စာဆိုတော်နေ့နှင့်စာပေကိုနှလုံးသားဖြင့် ခြယ်မှုန်းကြသူများ
Posted_Date
Image
Body
နတ်တော်လရာသီသည် စာပေရနံ့ထုံမွမ်းသောကာလဖြစ်ပြီး ခေတ်အဆက်ဆက် စာဆိုတော်တို့ သီကုံးရေးဖွဲ့ခဲ့သည့် စာပေ၏တန်ဖိုး၊ စာပေ၏စွမ်းအားတို့ကို ပြန်လည်ဖော်ကျူးသည့်ကာလဖြစ်သည်။ နတ်တော်လသည် ဟေမန္တဆောင်းဥတုသို့ဝင်လုသောအခါသမယလည်းဖြစ်သည်။ နတ်တော်လ၏ ရာသီအမည်မှာ ဓနုရာသီဖြစ်ပြီး ရာသီပန်းအနေဖြင့် ဂမုန်းပန်း၊သဇင်ပန်းများ ပွင့်ဖူးကြသည်။ နတ်တော်လကို ရှေးအခါက မဟာပိန္နဲနတ်ကို ပူဇော်သောလအဖြစ် “မဟာပိန္နဲ၊ နတ်မင်းပွဲမှာ၊ ကျွေးမြဲပူဇော်၊ လနတ်တော်” ဟူ၍ ရေးဖွဲ့ခဲ့ကြသည်။ နတ်တော်လ၏ ရာသီပွဲတော်မှာ စာဆိုတော်ပွဲဖြစ်သည်။ ရှေးမြန်မာမင်းများလက်ထက်ကပင် နတ်တော်လ၌ စာဆိုတော်ကြီးများကို ချီးမြှင့်ပူဇော်သော စာဆိုတော်ပွဲနေ့ကိုကျင်းပခဲ့ကြသည်။ ခေတ်ကာလပြောင်းလဲ၍ ခေတ်မီတိုးတက်လာသည်နှင့်အညီနတ်တော်လတွင် စာဆိုတော်ပွဲများကို ရာသီပွဲတော်အဖြစ် ပြောင်းလဲသတ်မှတ်ကာ နတ်တော်လဆန်း ၁ ရက်နေ့ကို စာဆိုတော်နေ့အဖြစ် သတ်မှတ်ခဲ့ကြသည်။
စာဆိုတော်နေ့ဖြစ်ပေါ်လာပုံ
စာဆိုတော်နေ့အခမ်းအနားကို ဂျပန်ခေတ်ကာလ ၁၉၄၄ ခုနှစ် နိုဝင်ဘာလ ၁၅ ရက် (၁၃ဝ၆ ခုနှစ် နတ်တော်လဆန်း ၁ ရက်နေ့)တွင် ကန်တော်ကြီးစောင်းရှိ မြိုင်ပြဇာတ်ရုံ၌ ပထမဆုံးအကြိမ်အဖြစ် စတင်ကျင်းပခဲ့သည်။ စာဆိုတော်နေ့ဖြစ်တည်လာရခြင်းမှာ ၁၉၄၄ ခုနှစ် မေလ ၄ ရက်တွင် ကွမ်းခြံကုန်းရှိ အာရှလူငယ်အစည်းအရုံး၌ ဦးပုညနေ့ကျင်းပရာမှ စတင်ခဲ့ခြင်းဖြစ်သည်။၁၉၄၄ ခုနှစ် မေလ ၈ ရက်တွင် ဦးဝိစာရလမ်း နဝရတ်ရိပ်သာဝင်းအတွင်းရှိ ဝန်ကြီး ဦးလှမင်း ရုံးခန်းတွင် စာဆိုတော်နေ့ကျင်းပရန် အစည်းအဝေးတစ်ရပ်ပြုလုပ်ခဲ့ရာ စာဆိုတော်နေ့အဖြစ် ရက်တစ်ရက်ကို သတ်မှတ်ကြရန်ဆုံးဖြတ်ကြရာ၌ ဂျာနယ်ကျော်ဦးချစ်မောင်က ရှေးမြန်မာမင်းများလက်ထက်က နတ်တော်လတွင် မြန်မာဘုရင်များ ဘွဲ့ထူးဂုဏ်ထူးများပေးအပ်ကြမြဲဖြစ်သဖြင့် နတ်တော်လအတွင်းနေ့တစ်နေ့ကို သတ်မှတ်ရန်ဆုံးဖြတ်ခဲ့ကြသည်။ ဤသို့ဖြင့် နတ်တော်လဆန်း ၁ ရက်နေ့ကို စာဆိုတော်နေ့အဖြစ် သတ်မှတ်ကာ နှစ်စဉ်ကျင်းပရန် သဘောတူခဲ့ကြသည်။
နိုင်ငံတော်အစိုးရ အဆက်ဆက်သည် စာဆိုတော်နေ့ကို ဂုဏ်ပြုသောအားဖြင့် စာဆိုတော်နေ့တွင် စာပေဆုနှင်းသဘင်ပွဲများ ဆင်ယင်ကျင်းပကာ စာပေဆုများပေးအပ်ချီးမြှင့်ခဲ့သည်။ ၁၉၄၈ ခုနှစ်မှစတင်၍ “စာပေဗိမာန်ကာလပေါ် ဝတ္ထုဆု”အဖြစ် စတင်ပေးအပ်ချီးမြှင့်ခဲ့သည်။ ၁၉၄၉ ခုနှစ်မှ ၁၉၆၁ ခုနှစ်အထိ “စာပေဗိမာန်ဆု”၊ ၁၉၆၂ ခုနှစ်တွင် “အနုပညာဆိုင်ရာစာပေဆု”များပေးအပ်ခဲ့ပြီး ယခုအချိန်တွင် “အမျိုးသားစာပေတစ်သက်တာဆု”၊“ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု”များကို ဆက်လက်ပေးအပ်ခဲ့သည်။ ထို့ပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရသည် မြန်မာစာပေဖွံ့ဖြိုးရေးလုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရန်အတွက် “စာဆိုဗိမာန်” ကို ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ် ဥယျာဉ်ရပ်ကွက်ရှိ မြေဧက ၂ ဒသမ ၁၈ ဧကပေါ်တွင် တည်ဆောက်လျက်ရှိသည်။
စာပေဆုများပေးအပ်ချီးမြှင့်
၂၀၂၄ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု ဆုနှင်းသဘင်အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန - ၁ ၌ကျင်းပရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့ တက်ရောက်၍ စာပေဆုများပေးအပ်ချီးမြှင့်ခဲ့ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “နိုင်ငံတော်၏ အမျိုးသားအကျိုးစီးပွားကိုအလေးထားပြီး စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ကိုအကောင်အထည်ဖော်ရာတွင် ပြည်ထောင်စုကြီး အဘက်ဘက်က ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ပြည်သူတို့၏ လူမှုစီးပွားဘဝစဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးစသည်တို့နှင့်အတူ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲလုပ်ငန်းစဉ်များ အောင်မြင်ရေးတို့အတွက် ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုသည် အလွန်အရေးကြီးကြောင်း၊ မိမိတို့ ပြည်သူအားလုံး ဒီမိုကရေစီအလေ့အထကောင်းများရရှိအောင်၊ အသိဉာဏ်ပညာများပြည့်ဝအောင်၊ ခေတ်မီဗဟုသုတများ ဆည်းပူးနိုင်အောင် “စာပေ” ဖြင့် ထိန်းကျောင်းလေ့ကျင့်ပေးရမည်ဖြစ်ကြောင်း”ဟူ၍ စာပေလေ့လာဖတ်ရှုမှတ်သားခြင်း၏အရေးပါပုံကို ပြောကြားခဲ့သည်။
အဆိုပါအခမ်းအနားတွင် ၂၀၂၄ ခုနှစ်အတွက် ပထမအကြိမ်ပုံနှိပ်ထုတ်ဝေခဲ့သည့် စာအုပ်ပေါင်း ၉၅၉ အုပ်အတွင်းမှ အမျိုးသားစာပေဆုအတွက် သတ်မှတ်ထားသည့် ဘာသာရပ် ၁၉ မျိုးအနက် ဘာသာရပ် ၁၄ မျိုးကို ရွေးချယ်ခဲ့ပြီး စာပေဗိမာန်စာမူဆုတွင် ပြိုင်ပွဲဝင်စာမူ ၂၄၇ စောင်အတွင်းမှ ဘာသာရပ် ၁၄ မျိုးအနက် ဆုချီးမြှင့်ရန်ထိုက်တန်သည့် စာမူပေါင်း ၃၀ ကို ရွေးချယ်ခဲ့ပြီး ဆုများချီးမြှင့်ခဲ့သည်။
စာအုပ်စာပေ လူ့မိတ်ဆွေ
“စာဖတ်သောလူမျိုးသည်တိုးတက်၍ တိုးတက်သောလူမျိုးသည် စာဖတ်ကြလေသည်” ဟူသော ကုလသမဂ္ဂအတွင်းရေးမှူးချုပ် တာဝန်ထမ်းဆောင်ခဲ့သော ဦးသန့် ပြောကြားခဲ့သည့် အဆိုအမိန့်သည်ထင်ရှားလှသည်။ မေ့လျော့နေသော အကြောင်းအရာအဖြစ်အပျက်တို့ကို မိတ်ဆွေတို့အားမေးမြန်းခြင်းဖြင့် ပြန်လည်အစဖော်နိုင်သကဲ့သို့ စာအုပ်အတွင်းမှ ပြန်လည်တူးဆွအစဖော်နိုင်သည်။ စာအုပ်စာပေတို့ကို မိမိ၏မိတ်ဆွေတစ်ဦးနှယ်မေးမြန်းနိုင်သည်။ မိမိမသိသည့် အသိပညာ၊ စကားလုံး၊ ခံစားမှုရသစသည်တို့ကိုသိစေအပ်သည့် မိတ်ဆွေကောင်းတစ်ဦးနှယ်ဖြစ်သည်။ မိမိအား ဆင်ခြင်တုံတရားကိုလည်း သင်ကြားပြောပြပေးသူဖြစ်သည်။ မိတ်ကောင်းဆွေကောင်း အမြဲရှိနေသလို မိမိလက်ဝယ်စာကောင်းပေမွန်တစ်အုပ်သည် အမြဲရှိနေသင့်သည်။ စာဖတ်သူတို့ ပျော်ရွှင်စေရန်၊ အသိအလိမ္မာရရှိရန်နှင့် အကျိုးအကြောင်းဆင်ခြင်နိုင်စေရန် စေတနာကိုအရင်းခံထား၍ ရေးသားထားသောစာအုပ်မှန်သမျှသည် မိမိ၏မိတ်ဆွေများပင်ဖြစ်သည်။
စာပေဖတ်ခြင်း၏ကျေးဇူး
လူတိုင်းသည် ဖွံ့ဖြိုးတိုးတက်မှုကို လိုလားကြသည်။ စာဖတ်မှုအလေ့အကျင့်မရှိခြင်းသည် လူတစ်ဦးချင်းစီ၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရန်အတွက် အခက်အခဲများကြုံတွေ့နိုင်သည်။ စာအုပ်စာပေဖတ်ရှုမှုသည် မိမိဘဝကိုအကျိုးပြုသည်။ မြန်မာနိုင်ငံသည် ကမ္ဘာနှင့်ယှဉ်ပြိုင်နိုင်သည့် လူ့ဘောင်တည်ဆောက်နိုင်ရန်အတွက် အသိပညာ၊ အတတ်ပညာကြွယ်ဝသည့် လူသားအရင်းအမြစ်ကောင်းများမဖြစ်မနေလိုအပ်မည်ဖြစ်သဖြင့် ထိုသို့ဆောင်ရွက်နိုင်ရန်အတွက် ပညာတတ်များ၊ စာဖတ်သူများ မွေးထုတ်ပေးရန်လိုအပ်သည်။ ကမ္ဘာပေါ်ရှိဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတိုင်းသည် ပညာရေးကိုအားပေးဆောင်ရွက်လျက်ရှိသည်။ အွန်လိုင်းမီဒီယာများ၌ စာပေဖတ်ရှုနိုင်သည်ဖြစ်သော်လည်း အဆိပ်အတောက်သတင်းအချက်အလက်များ လွှမ်းမိုးနေသည်ဖြစ်၍ မိမိဘဝကိုအကျိုးရှိ စေမည့် စာပေများကိုသာ ရွေးချယ်ဖတ်ရှုလေ့လာရန်လိုအပ်သည်။ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူဖြစ်စေနိုင်သည့် စာအုပ်စာပေများကို ရွေးချယ်ဖတ်ရှုရန်လည်းလိုအပ်သည်။ စာသင်ကျောင်းများတွင် စာကြည့်တိုက်များဖွင့်လှစ်ပေးခြင်း၊ အဆင့်မြှင့်တင်ပေးခြင်းဖြင့်လည်း စာဖတ်ရှိန်ကိုမြှင့်တင်ပေးနိုင်သည်။
စာပေဖတ်ရှုခြင်းတွင် အပျော်ဖတ်စာပေမှစတင်၍ ဗဟုသုတရရှိသည့် စာပေအထိဖတ်ရှုရန်လိုအပ်သည်။ မှန်ကန်ကောင်းမွန်သည့် အသိပညာများ စုဆောင်းရရှိထားခြင်းသည် ဘဝတစ်လျှောက်လုံးဖြတ်သန်းမှုအတွက် အကျိုးရှိစေမည်ဖြစ်သဖြင့် လူတိုင်းစာဖတ်နိုင်ရေးအတွက် အခွင့်အလမ်းများ ဖော်ဆောင်ပေးရမည်ဖြစ်သည်။ စာဖတ်ခြင်းဖြင့် အကျိုးကျေးဇူးများစွာကိုရရှိနိုင်သည်။ စာအုပ်စာပေကို နားလည်အောင် ဖတ်၍နားလည်လာသည်နှင့်အမျှ ဖတ်နေသည့်စာကို အရသာခံတတ် အောင်ဖတ်ရမည်ဖြစ်သည်။ အရသာရှိသော အစာကိုအဖန်တလဲလဲစားချင်စိတ်ရှိလာသည့်နှယ် အရသာရှိသော စာကိုထပ်ခါထပ်ခါဖတ်ချင်စိတ်ဖြစ်အောင်လေ့ကျင့်ရမည်ဖြစ်သည်။ စာဖတ်များလာပါက ခြုံငုံနားလည်နိုင်စွမ်းသည်မြင့်မားလာမည်ဖြစ်သည်။ စာကိုဝေဖန်ပိုင်းခြားဖတ်ရှုသည့် အလေ့အကျင့်ကောင်းကိုလည်း မိမိကိုယ်မိမိပြုစုပျိုးထောင်ပေးရမည်။ ဝေဖန်ပိုင်းခြားစွာ စာဖတ်သည့်အခါ ဖတ်ရှုနေသော စာသားကိုသာမက စာဖတ်နေသည့် မိမိကိုယ်မိမိ မေးခွန်းများထုတ်လာနိုင်မည်ဖြစ်သောကြောင့် ဝေဖန်ပိုင်းခြားနိုင်သော တွေးခေါ်မှုကို ထက်မြက်စေသည်။
“ကမ္ဘာပတ်စရာမလိုဘူး၊ စာဖတ်ရုံနဲ့အကုန်သိနိုင်တယ်”ဟူ၍ စာဖတ်ခြင်းဖြင့် အရာရာကိုသိရှိနိုင်ကြောင်းကို ဖော်ညွှန်းကြသည်။ စာဖတ်ခြင်းသည် အဆိုးမှ အကောင်းကို ပြောင်းလဲစေနိုင်သည်။ “အလိမ္မာစာမှာရှိ”ဟုလည်း ဖော်ညွှန်းကြသည်။ “ကလေးတွေ စာဖတ်ကြလေ၊ ဒါမှသူများထက်သာမှာ၊ သူများအလိမ်အညာမခံရမှာ”ဟူ၍ ဘိုးဘွား၊ လူကြီး၊ မိဘများက ကလေးသူငယ်၊ ကျောင်းသား၊ ကျောင်းသူများကို ဆိုဆုံးမကြသည်။ စာပေနယ်၌ ထင်ရှားသောစာရေးဆရာကြီး အောင်သင်းက “ဘယ်သူတွေက ဘာပြောနေနေ မင်းကိုယ်ကိုမင်း ချစ်ရင်ပညာသင်ပါ၊ စာဖတ်ပါ၊ တိုင်းပြည်နဲ့လူမျိုးကိုချစ်ရင် ပညာသင်ပါ၊ စာဖတ်ပါ” ဟု ပြောကြားခဲ့သည်။
စိတ်ခံစားမှု၊ အသိပညာနှင့် စာပေအရေးအသားတိုးတက်ခြင်း
စာဖတ်ခြင်းဖြင့် လူတစ်ယောက်၏ အသိပညာကွင်းစုံ အပြည့်အစုံတိုးတက်လာသည်။ စာအုပ်များ၊ သတင်းစာများနှင့် အခြားစာရွက်စာတမ်းများကိုဖတ်ခြင်းဖြင့် အကြောင်းအရာများကို သေချာစွာသိရှိနိုင်သည်။ လက်ရှိကမ္ဘာ့အခြေအနေ၊ နည်းပညာများနှင့် ယဉ်ကျေးမှုဆိုင်ရာအသိပညာများကို တိုးတက်စေသည်။ ထို့ပြင် စာဖတ်ခြင်းသည် စိတ်ခံစားမှုပိုမိုတိုးတက်စေသည်။ စာပေများကိုဖတ်ရှုခြင်းက စိတ်အတွင်းပိုင်းကိုတိုးတက်စေပြီး ပတ်ဝန်းကျင်နှင့်ကောင်းမွန်သော ဆက်ဆံရေးများ တည်ဆောက်နိုင်စေသည်။ စာဖတ်ခြင်းသည် စိတ်မှတ်ဉာဏ်၊ မေ့ချပေးနိုင်သောအရာများကို စဉ်ဆက်မပြတ်မှတ်မိစေသည်။ လူတစ်ယောက်သည် အခြားသူများ၏ ရေးသားထားသော အတွေးအခေါ်များကို ဖတ်ရှုခြင်းက တီထွင်နိုင်စွမ်းပိုမိုရှိစေပြီး မျှတမှုနှင့်ကောင်းမွန်သော သဘောထားများကိုဖြစ်ပေါ်စေသည်။ ထို့ပြင် စာဖတ်ခြင်းကြောင့် လူများကိုစကားပြောဆိုခြင်း၊ စာရေးခြင်း၌ ပိုမိုကျွမ်းကျင်လာစေသည်။ စာဖတ်ရာတွင် အသုံးပြုသော စကားလုံးများ၊ စာသုံးပုံများသည် လူတစ်ယောက်၏ စကားပြောဆိုမှုနှင့် စာရေးမှုကို ပိုမိုတိုးတက်စေသည်။
စွမ်းအားရှိသော စာပေ၏အကျိုးဆက်သည် နိုင်ငံသားတို့၏ စိတ်ပိုင်းဆိုင်ရာအားနည်းမှု၊ အသိအမြင်ကျဉ်းမြောင်းမှုကိုဖယ်ရှားနိုင်၍ မျိုးချစ်စိတ်ရှိမှု၊ ဇာတိသွေး၊ ဇာတိမာန်ထက်မြက်မှုတို့ကို ပေါက်ပွားစေသည်။
ပြည်သူများအသိပညာဗဟုသုတနှင့် စိတ်ဓာတ်ခွန်အားမြင့်မားရေးကို စာပေပညာရှင်များက ဝိုင်းဝန်းစွမ်းဆောင်ပေးခြင်းဖြင့် ကျွန်တော်တို့၏ နိုင်ငံတော်ကြီးသည် အေးချမ်းသာယာပြီး ဖွံ့ဖြိုးတိုးတက်လာမည်မှာ မလွဲဧကန်ပင်ဖြစ်ပါကြောင်းကို စာဆိုတော်နေ့ကို ဂုဏ်ပြုကြိုဆို၍ ရေးသားလိုက်ရပါသည်။ ။
MWD
