ခံတွင်းပျက်သူများ အတွက် ဓာတ်စာမုန့်ဟင်းခါး
Posted_Date
Image
Body
မုန့်ဟင်းခါးသည် မြန်မာ့ရိုးရာ အစားအစာဖြစ်သည်။ နိုင်ငံခြားသားများက လည်း ရိုးရာအစားအစာဖြစ်သည့် မုန့်ဟင်းခါးကို အထူးနှစ်သက်ကြသည်။
မုန့်ဟင်းခါးချက်ရာတွင် ငါးတစ်မျိုး တည်းသာအသုံးပြုကြသည်။ မုန့်ဟင်းခါး စားသောဓလေ့သည် ငါးပေါသော မြစ်ဝ ကျွန်းပေါ်ဒေသမှစခဲ့သည်ဟုလည်း ဆိုကြ သည်။
မုန့်ဟင်းခါးဟင်းရည်နှင့် တွဲစားရန် မုန့်ဖတ်ကို ဆန်မှုန့်ဖြင့်ပြုလုပ်သည်။ ရှေးက ဆန်ကိုအပုပ်ခံပြီးမှညှစ်သည့် မုန့်ဖတ်ကိုသုံးကြသည်။ နောက်ပိုင်းတွင် အပုပ်မခံတော့ဘဲ မုန့်ဖတ်အမျှင်ထုတ် သည့်စက်များ ပေါ်လာသည်။ ရှေးက ဓာတ်စာဆရာကြီးများသည် မုန့်ဟင်းခါး ကို အပုပ်စာဟု သတ်မှတ်ခဲ့သည်။ နောက် ပိုင်းတွင် ဆန်ကိုအပုပ်မခံဘဲ မုန့်ဖတ်ပြုလုပ် သည့်အခါမှ ဓာတ်စာအဖြစ်လက်ခံလာ ကြသည်။
နာလန်ထခါစ ခံတွင်းပျက်နေသူများ အတွက် မုန့်ဟင်းခါးဟင်းရည်သည် အလွန်ကောင်းသောဓာတ်စာဖြစ်သည်။ မုန့်ဟင်းခါးဟင်းရည်တွင် အဓိကပါဝင်သော ချင်းနှင့်စပါးလင်တို့က လျှာအရသာ ပွင့်ပြီး ခံတွင်းလိုက်စေသောအစာဖြစ် သည်။
မုန့်ဟင်းခါးချက်လျှင် အသုံးများသော ငါးမှာ ငါးခူဖြစ်သည်။ ငါးရွှေ၊ ငါးမြစ်ခြင်း၊ ငါးတံခွန် စသည့်ငါးများနှင့်လည်းချက်နိုင် သည်။ မုန့်ဟင်းရည်ချက်ရန် ဦးစွာငါးကို နနွင်းနှင့်နယ်ပြီး စပါးလင်နှင့်ပြုတ်ရ သည်။ ပြုတ်ပြီးသည့်ငါးကို အရိုးများဖယ် ပြီး အသားကို ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ချင်း၊ စပါးလင်တို့နှင့်ဆီသတ်ရသည်။ ပဲမှုန့်နှင့်ဆန်မှုန့်တို့ကို အစိမ်းအတိုင်း ဖြစ်စေ၊ ရေနွေးဖြင့်ဖျော်ပြီးဖြစ်စေထည့်၍ ကျိုရသည်။ အရည်ဆူလာသောအခါ ရေသင့်ရုံထည့်၊ ကြက်သွန်နီဥများကို အလုံးလိုက်ထည့်ပြီး ဟင်းရည်ကျက်သည် အထိ မွှေပေးရသည်။ ဟင်းရည်ကျက် သောအခါ ကြက်သွန်ဖြူကြော်ကို ညက် အောင်ထောင်းပြီး ဟင်းရည်ပေါ်တွင်ဖြူးကာ အငွေ့လုံအောင်ပိတ်ထားရမည်။ ဟင်းရည်ခပ်ရမည့်အချိန်မှ အဖုံးကို ဖွင့်လိုက်သောအခါ မွှေးကြိုင်သည့် မုန့် ဟင်းခါးဟင်းရည်နံ့ကိုရသည်။
ဓာတ်စာသဘောအရ မုန့်ဟင်းခါး ဟင်းရည်တွင် ငှက်ပျောအူတိုင်ကိုပါးပါးလှီး၊ နနွင်းစိမ်ပြီး ထည့်ပေးရမည်။ မုန့်ဟင်းခါး တွင်ပါဝင်သည့် ပဲမှုန့်ကြောင့် ဝမ်းပျက် ခြင်းနှင့် လေပွခြင်းဖြစ်နိုင်သောကြောင့် ငှက်ပျောအူ (အဖန်၊ အချုပ်ဓာတ်) ကို ထည့်ခြင်းဖြစ်သည်။ မုန့်ဟင်းခါးချက်လျှင် ငါးငံပြာရည်မှာ မပါမဖြစ်ပါဝင်ရသည်။ မုန့်ဟင်းခါးစားသောအခါ နံနံပင်ထည့် စားရသည်။ ငံပြာရည်မှ အငန်ဓာတ်လွန်ကဲလျှင်၊ ဆားပါဝင်မှုများလျှင် သွေး တိုးနိုင်သည်။ နံနံပင်သည် သွေးတိုးခြင်းမှ ကာကွယ်ပေးသည့် ဆေးဖက်ဝင်အပင် ဖြစ်သည်။
ရှေးကမြန်မာဆေးဆရာကြီးများ သည် ခံတွင်းပျက်၊ အစားမဝင်သည့်လူနာ များကို မုန့်ဟင်းခါး ဓာတ်စာပေးလေ့ ရှိကြောင်း လေ့လာတွေ့ရှိရသည်။ ခံတွင်း ပျက်နေသည့်လူနာကို မုန့်ဟင်းခါးကျွေးရာတွင် သတိပြုရမည့်အချက်မှာ ဟင်းရည် ပူပူဖြင့်ကျွေးပြီး နံနက်စာ၊ နေ့လယ်စာအဖြစ်သာ ကျွေးသင့်သည်။ ညနေနှင့် ညဘက်တွင် မကျွေးသင့်ကြောင်း သတိ ပေးရေးသားလိုက်ရပါသည်။
MWD
