောင်းဆုံးဆန်(World Best Rice) အဖြစ် ရွေးချယ်သတ်မှတ်ခံရသည်။ ကမ္ဘာတွင် မြန်မာ့ပေါ်ဆန်းကို “မြန်မာ့ပုလဲစပါး”ဟု အသိအမှတ်ပြုထားသည်။ နိုင်ငံတကာဈေးကွက်တွင် မြန်မာ့ဆန်သည် အရည်အသွေး ကောင်းမွန်သော်လည်း အမှတ်တံဆိပ်အားနည်းခြင်း၊ ထုတ်လုပ်မှုစနစ် မခိုင်မာခြင်းတို့ကြောင့် ဈေးကွက်ဝေစုနည်းပါးနေသေးသည်။ စိုက်ပျိုးထုတ်လုပ်မှုအပေါ် အခြေခံ၍ ရောင်းလိုအား၊ ဝယ်လိုအား ချိန်ခွင်လျှာညှိဆောင်ရွက်နိုင်ပါက ပြည်ပဈေးကွက်တွင် အခွင့်အလမ်းကောင်းများစွာ ရရှိမည်ဖြစ်သည်။ ကျွန်တော်တို့၏ မြန်မာ့ဆန်ကို အဓိကတင်သွင်းသော နိုင်ငံများမှာ တရုတ်နိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံနှင့် ဥရောပနိုင်ငံများဖြစ်ကြသည်။ ပြည်ပနိုင်ငံများရှိ မြန်မာ့ဆန်၏ဈေးကွက် ဝေစုအချိုးမှာ တရုတ်နိုင်ငံတွင် ၂၁ ရာခိုင်နှုန်း၊ ဘယ်လ်ဂျီယံနိုင်ငံတွင် ၂၇ ရာခိုင်နှုန်း၊ ဖိလစ်ပိုင်နိုင်ငံတွင် ၄ ရာခိုင်နှုန်းနှင့် အင်ဒိုနီးရှားနိုင်ငံတွင် ၅ ရာခိုင်နှုန်းတို့အသီးသီးရှိသည်ကို တွေ့ရသည်။
မြန်မာ့ဆန်ဝယ်လိုအား အများဆုံးနှင့် ဈေးကွက်အလားအလာအရှိဆုံးနိုင်ငံများမှာ တရုတ်နိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ မလေးရှားနိုင်ငံနှင့် ဆော်ဒီအာရေဗျနိုင်ငံတို့ဖြစ်သည်။
ထို့ကြောင့် မြန်မာ့ပေါ်ဆန်းကို ပြည်တွင်းဈေးကွက်တွင်သာမက ပြည်ပဈေးကွက်တွင် တစ်ခေတ်ဆန်း ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ မြို့တော်ခန်းမတွင် ပေါ်ဆန်းဖိုရမ် ၂၀၂၅ ကို မတ်လ ၅ ရက်မှ ၆ ရက်အထိကျင်းပခဲ့သည်။
ပေါ်ဆန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထည့်သွင်းစဉ်းစားသင့်သည်များ
ပေါ်ဆန်းကဏ္ဍ တစ်ခေတ်ဆန်းစေရေးအတွက် ပုံမှန်မျိုးမွေးမြူ ကူးစပ်ခြင်း နည်းပညာအပြင် မော်လီကျူလာနည်းပညာ ကဏ္ဍသည်လည်း လွန်စွာ အရေးပါလာပြီ ဖြစ်ပေသည်။ ထို့အတူ သုတေသီပညာရှင်များအတွက် သုတေသနပြုနိုင်မည့် အခြေအနေကို ဖန်တီးပေးရမည်ဖြစ်သည့်အပြင် ဦးနှောက်သာမက နှလုံးသားပါကြီးမားသည့် ပညာရှင်များ၏ အားများလည်း လိုအပ်လှပေသည်။
ပေါ်ဆန်းကဏ္ဍ အောင်မြင်ရေးအတွက် မျိုးစေ့စနစ်၏ အရေးပါမှုကိုလည်း သိရှိနားလည်၍ စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်ကြရပေမည်။ သို့မှသာ ခိုင်မာ၍ ရေရှည်တည်တံ့သော မျိုးစေ့စနစ်တည်ဆောက်နိုင်၍ အောင်မြင်သော ပေါ်ဆန်းကဏ္ဍဆီ ဦးတည်နိုင်မည်ဖြစ်သည်။ စိုက်ပျိုးရေးအသွင် ကူးပြောင်းရေးဆောင်ရွက်ရာတွင် ရပ်မိရပ်ဖများ၊ လုပ်ငန်းရှင်များ၊ တောင်သူများအားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်ရမည်ဖြစ်ပေသည်။ ထို့ပြင် တိုင်းဒေသကြီးအလိုက်တည်ရှိသည့် ပေါ်ဆန်းမျိုးများအားလုံးကိုလည်း မျိုးစေ့ဘဏ်အတွင်း ထိန်းသိမ်းထားရန်လည်း လိုအပ်ပြီး လူသားအရင်းအမြစ် ဖွံ့ဖြိုးရေးကဏ္ဍကိုလည်း မြှင့်တင်ပေးရမည် ဖြစ်ပေသည်။
ယခုကျင်းပခဲ့သော ပေါ်ဆန်းဖိုရမ် ၂၀၂၅ မှသည် ကျွန်ုပ်တို့၏ မြန်မာ့ပေါ်ဆန်းတစ်ခေတ် ဆန်းစေရန်အတွက် လက်ရှိဒေသ ပေါ်ဆန်းစပါးမျိုးများကို အဆင့်မြင့်မျိုးမွေးမြူသည့် နည်းပညာများနှင့်ပေါင်းစပ်၍ မူလပေါ်ဆန်း အရည်အသွေးမပျက် မွေးမြူထုတ်လုပ်ခြင်း၊ မျိုးအသစ်များကို ကာကွယ်ခွင့်ရယူ၍ စားသုံးသူအကြိုက်နှင့် ဈေးကွက်အပေါ်မူတည်၍ စိုက်ပျိုးထုတ်လုပ်ခြင်း၊ ဥပဒေမူဘောင် လုပ်ထုံးလုပ်နည်းများနှင့်အညီ အစီအမံများချမှတ်ခြင်း၊ စိုက်ပျိုးထုတ်လုပ်မှု မြှင့်တင်ခြင်းတို့ကို တစိုက်မတ်မတ် လုပ်ဆောင်ရမည်။
ထို့ပြင် ပြည်ပဈေးကွက် ယှဉ်ပြိုင်နိုင်စွမ်းကောင်းစေရန်အဓိက လိုအပ်ချက်များဖြစ်သည့် Geographical Indication(GI) ဒေသဆိုင်ရာအညွှန်းရရှိရန်၊ ရောင်းသူဝယ်သူများအကြား ရိုးသားမှုဖြင့် ယုံကြည်မှုတည်ဆောက်ရန်၊ ဆန်၏အရည်အသွေးကို စဉ်ဆက်မပြတ် ထိန်းသိမ်းနိုင်ရန် စသည်တို့ကို စိုက်ပျိုးသည်မှ စားသုံးသူလက်ဝယ်ရောက်ရှိသည်အထိ ထုတ်လုပ်မှုကွင်းဆက်တစ်လျှောက်တွင် ပါဝင်သူအားလုံးအချင်းချင်း ပူးပေါင်းချိတ်ဆက် ဆောင်ရွက်ခြင်းဖြင့် ပြည်ပဈေးကွက်တွင် “မြန်မာ့ပေါ်ဆန်း တစ်ခေတ်ဆန်းရမည်”ဟု ဆန္ဒပြုရေးသား တိုက်တွန်း လိုက်ရပါသည်ခင်ဗျား။ ။
MWD
