မိနစ်တိုင်းကို တန်ဖိုးထားလို့ လေဖြတ်ခြင်းကို အချိန်မီကာကွယ်ကုသစို့

Posted_Date

Image

မိနစ်တိုင်းကို တန်ဖိုးထားလို့ လေဖြတ်ခြင်းကို အချိန်မီကာကွယ်ကုသစို့

Body

လေဖြတ်ခြင်းဘယ်နှစ်မျိုးရှိသလဲ

      လေဖြတ်ခြင်းသည်  ဦးနှောက်တွင်းသွေးကြောများ စီးဆင်းမှုပုံမမှန်ခြင်းကြောင့်ဖြစ်ရသော ဦးနှောက် အာရုံကြောရောဂါဖြစ်သည်။ ၈၅ ရာခိုင်နှုန်းသည် ဦးနှောက်တွင်း  သွေးကြောပိတ်၍  ဦးနှောက်ဆဲလ်များ  အောက်ဆီဂျင်နှင့်  အာဟာရများမရတော့ဘဲ သေဆုံးသွားသောကြောင့်ဖြစ်ရပြီး ကျန်သော ၁၅ ရာခိုင်နှုန်းမှာ ဦးနှောက်တွင်း သို့မဟုတ် ဦးနှောက် အမြှေးပါးအောက် သွေးကြောပေါက်သွေးယိုစီးခြင်းကြောင့် ဖြစ်ရသည်။

တချို့သောသူများတွင် သွေးကြောခဏတာပိတ်ဆို့ ၍ လေဖြတ်ဝေဒနာကို မိနစ်ပိုင်း၊ နာရီပိုင်းသာ ခံစားရပြီး  ပြန်လည်ကောင်းမွန်သွားကြသော်လည်း  ထို ကဲ့သို့  ခဏတစ်ဖြုတ်လေဖြန်းခြင်းသည်  နောင်တစ်ချိန် လေဖြတ်နိုင်ခြေရှိကြောင်းဖော်ပြသည့် သတိပေး လက္ခဏာတစ်ခုဖြစ်သည်။

လေဖြတ်လျှင် ဘယ်လိုတွေခံစားရနိုင်သလဲ

      လေဖြတ်ဝေဒနာခံစားရပါက    ဦးနှောက်တွင်း သွေးကြာပိတ်၊ သွေးကြောပေါက်သည့်နေရာပေါ် မူတည်၍ လက္ခဏာများ ကွဲပြားနိုင်သည်။ များသော အားဖြင့်  ရုတ်တရက်  မျက်နှာတစ်ခြမ်းရွဲ့သွားခြင်း၊ ရေသောက်လျှင်  နှုတ်ခမ်းထောင့်မှ   ရေပြန်ကျခြင်း၊ မျက်လုံးရုတ်တရက်မမြင်ခြင်း၊ မြင်ကွင်းအပြည့် မမြင်ရတော့ခြင်း၊ အစာမျိုချရန်ခက်ခြင်း၊ စကားလေး သွားခြင်း၊   စကားပြောရန်   စကားလုံးရှာမရခြင်း၊ သူတစ်ပါးပြောစကားကို   နားမလည်ခြင်းတို့အပြင် ခြေလက်အားနည်းခြင်း၊  ဆီးဝမ်းသွားရခက်ခဲခြင်း၊ မထိန်းနိုင်ခြင်းနှင့်အတူ ခေါင်းမူး၊ ခေါင်းကိုက်ဝေဒနာများ ခံစားရနိုင်သည်။

ဦးနှောက်နောက်ပိုင်းတွင် သွေးကြောပိတ်၊ ပေါက်ပါက ခေါင်းမူး၊ ပျို့အန်ခြင်း၊ ပုံရိပ်နှစ်ထပ်မြင်ခြင်း၊ ခန္ဓာကိုယ်ဟန်ချက်မထိန်းနိုင်ခြင်း၊ အစာမျိုချရန်ခက် ခြင်း၊ သတိလစ်ခြင်း၊ သွေးပေါင်အတက်အကျမမှန် ခြင်းနှင့် အသက်ရှူရခက်ခဲခြင်းဝေဒနာများ ခံစားရတတ်သည်။ ဦးနှောက်သွေးကြောပေါက် သွေးယိုစီးမှု ဖြစ်ပါက  ဦးခေါင်းတွင်းဖိအားများလာသောကြောင့် ခေါင်းကိုက်ခြင်း၊  အန်ခြင်း၊  တက်ခြင်း၊  သတိလစ် ခြင်းများ ခံစားရသည်။ ပုံမှန်အားဖြင့် ရောဂါဝေဒနာ ပြင်းထန်ပြီး အသက်အန္တရာယ်ပိုရှိသည်။

အထက်ပါဝေဒနာခံစားရတိုင်း လေဖြတ်တာဖြစ်နိုင်သလား

      ဦးနှောက်အတွင်းအကြိတ်ရှိခြင်း၊ ပြည်တည်ခြင်း၊ ဦးနှောက်ရောင်ခြင်းနှင့် ဦးနှောက်အတွင်းရှိ တခြားသောရောဂါများတွင်လည်း အထက်ပါလက္ခဏာများ ခံစားရနိုင်သည်။   သို့ရာတွင်   ထိုလက္ခဏာများကို  ကျန်းမာရေးကောင်းနေရာမှ ရုတ်တရက်ခံစားရပါက လေဖြတ်သည်ဟု ယူဆနိုင်သည်။ ပို၍သေချာစေရန် ဦးနှောက်ကွန်ပျူတာဓာတ်မှန်ရိုက်၍    ဆုံးဖြတ်နိုင် မည်ဖြစ်သည်။

ဘာကြောင့်လေဖြတ်ရသလ

      ဦးနှောက်တွင်းရှိ သွေးကြောနံရံများသည် အဆီ များနှင့် ထူလာပြီး သွေးကြောများ ပိတ်လာသကဲ့သို့ လည်ပင်းနှင့် နှလုံးအထွက်ရှိ သွေးကြောမကြီးများ၏ နံရံမှ   အဆီဖတ်များ၊  သွေးခဲများ၊   နှလုံးအတွင်းရှိ သွေးခဲများပြုတ်ထွက်ကာ ဦးနှောက်သွေးကြောများကို    လာ၍ပိတ်ဆို့ခြင်းဖြင့်လည်း   သွေးကြောပိတ် လေဖြတ်ရောဂါကို  ခံစားရနိုင်သည်။  တစ်ခါတစ်ရံ သွေးတွင်းဆဲလ်များ များ၍လည်းကောင်း၊ သွေးခဲစေ သည့် ဓာတ်သဘာဝများ များလာခြင်းကြောင့်လည်း ကောင်း  သွေးများပျစ်ခြင်း၊  အရေပြားလေးဖက်နာ ကဲ့သို့သောရောဂါများနှင့် HIV၊ ကာလသားရောဂါ၊ အသည်းရောင်ဘီပိုး၊  စီပိုးစသောရောဂါများကြောင့်  သွေးကြောနံရံများ ရောင်ရမ်းခြင်းတို့သည်    သွေးကြောပိတ်လေဖြတ်ရောဂါကို ဖြစ်စေသည်။

ဦးနှောက်သွေးကြောများတွင် သွေးပေါင်မြင့်တက်၍ သွေးကြောများပေါက်ခြင်း၊ မွေးရာပါသွေးကြောထုံး၊   သွေးကြောအလုံးများရှိ၍   ပေါက်ထွက်ခြင်း၊ သွေးကျဲဆေးများ သောက်သုံးခြင်း၊ မူလက သွေးယို စီးရောဂါရှိခြင်း၊ အရက်အလွန်အကျွံသောက်သုံးခြင်း တို့သည်  ဦးနှောက်တွင်  သွေးယိုစီးလေဖြတ်ခြင်းကို ခံစားရစေသည်။   လူငယ်များတွင်   စိတ်ကြွမူးယစ် ဆေးသောက်သုံးခြင်းကြောင့်လည်း ဦးနှောက်တွင်း သွေးကြောပေါက်လေဖြတ်ဝေဒနာကို   ခံစားရနိုင်သည်။

ဘယ်လိုလူများတွင် သွေးကြောပိတ် လေဖြတ်ရောဂါပိုဖြစ်နိုင်သလဲ

     လေဖြတ်ရောဂါအများစုမှာ သွေးကြောပိတ်ခြင်း ကြောင့်ဖြစ်ရပြီး သွေးကြောနံရံများ ထူထဲလာခြင်း၊ အဆီဖတ်များစုပုံလာခြင်းသည် အဓိကအကြောင်း အရင်းဖြစ်သည်။ မိသားစုဝင်များတွင် လေဖြတ်ဖူး ခြင်း၊ မျိုးရိုးတွင် လေဖြတ်စေတတ်သော မျိုးရိုးဗီဇရှိ ခြင်းတို့ကြောင့် လေဖြတ်နိုင်ခြေရှိသည့်အပြင် အသက် ၅၅ နှစ်နှင့်အထက် အမျိုးသားများတွင် ပို၍ဖြစ်နိုင်သည်ကို  တွေ့ရသည်။  သွေးတိုး၊  နှလုံး၊  ဆီးချိုရောဂါ နှင့် သွေးတွင်းအဆီများခြင်းသည် လေဖြတ်ခြင်းကိုဖြစ် စေနိုင်သကဲ့သို့ အရက်အလွန်အကျွံ သောက်သုံးခြင်း၊ ဆေးလိပ်သောက်ခြင်း၊ ကိုယ်လက်လှုပ်ရှားမှုမရှိခြင်း၊ အထိုင်များခြင်း၊ စားသောက်မှုပုံစံမမှန်ခြင်း၊ အမျိုးသမီးများ  သန္ဓေတားဆေးသုံးစွဲခြင်းတို့သည်  သွေးကြော ပိတ်လေဖြတ်ခြင်းကို ဖြစ်စေနိုင်သည်။

လေဖြတ်ရောဂါကိုကာကွယ်၍ ရနိုင်သလား

     လေဖြတ်စေနိုင်သော    အကြောင်းအရင်းများကို သိရှိပြီး    ကြိုတင်ရှောင်ကြဉ်၊   ကုသထားခြင်းဖြင့် ကာကွယ်နိုင်မည်ဖြစ်သည်။  နေထိုင်စားသောက်မှု ပုံစံကို  ကျန်းမာစေသော  နေထိုင်စားသောက်မှုပုံစံသို့ ပြောင်းလဲသင့်သည်။ ချိုလွန်းသော အစားအစာများ၊ အချိုရည်များကို ရှောင်ကြဉ်ခြင်း၊ အဆီလျှော့စားခြင်း၊ အုန်းနို့၊ ဆီကြော်စာ၊ ထောပတ်၊ ဒိန်ခဲများ  လျှော့စား ခြင်း၊  ငါးပိ၊  ငါးခြောက်အစရှိသော  ငန်သည့်အစား အစာများလျှော့စားခြင်း၊ ဆားလျှော့စားသုံးခြင်းသည် သွေးတိုး၊ ဆီးချို၊ သွေးတွင်းအဆီများခြင်း မဖြစ်စေရန် ကာကွယ်နိုင်မည်ဖြစ်သည်။ ဟင်းသီးဟင်းရွက်၊ အသီးအနှံ၊ အစေ့အဆန်များစားသုံးခြင်း၊ ငါးများများ စားခြင်း၊    အဆီမပါသောအသား စားခြင်းတို့သည် သက်ရှည်ကျန်းမာရေးကို  အထောက်အကူပြုသည်။   အစားအသောက်ကို အလွန်အကျွံမစားသုံးဘဲ သင့်တင့်ရုံသာ စားသုံးသင့်သည်။ နေ့စဉ်လှုပ်ရှားတက်ကြွ စွာနေထိုင်ခြင်း၊ ပုံမှန်ကိုယ်လက် လေ့ကျင့်ခန်းပြုလုပ်ခြင်း၊ လမ်းလျှောက်ခြင်းတို့သည် သွေးလည်ပတ်မှု ကို  ကောင်းစေပြီး   နှလုံးရောဂါကို   ကာကွယ်နိုင် မည်ဖြစ်သည်။ သင့်တင့်သောကိုယ်အလေးချိန်ထိန်း ထားခြင်းဖြင့် အဝလွန်ခြင်းကြောင့် နောက်ဆက်တွဲ ဖြစ်လာသော  သွေးတွင်းအဆီများခြင်း၊   အသည်း အဆီဖုံးခြင်းတို့ကို ကာကွယ်နိုင်မည်ဖြစ်သည်။ တစ်နည်းအားဖြင့်  ထိုသို့နေထိုင်စားသောက်ခြင်းသည် လေဖြတ်ခြင်းကို ကာကွယ်နိုင်မည်ဖြစ်သည်။ အရေးကြီးဆုံးအချက်မှာ အရက်၊ ဆေးလိပ်၊ မူးယစ် ဆေးသုံးစွဲခြင်းကို ရှောင်ကြဉ်သင့်သည်။

ထို့ပြင် ပုံမှန်ကျန်းမာရေးစစ်ဆေးခြင်းဖြင့် မိမိ၌ သွေးတိုး၊ ဆီးချို၊ နှလုံးရောဂါနှင့် သွေးတွင်းအဆီများခြင်း ရှိ၊ မရှိကို ကြိုတင်သိရှိနိုင်ပြီး ကြိုတင်ကုသမှုခံယူ ထားနိုင်သည်။ ထိုကဲ့သို့ဆောင်ရွက်ခြင်းသည် လေ ဖြတ်ခြင်းကို  ကာကွယ်နိုင်မည်သာမက  သက်ရှည် ကျန်းမာစွာနေထိုင်နိုင်ရေးကို များစွာအထောက် အကူပြုသည်။ ထို့ကြောင့် အသက် ၅၀ နှစ်နှင့်အထက် လူကြီးများ ခြောက်လတစ်ကြိမ် သို့မဟုတ် တစ်နှစ် တစ်ကြိမ်ခန့်  ကျန်းမာရေးစစ်ဆေးကာ  လက်ဦးမှု ရယူရန်လိုအပ်သည်။ ယခုအခါ တစ်ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှုပုံစံမှာ  ရောဂါကိုဖြစ်မှ ကုသခြင်းထက် မဖြစ်အောင် ကာကွယ်ရေးကို အထူး အလေးပေးဆောင်ရွက်လာကြသည်။

လေဖြတ်ရောဂါဖြစ်လျှင် ဘယ်လိုကုသမှုခံယူမလဲ

     လေဖြတ်ရောဂါခံစားရပါက စောနိုင်သမျှ စောစော ကုသမှုခံယူခြင်းသည် ဦးနှောက်ဆဲလ်များ သေဆုံးမှုကို လျှော့ချနိုင်ပြီး ခြေလက်မသန်စွမ်းမှုကို လျော့ပါး စေနိုင်သည်။ ရုတ်တရက် ခြေလက်အားနည်းဝေဒနာ ခံစားရပါက   လေဖြတ်သည်ဟု   သံသယဖြစ်လျှင် နီးစပ်ရာဆေးရုံများသို့ပြသကာ     ကုသမှုခံယူရန် လိုအပ်သည်။

လေဖြတ်ရောဂါခံစားရချိန်တွင် ဆီးမသွားနိုင်ခြင်း၊ အစာမျိုချရန်ခက်ခဲနိုင်သောကြောင့်     အစာသီး၍ အဆုတ်ရောင်ခြင်းတို့    တွဲဖက်ရှိနေပါက   အသက် အန္တရာယ်ရှိနိုင်သဖြင့်    အထူးဂရုပြုကုသပေးကြရ သည်။  တစ်နှစ်အတွင်း   ထပ်မံလေဖြတ်နိုင်ခြေမှာ  ၅  ရာခိုင်နှုန်းမှ  ၂၀   ရာခိုင်နှုန်းအထိရှိပြီး  ဆယ်စုနှစ်ကျော်ပါက ငါးယောက်တွင် တစ်ယောက်လေထပ် ဖြတ်နိုင်ခြေရှိသောကြောင့်   ထပ်မံလေမဖြတ်စေရန်   သွေးကျဲဆေး၊    သွေးတွင်းအဆီချဆေးပေး ကုသမှုအပြင် သွေးတိုး၊  ဆီးချို၊  နှလုံးရောဂါတို့ကို ထိန်းညှိ ကုသပေးရသည်။

ဦးနှောက်သွေးကြောပိတ်၍   လေဖြတ်ခြင်းကို သွေးခဲဖျော်ဆေးပေးပြီး ကုသနိုင်ရန် လေစတင်ဖြတ် သည့်အချိန်မှ သုံးနာရီ - လေးနာရီခွဲအတွင်း ဆေးရုံ ရောက်ရန်  လိုအပ်သည်။  အဓိကအားနည်းချက်မှာ နံနက်စောစောအိပ်ရာထချိန်တွင်   လေဖြတ်သည် ဟုသိသော်လည်း    ညကမည်သည့်အချိန်    အမှန် တကယ်လေစဖြတ်သည်ကို     မသိနိုင်ဖြစ်ရသည်။ ကျန်းမာရေးဌာနများသို့  သွားသည့်ခရီးတွင်  ကားများပိတ်ခြင်း၊  ဆေးရုံတွင်ပြသရန်   စောင့်ဆိုင်းနေ ရခြင်း၊  ဦးနှောက်ကွန်ပျူတာရိုက်ခြင်းနှင့် တခြား သောစမ်းသပ်မှုများပြုလုပ်ကာ  ဆေးပေးရန် သင့်လျော်၊ မလျော်ဆုံးဖြတ်ရန် ကြာချိန်များကြောင့် ဆေးပေးရန် အချိန်မမီဖြစ်ရတတ်သည်။

ယခုနှစ် ကမ္ဘာ့လေဖြတ်ရောဂါနေ့ ဆောင်ပုဒ်က ဘယ်လိုသတ်မှတ်ထားသလဲ

ကမ္ဘာ့လေဖြတ်ရောဂါအဖွဲ့အစည်းမှ   လေဖြတ် ရောဂါနှင့်ပတ်သက်၍ ကာကွယ်ရေး၊ ကုသရေး ၊ ပြန်လည်သန်စွမ်းရေး လုပ်ငန်းစဉ်များကို ပိုမိုကျယ်ပြန့်စွာ လုပ်ဆောင်နိုင်ရန်နှင့် လူထုအတွင်းပို၍ သိမြင်လာစေရန် နှစ်စဉ် အောက်တိုဘာလ ၂၉ ရက်ကို ကမ္ဘာ့ လေဖြတ်ရောဂါနေ့ဟု  သတ်မှတ်ခဲ့ကြသည်။ လူထု လှုပ်ရှားမှုအသွင်ဖြင့် ဆောင်ရွက်ကာ ကမ္ဘာလုံးဆိုင်ရာ လေဖြတ်ရောဂါဖြစ်ပွားမှုနှင့် လူမှုစီးပွားသက်ရောက် မှုများကို လျှော့ချနိုင်ရန် ရည်ရွယ်ခဲ့ကြသည်။ ရောဂါ ကာကွယ်၊  ကုသရေးဆိုင်ရာဆောင်ပုဒ်များ  နှစ်စဉ်ချမှတ်ကာ   လူထုအတွင်း   ပညာပေးဖြန့်ဝေမှုများ ပြုလုပ်ကြသည်။

ပြည်သူလူထုအနေဖြင့် လေဖြတ်ရောဂါလက္ခဏာ များ အလွယ်တကူသိမြင်နိုင်စေရန်  Act FAST  ဟူ၍ လည်း တွန်းအားပေးဖော်ပြခဲ့သည်။ F-Facial droo-ping မျက်နှာတစ်ခြမ်းရွဲ့သွားခြင်း၊ A-Arm weakness ခြေလက်များအားနည်းခြင်း၊ S- Speech difficulties စကားပြောရန်ခက်ခဲခြင်း    စသည့်လက္ခဏာများ    ရုတ်တရက်ဖြစ်လာပါက လေဖြတ်သည်ဟုသိမြင်ကာ T-Time to call local emergency number ဆေးရုံ၊ ဆေးခန်းသို့   အမြန်ဆုံးပြသရန်   တိုက်တွန်းပညာ ပေးခဲ့သည်။

လူထုအကြား  လေဖြတ်ရောဂါလက္ခဏာ  သိမြင်နားလည်မှုပျံ့နှံ့စေရန် ဆောင်ရွက်မှုအပြင် နိုင်ငံတိုင်း ကျန်းမာရေး စောင့်ရှောက်မှုစနစ်တွင်လည်း လေဖြတ် ရောဂါကုသမှုကို လျင်မြန်စွာဆောင်ရွက်နိုင်ရန် လုံလောက်သော  ငွေကြေးပံ့ပိုးမှု၊  ရန်ပုံငွေထားရှိမှု၊ လိုအပ်သော  ဆေးဝါးဖြည့်တင်းမှု၊   လေဖြတ်ရောဂါ အထူးကုသနိုင်သောစင်တာများ ဖွင့်လှစ်နိုင်မှု၊ ကျန်းမာရေးဝန်ထမ်းများအား    လေ့ကျင့်သင်ကြားပေးမှုများ  ပြုလုပ်ထားရန်  လိုအပ်သည်။  လူတိုင်း လေဖြတ်ရောဂါနှင့်ပတ်သက်သော ဗဟုသုတများရှိ ကာ ကာကွယ်ရေးနည်းလမ်းများကို လိုက်နာကျင့် သုံး၍ လေဖြတ်ခြင်းမှ ကင်းဝေးစေရန်နှင့်   လေဖြတ် ဝေဒနာခံစားရပါက   အမြန်ဆုံး သက်သာပြန်လည် သန်စွမ်းကာ   အလုပ်အကိုင်များ     ပြန်လည်လုပ် ဆောင်နိုင်စေရန်နှင့်   လူမှုဒုက္ခများမှ   ကင်းဝေးစေရန် ရည်ရွယ်၍  ကမ္ဘာ့လေဖြတ်ရောဂါနေ့ အထိမ်းအမှတ် အဖြစ် ရေးသား တင်ပြလိုက်ရပါသည်။

MWD

Photo Credit to CLL Health