အရက်နာကျခြင်းကို ပြေပျောက်စေမည့် နည်းလမ်းအသွယ်သွယ်
Posted_Date
Image
Body
အရက်စွဲရောဂါဖြစ်ပွားမှုနှုန်းသည် တစ်နေ့တခြား များပြားလျက်ရှိသည်။ အရက်ကို စွဲလမ်းစွာသောက်ခြင်းကြောင့် ပတ်၀န်းကျင်အတွက် ပြဿနာ တစ်ရပ်ဖြစ်လာသည်။ မှတ်ဉာဏ်လျော့ပါးပျက်စီး ခြင်း၊ စိတ်ဖောက်ပြန်ခြင်း၊ စိတ်ကြွရောဂါဖြစ်ခြင်း၊ စိတ်ကျရောဂါဖြစ်ခြင်း၊ မိမိကိုယ်ကို သတ်သေရန် ကြိုးစားခြင်း၊ ရာဇ၀တ်မှုများကို ဆင်ခြင်ကင်းမဲ့စွာ ပြုမူခြင်းနှင့် အရက်သောက်၍ ကားမောင်းသဖြင့် ယာဉ်တိုက်မှုဖြစ်ပွားခြင်းတို့ကိုလည်း ပိုမိုတွေ့ရှိ လာရသည်။
အရက်စွဲလမ်းခြင်းသည် ယေဘုယျအားဖြင့် စိတ်အပန်းဖြေရန် မကြာခဏသောက်သုံးရာမှ အစပြုခြင်းဖြစ်သည်။ ထို့ပြင် မိမိပတ်၀န်းကျင်၌ ၀င်ဆံ့စေရန် နှင့် ပတ်၀န်းကျင်၏ စေ့ဆော်မှုများကြောင့်လည်း ဖြစ်ပွားနိုင်သည်။ ဤသို့ ကြိမ်ဖန်များစွာ သောက်သုံးမိပြီး နောက်ပိုင်းတွင် မသောက်ရလျှင် မနေနိုင် လောက်အောင် စွဲလမ်းသွားသည်။
အရက်သောက်မှုအခြေအနေ
လေ့လာမှုများအရ မြန်မာနိုင်ငံတွင် အရက်သောက်သူ ၁၉ ဒသမ ၈ ရာခိုင်နှုန်းနှင့် အရက်အလွန် အကျွံသောက်သူ ၁၀ ဒသမ ၃ ရာခိုင်နှုန်းရှိကြောင်း၊ လူငယ်များတွင် အရက်သောက်မှုမြင့်တက်လာပြီး သောက်သုံးမှုများ၏ ၇၀ ရာခိုင်နှုန်းမှာ အရည်အသွေး မမီသည့်အရက်များဖြစ်ကြောင်း သိရသည်။ ကျန်းမာ ရေး၀န်ကြီးဌာန၏ စစ်တမ်းတစ်ခုကလည်း ကျောင်းသားလူငယ်များအတွင်း အရက်သောက်မှု ၄ ရာခိုင်နှုန်းကျော်ရှိပြီး ၎င်းတို့အနက် ထက်၀က်ခန့် မှာ အသက် ၁၄ နှစ်မတိုင်မီကပင် အရက်ကို စတင် သောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အရက်သည် ခန္ဓာကိုယ်အတွက် အဆိပ်ဖြစ်သော ကြောင့် အရက်ကို ယခင်ကတည်းက မသောက်သူများ၊ မသောက်တတ်သေးသူများနှင့် အထူးသဖြင့် လူငယ်များအနေဖြင့် စမ်း၍မသောက်မိကြရန် ရှောင်ရှားဆင်ခြင်သင့်သည်။ အရက်ကို စွဲစွဲလမ်းလမ်း သောက်နေသူများအနေဖြင့်လည်း အတတ်နိုင်ဆုံး လျှော့သောက်သင့်ပြီး အလွန်အကျွံသောက်မိပါက အရက်က လူကိုနိုင်သွားပြီဖြစ်၍ အရက်စွဲရောဂါရရှိ နိုင်သည်။
သင်အရက်ဖြတ်ရန် ကြိုးစားနေပြီလား
အရက်ဖြတ်ရာတွင် အဓိကအရေးကြီးသည့် အချက်မှာ ကာယကံရှင်ကိုယ်တိုင် လိုလိုလားလား အရက်ဖြတ်ချင်စိတ်ရှိရမည်ဖြစ်ပြီး မိသားစု သို့မဟုတ် ဘေးပတ်၀န်းကျင်မှ လူများကလည်း ဖေးဖေးမမ နားလည်မှုရှိစွာ ဝိုင်း၀န်းကူညီပေးရမည်ဖြစ်သည်။ အရက်သောက်သောအလေ့အထကို ဖျောက်ပစ် လိုသည့်ဆန္ဒနောက်တွင် အကြောင်းရင်းများစွာရှိပြီး လူတချို့သည် အသည်းရောဂါကဲ့သို့ အရက်နှင့် ဆက်စပ်သည့်ရောဂါများဖြစ်လာခြင်း သို့မဟုတ် အရက်နှင့်မတည့်သော ဆေးဝါးများ သောက်သုံး ရခြင်းတို့ကြောင့် အရက်သောက်သည့် အလေ့အထ ကို ရပ်တန့်ရန်လိုအပ်သည်။
အထူးသဖြင့် ယခင်က အရက်ကို အလွန်အကျွံ သောက်ခဲ့သူဖြစ်ပါ လုံး၀ဖြတ်ရန်လွယ်ကူမည် မဟုတ်သော်လည်း အောက်တွင်ဖော်ပြထားသော အချက်အလက်များက သင့်အတွက် အနည်းငယ်ပို၍ လွယ်ကူစေမည်ဖြစ်သကဲ့သို့ သင်အရက်ဖြတ်ရန် ကြိုးစားနေခြင်းကို များစွာအထောက်အကူပြုနိုင်ပါ သည်။
- သင် အရက်သောက်သောအကျင့်ကို ဖျောက် လိုပါက ဤကမ္ဘာပေါ်တွင် သင်တစ်ဦးတည်းမဟုတ်၊ ဤကမ္ဘာပေါ်ရှိ အရက်ရှောင်လိုသူများလည်း သင်ကဲ့သို့ အရက်သောက်ဖူးသူများဖြစ်ကာ သင့် လိုပင် ကြိုးစား၍ အရက်ဖြတ်နေသောဘ၀တူများ ရှိနေကြမည်ကို သတိရပါ။
- သင့်တွင် အရက်သောက်ခြင်းနှင့်ပတ်သက်၍ ပြင်းထန်သောပြဿနာများရှိပြီး အရက်ကိုမှီခိုနေရ သည့်လက္ခဏာ တွေ့ကြုံနေရပါက ဆရာ၀န် သို့မဟုတ် ဆေးဘက်ကျွမ်းကျင်ပညာရှင်နှင့် တတ်နိုင်သမျှ အမြန်ဆုံးတိုင်ပင်ပါ။
- သင်အရက်သောက်သည့် အလေ့အကျင့်ကို ရပ်တန့်ရန်ကြိုးစားနေကြောင်း မိသားစုနှင့် မိတ်ဆွေ များအားပြောပြပြီး အကြောင်းရင်းကိုရှင်းပြပါ။ ဤနည်းဖြင့် သင်၏အောင်မြင်မှုများကို ၎င်းတို့အား ပြောပြနိုင်ပြီး သင်အရက်ရှောင်ရန် ကြိုးပမ်းနေသည့် အကြောင်းရင်းကို ၎င်းတို့နားလည်လာမည်ဖြစ်သည်။
အရက်နာကျခြင်းကို ပြေပျောက်စေမည့် နည်းလမ်းအသွယ်သွယ်
လူ့ခန္ဓာကိုယ်ထဲရှိ အသည်းက အရက်ကို အဆိပ်ရှိဓာတုပစ္စည်းတစ်မျိုးအဖြစ်သို့ ပြောင်းလဲ၍ ချေဖျက် လိုက်သည်။ သောက်လိုက်သောအရက်ပမာဏကို လိုက်၍ အသည်း၏လုပ်ဆောင်ချက်ချေဖျက်မှု လုပ်ငန်းစဉ်ကို အနှောင့်အယှက်ဖြစ်စေသည်။ ခန္ဓာ ကိုယ်၏သွေးထဲတွင် အရက်ပါ၀င်မှု သုညအဆင့်သို့ပြန်ရောက်သွားချိန်တွင် ခေါင်းကိုက်ခြင်း၊ ရေငတ်ခြင်း၊ အားနည်းပြီး ခေါင်းမူးခြင်း၊ ကတုန်ကယင်ဖြစ်ခြင်း စသည့် အရက်နာကျလက္ခဏာများကို အခြေအနေ အဆိုးရွားဆုံးအဖြစ် ခံစားရလေ့ရှိသည်။
ထိုသို့ အရက်နာကျခြင်းအတွက် နောက်ထပ်အရက် အနည်းငယ်သောက်ပြီး ပြန်ဖြေခြင်းကို အကောင်းဆုံး သက်သာစေသောနည်းဟု လူအများက ထင်မှတ်မှား နေကြသည်။ အမှန်စင်စစ် ယင်းနည်းသည် သိပ္ပံနည်း ကျ အထောက်အထားမခိုင်လုံဘဲ အရက်နာကျခြင်းကြောင့် ခံစားနေရသောဝေဒနာများကို အချိန်အနည်း ငယ်ရွှေ့ဆိုင်းထားသည့်သဘောမျှသာဖြစ်သည်။
အရက်နာကျပြီး နောက်ထပ်အရက်မသောက်မီ ခန္ဓာကိုယ်ကို အနည်းဆုံး ၄၈ နာရီအထိ အနားပေးရန် လိုအပ်သည်။ အောက်ဖော်ပြပါနည်းလမ်းများက အရက်နာကျခြင်းကို ပြေပျောက်စေပါလိမ့်မည်။
- ကဖိန်းဓာတ်ပါသောအရည်များက ရေဓာတ် ခန်းခြောက်စေတတ်၍ အရက်သောက်နေစဉ် ကဖိန်း ဓာတ်ကြွယ်၀သောကော်ဖီနှင့် အချိုရည်များကို ရှောင်ပါ။
- ဗီတာမင်အားဆေးဆောင်ထားပါ။ ဗီတာမင် ဆေးဝါးများက အရက်နာကျခြင်းကင်းဝေးစေသဖြင့် အရက်မသောက်မီ တစ်ရက်ကြိုတင်၍ ဗီတာမင် အားဆေးတစ်ပြားသောက်ပါ သို့မဟုတ် အရက် သောက်ပြီး နံနက်အိပ်ရာနိုးသည့်အခါ ဗီတာမင် အားဆေးတစ်ပြားသောက်ပါ။
- အရက်သောက်ပြီးနောက် အိပ်ရာမ၀င်မီ အက်စ်ပရင်ဆေးပြားနှစ်ပြားကို ရေတစ်ဖန် ခွက်ဖြင့်သောက်ပါ။ နောက်တစ်နေ့နံနက် အရက် နာကျခြင်းကင်းဝေးပြီး ခေါင်းကိုက်ခြင်းမဖြစ်စေနိုင် တော့ပေ။
- ဗီတာမင်- B ဆောင်ပါ။ ဗီတာမင်- B ကလည်း အရက်နာကျခြင်းကို ပျောက်ကင်းစေ၍ မှီဝဲသင့်သော ဆေးပြားဖြစ်သည်။
- အရက်သောက်စဉ် ခန္ဓာကိုယ်ထဲတွင် ဆားနှင့် ရေဓာတ်လုံလောက်နေမှသာ အရက်နာကျခြင်းမဖြစ် စေနိုင်ပါ။ ထို့ကြောင့် အရက်မသောက်မီ သခွားသီး ဆားရည်စိမ်စားပေးပါ။
- အာလူးကြော်စားပါ။ အာလူးကြော်၏ ကစီဓာတ် အဆီအနှစ်များက အစာအိမ်ထဲရှိ အယ်လ်ကိုဟောကို စုပ်ယူနိုင်စွမ်းရှိ၍ အရက်နာကျခြင်းမဖြစ်စေတော့ ပေ။
- အရက်စုံရောနှောသောက်ခြင်းရှောင်ပါ။ဥပမာ- ဝိုင်သောက်နေသူက ဝိုင်တစ်မျိုးတည်းကိုသာ သောက်ပါ။ အကယ်၍ အရက်စုံရောနှောသောက် ခြင်းက အာနိသင်ပမာဏအတိုင်းအဆမသိနိုင်တော့ ဘဲ အရက်နာကျခြင်းကို ဦးတည်စေသည်။
- လိမ္မော်သီး သို့မဟုတ် လိမ္မော်ရည်သောက်ပါ။ အထူးသဖြင့် ဖရူးတို့စ်ဓာတ်ပါရှိသော လိမ္မော်သီးက ခန္ဓာကိုယ်ထဲရှိ အဆိပ်အတောက်ကိုပြေစေပြီး ခွန် အားပြည့်၀လာစေသည်။
- သံလွင်ဆီ လက်ဖက်ရည်ဇွန်း တစ်ဇွန်းသောက် ခြင်း သို့မဟုတ် သံလွင်ဆီပါသော ဟင်းရွက်သုပ်စား ခြင်းက အရက်နာကျခြင်းကို လုံး၀မခံစားရတော့ပေ။
- နွားနို့က အစာအိမ်ကို ကောင်းကျိုးပြုသည်။ ညဘက် အရက်အလွန်အကျွံသောက်ပြီးနောက် နံနက်အိပ်ရာထ နွားနို့တစ်ခွက် သောက်ပေးခြင်းဖြင့် အရက်နာကျခြင်းကို သက်သာစေပြီး ဗိုက်အောင့်ခြင်း ကိုလည်း မခံစားရတော့ပေ။
- အရက်သောက်နေစဉ် ရေတစ်ဖန်ခွက်သောက်ရန် မမေ့ပါနှင့်။ ထို့ပြင် အရက်သောက်ပြီးနောက် ညအိပ်ရာ၀င်ခါနီး သောက်ရေနှစ်ခွက် ထပ်သောက်ပေးပါ။
- ငှက်ပျောသီးထဲတွင်ပါရှိသော ပိုတက်ဆီယမ်က အရက်နာကျခြင်းကို ဓာတ်ပြယ်စေသဖြင့် နံနက် အိပ်ရာထ ငှက်ပျောသီးတစ်လုံးစားပါ သို့မဟုတ် ငှက်ပျောသီး၊ ပျားရည်နှင့် ပေါင်မုန့်အနည်းငယ် စားပေးခြင်းဖြင့် အရက်နာကျခြင်းကို သက်သာစေ သည်။ ဖီးကြမ်းငှက်ပျောသီးမှည့်ကိုလည်း မီးဖုတ်၍ စားပေးနိုင်သည်။
- ကြက်ဥထဲရှိ သဘာ၀ Cysteine ဓာတ်က အရက်နာကျခြင်းကိုဖြစ်စေသည့် Acetaldehyde (ခေါ်) အရောင်မဲ့ အငွေ့ပြန်သောအဆိပ်ရည်ကို ဖြိုခွဲပေးနိုင်သည်။ ထို့ကြောင့် နံနက်အိပ်ရာထချိန် တွင် ကြက်ဥစားပေးပါ။
- အရက်သောက်ပြီးနောက် ပျားရည်စစ်စစ်ကို ရေနွေးဖြင့်ဖျော်သောက်ခြင်းက အရက်နာကျခြင်းကို ပျောက်ကင်းစေပြီး နံနက်အိပ်ရာထချိန်တွင် လန်းဆန်းလာပါလိမ့်မည် သို့မဟုတ် ချင်းပြုတ်ရည်၊ သံပရာရည်နှင့် ပျားရည်ရောပြီး သောက်ပေးခြင်းဖြင့် အရက်နာကျခြင်းကို သက်သာစေနိုင်သည်။
- နံနက်အိပ်ရာထချိန်တွင် အုန်းရည်သောက်ပါ။ အုန်းရည်တစ်ခွက်တွင် ပိုတက်ဆီယမ် ၅၆၉ မီလီ ဂရမ်ပါ၀င်နေ၍ ရေဓာတ်မြန်မြန်ဖြည့်ပေးပြီး အစာအိမ် အတွက်လည်း အထောက်အကူပြုပေးသည်။
- အရက်မသောက်မီနှင့် အရက်သောက်ပြီး ချိန်များတွင် ကညွတ်စားပေးခြင်းဖြင့် အရက်နာကျပြီး အိပ်ရာထဲလဲနေခြင်းမှ ကြိုတင်ကာကွယ်ရာရောက် သည်။
အရက်ဖြတ်နေစဉ် ဆရာ၀န်နှင့်တိုင်ပင်သင့်
အရက်စွဲရောဂါရပါက မိမိဘာသာ အိမ်တွင် အရက် ဖြတ်ရန်ကြိုးစားခြင်းထက် ကျွမ်းကျင်နားလည်သော ဆရာ၀န်နှင့် ပြသတိုင်ပင်ပြီး အရက်ဖြတ်သင့်သည်။ အရက်စွဲနေသူတစ်ယောက် ပုံမှန်သောက်နေရာမှ ရုတ်တရက် အရက်ဖြတ်လိုက်ခြင်းကြောင့် ဂနာမငြိမ် ဖြစ်ခြင်း၊ စိတ်ပူပန်ခြင်း၊ စိတ်နှင့်ကိုယ်လွတ်ပြီး တစ်ခုခု လုပ်မိခြင်း၊ နှလုံးခုန်မြန်လာခြင်း၊ ချွေးထွက်လွန် ခြင်း၊ မျက်စိသူငယ်အိမ် ကျယ်လာခြင်း၊ ပျို့အန်ခြင်း၊ ကယောင်ချောက်ချားဖြစ်ခြင်း၊ တက်ခြင်း စသည့် ပြဿနာများတွေ့ကြုံရပါမည်။ ယင်းကို ဆေးသိပ္ပံ နည်းအရ Alcohol Withdrawal လက္ခဏာများ ဟုခေါ် သည်။
ထိုအခြေအနေမျိုးတွင် အရက်များများ ပြန်လည် သောက်မိတတ်သဖြင့် အသက်အန္တရာယ်အတွက် စိုးရိမ်ရနိုင်၍ ဆရာ၀န်နှင့်ဆွေးနွေးပြီး စနစ်တကျ အရက်ဖြတ်သင့်ပေသည်။ ဝေဒနာခံစားရမှု အပေါ့ အပြင်းပေါ်မူတည်ပြီး ဆရာ၀န်က Diazepam၊ Chlorpromazine စသည့် ဆေးပေး၍ စိတ်ငြိမ်အောင် ပြုလုပ်ပေးပါလိမ့်မည်။ လိုအပ်ပါက Disulfiram (ခေါ်) သွေးထဲရှိအက်စစ်များ မပျက်စီးအောင် ထိန်းပေးသော ဆေးတစ်မျိုးကို ဆရာ၀န်ကပေးပါ လိမ့်မည်။ သို့ပါ၍ အရက်ပြတ်သွားစေရန် ဆရာ၀န်၏ အကူအညီကို မဖြစ်မနေယူသင့်သည်။
အချုပ်ဆိုရသော် အရက်စွဲလမ်းမှုသည် လူတစ်ဦးချင်းစီ၏ ကျန်းမာရေးကို ဆိုးကျိုးများဖြစ်ပွားစေ သည်သာမက လူ့အဖွဲ့အစည်းအတွက် လူမှုရေးနှင့် စီးပွားရေးအရ ဆုံးရှုံးမှုများကို ဖြစ်ပေါ်စေနိုင်သည်။ အရက်သောက်မှုကို ထိန်းချုပ်ရန်မလွယ်ကူသော် လည်း အလွန်အကျွံသောက်မှုကို လျှော့ချနိုင်ပါက လူ့စွမ်းအားအရင်းအမြစ်များ ပြုန်းတီးနေမှုကို ကာကွယ်နိုင်မည်ဖြစ်ပါကြောင်း အသိပေးလိုက်ရပါသည်။
MWD
Photo Credit to CareMe
