အနာဂတ်ပြန်လည် တည်ဆောက်နိုင်မည့် စွမ်းရည် အခြေခံပညာရေး
Posted_Date
Image
Body
စွမ်းရည်အခြေခံပညာရေး (Skill-Based Education) ဆိုတာဟာ ကျောင်းသား၊ ကျောင်းသူတွေကို လက်တွေ့ဘဝနဲ့ လုပ်ငန်းခွင်တွေမှာ တိုက်ရိုက်အသုံးချနိုင်တဲ့ တိကျသောစွမ်းရည်တွေ(Practical Skills)ကို တိုးတက်လာစေရန် အဓိကထားသင်ကြားပေးတဲ့စနစ်တစ်ခု ဖြစ်ပါတယ်။
သမားရိုးကျပညာရေးဆိုတာ သီအိုရီဆိုင်ရာ အသိပညာ၊ အချက်အလက်နဲ့ အကြောင်းအရာတွေကို မှတ်သားရန် အလေးပေးလေ့ရှိသော်လည်း စွမ်းရည်အခြေခံပညာရေး (Skill-Based Education)မှာတော့ထိုအသိပညာတွေကို လက်တွေ့အကောင်အထည်ဖော်နိုင်တဲ့ လုပ်ဆောင်နိုင်စွမ်း (Competency)နဲ့ ကျွမ်းကျင်မှု (Proficiency)တို့ကို ပိုမိုအာရုံစိုက်ပြီး သင်ကြားပေးတာဖြစ်ပါတယ်။
စွမ်းရည်အခြေခံပညာရေး (Skill-Based Education)ရဲ့ အဓိကအချက်များ
လက်တွေ့ကျမှု။ စာသင်ခန်းထဲမှာ သင်ယူထားတဲ့ အသိပညာတွေကို လက်တွေ့ကိစ္စရပ်များ၊ စီမံကိန်းများ(Projects)နဲ့ ပြင်ပအခြေအနေတွေမှာ အသုံးချနိုင်ရန် လေ့ကျင့်ပေးမှာဖြစ်ပါတယ်။
စွမ်းဆောင်ရည်ကို အာရုံစိုက်ခြင်း(Focus on Competency)။ ကျောင်းသားတွေဟာ သတ်မှတ်ထားတဲ့ အချိန်ကာလတစ်ခုကို ရောက်ရှိသွားလို့ သင်ရိုးပြီးဆုံးခြင်းထက် သတ်မှတ်ထားတဲ့စွမ်းရည်ကို ပိုင်ဆိုင်နေပြီဖြစ်ကြောင်း သက်သေပြနိုင်မှသာ နောက်တစ်ဆင့်ကို တက်ရောက်ခွင့်ရရှိမှာဖြစ်ပါတယ်။ (တစ်ဦးချင်းအနေဖြင့် တိုးတက်မှု (Self-paced Progress)နှုန်းထားတွေရရှိလာနိုင်ပါတယ်)။
လုပ်ငန်းခွင်နဲ့ဆက်စပ်မှု။ ခေတ်မီလာတဲ့ အလုပ်အကိုင် ဈေးကွက်ရဲ့လိုအပ်ချက်တွေ (ဥပမာ- ဝေဖန်ပိုင်းခြားတွေးခေါ်မှု၊ ပြဿနာဖြေရှင်းမှု၊ ဆက်သွယ်ပြောဆိုမှု၊ ပူးပေါင်းဆောင်ရွက်မှု စတဲ့၂၁ ရာစု စွမ်းရည်တွေ)ကို တိုက်ရိုက်ဖြည့်ဆည်းပေးရန် ရည်ရွယ်ပါတယ်။
လက်တွေ့သင်ယူမှု။ ဆွေးနွေးပို့ချချက်တွေသာမဟုတ်ဘဲ လက်တွေ့လုပ်ဆောင်ခြင်း၊ အခန်းကဏ္ဍခွဲ၍ ဆောင်ရွက်ခြင်းနဲ့ စမ်းသပ်မှုတွေကို အသုံးပြုပါတယ်။
ထို့ကြောင့် စွမ်းရည်အခြေခံပညာရေးဟာ ကျောင်းသားတွေကို လက်တွေ့ဘဝမှာ အောင်မြင်စွာ ရင်ဆိုင်နိုင်ရန်အတွက် လိုအပ်တဲ့ ကျွမ်းကျင်မှုတွေ ပေးစွမ်းနိုင်ရေးကို ပိုမိုရည်ရွယ်တဲ့ ခေတ်ရေစီးကြောင်း တစ်ခုဖြစ်ပါတယ်။
စွမ်းရည်အခြေခံပညာရေးနဲ့ သမားရိုးကျပညာရေး ကွာခြားချက်
NSSA (National Skills Standards Authority) ကျွမ်းကျင်လက်မှတ်မှ အခွင့်အလမ်းအသစ်တစ်ခု
မြန်မာနိုင်ငံမှာ တက္ကသိုလ်ဝင်တန်းကို အောင်မြင်ခဲ့ရင် ဘဝအောင်မြင်သွားမယ်လို့ မိဘ၊ သားသမီးအများစုက ယုံကြည်လာကြတာ သက်တမ်းကြာရှည်ခဲ့ပါပြီ။ အဲဒီလို အိပ်မက်သဘောထားတွေက တစ်စိတ်တစ်ဒေသအနေနဲ့ မှန်ကန်သော်လည်း တက္ကသိုလ်ဝင်တန်း မအောင်မြင်သူတစ်ယောက်ဟာ ဘဝအောင်မြင်နိုင်စွမ်း ပျောက်ကွယ်သွားတယ်ဆိုတဲ့ ယုံကြည်ချက်က အမှန်မဟုတ်တော့တဲ့ ခေတ်အခါတစ်ခုကို မြန်မာနိုင်ငံက ကျော်ဖြတ်လာနေပါပြီ။
ခိုင်မာအားကောင်းတဲ့ အလုပ်အကိုင်ဈေးကွက်၊ တိုးတက်ပြောင်းလဲနေတဲ့ စက်မှုထုတ်လုပ်ရေး၊ မြင့်မားလာတဲ့ နိုင်ငံတော်ဖွံ့ဖြိုးရေး လိုအပ်ချက်တွေအရ လက်တွေ့ကျကျ ကျွမ်းကျင်တတ်မြောက်ကြသူလို့ခေါ်တဲ့ လူသားအရင်းအမြစ်အမျိုးအစားဟာ ဒီနေ့ခေတ် အလုပ်အကိုင်ဈေးကွက်အတွက် အလွန်အင်မတန်အရေးကြီးလာနေပါပြီ။
ဒီလိုအခြေအနေတွေကြားမှာ တက္ကသိုလ်ဝင်တန်းမအောင်မြင်သေးတဲ့သူတွေကို လုပ်ငန်းခွင်လမ်းမပေါ် သေချာပေါက် ပြန်လည်လျှောက်လှမ်းစေနိုင်မယ့် အကြောင်းအရာတစ်ခုရှိပါတယ်။ ဒါကတော့ မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှုစံသတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (National Skills Standards Authority - NSSA)ကျွမ်းကျင်မှုလက်မှတ်ပဲဖြစ်ပါတယ်။
ဒီ NSSA လက်မှတ်က အတန်းပညာမပြီးမြောက်သူများတောင် တက်တက်ကြွကြွနဲ့ ဆောင်ရွက်ပါက ကျွမ်းကျင်သူ(Skilled Worker)၊ ကြီးကြပ်သူ (Supervisor)၊ နည်းပညာကျွမ်းကျင်သူ (Technician) တွေအထိ ဖြစ်နိုင်ပြီး ပြည်တွင်းပြည်ပ အလုပ်အကိုင်ဈေးကွက်ထဲက အလွန်ကြီးမားတဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးလို့ တကယ့်လက်တွေ့ဘဝကို ပြောင်းလဲစေနိုင်မယ့်လမ်းတစ်ခုဆိုတာ အများပြည်သူတို့ သိရှိနားဝင်သွားဖို့လိုအပ်တဲ့အချိန်အခါပါပဲ။
တက္ကသိုလ်ဝင်တန်း မအောင်မြင်သေးတာကြောင့် “ကျွမ်းကျင်မှုတွေကို ပြသနိုင်မယ့်နေရာမရှိတော့ဘူး” လို့မထင်ပါနဲ့။ အမှန်တရားကတော့ တက္ကသိုလ်ကနေ ပြီးမြောက်အောင်မြင်တဲ့သူတွေဟာ စာသင်ယူတတ်မြောက်နိုင်မှုကိုပြသနိုင်ကြပြီး NSSA လက်မှတ်ရ ကျွမ်းကျင်သူတွေကတော့ တကယ့်လက်တွေ့ ကျွမ်းကျင်တတ်မြောက်မှုကို ပြသနိုင်ကြပါတယ်။
တက္ကသိုလ်ကျောင်းသားတွေအများစုမှာ ယုတ္တိရှိရှိ တွေးခေါ်နိုင်စွမ်း၊ အခြေခံသိပ္ပံ အသိပညာ၊ သင်ယူနိုင်စွမ်း၊ စည်းကမ်း စတဲ့ စွမ်းဆောင်ရည်တွေရှိကြပါတယ်။
လက်တွေ့ကျွမ်းကျင်မှုတွေကိုတော့ တစ်နှစ် သို့မဟုတ် နှစ်နှစ် နည်းပညာဆိုင်ရာ သို့မဟုတ် ရွေ့လျားသင်တန်းတွေနဲ့ သက်မွေးပညာတွေကို တည်ဆောက်လိုက်မယ်ဆိုပါက အလုပ်အကိုင်ဈေးကွက်က လက်ခံတဲ့ ကျွမ်းကျင်သူမှတစ်ဆင့် နည်းပညာကျွမ်းကျင်သူ(Technician) တစ်ယောက်ဖြစ်လာနိုင်ပါတယ်။
NSSA သတ်မှတ်ထားတဲ့ အဆင့်(၄)ဆင့် သို့မဟုတ် ဘဝလုပ်ငန်း အောင်မြင်ရေးလမ်းသွယ်(၄)ခုNSSA ရဲ့ အလုပ်အကိုင်အသိအမှတ်ပြု အဆင့်(၄)ဆင့်က ကြီးမားတဲ့ အသုံးချနိုင်စွမ်းတွေကိုပါ တွဲဖက်ထားပါတယ်။ NSSA အဆင့်(၂) / အဆင့်(၃)ကိုရရှိသွားရင် တက္ကသိုလ်ဝင်တန်း မအောင်မြင်သေးတဲ့သူတွေတောင် နည်းပညာကျွမ်းကျင်သူ (Technician)တွေဖြစ်လာနိုင်ပါတယ်။ NSSA အဆင့်(၄)ကိုသာ ရရှိခဲ့မယ်ဆိုပါက ကြီးကြပ်သူ (Supervisor)တောင်မှ ဖြစ်လာနိုင်ပါတယ်။ ဒီလိုဆိုရင် ဝင်ငွေလစာနှုန်းက တော်တော်ကိုပြောင်းလဲသွားပါပြီ။
အလုပ်အကိုင်ဈေးကွက်ရဲ့ အမှန်တကယ်လိုအပ်ချက်က “စာမေးပွဲအောင်မြင်သူ” မဟုတ်ဘူး၊ “အလုပ်အကိုင်ကျွမ်းကျင်တတ်မြောက်သူ” သာဖြစ်ပါတယ်။ မည်သည့်နိုင်ငံမဆို အလုပ်ဈေးကွက်အတွင်း လိုအပ်ချက်(၃)မျိုးရှိပါတယ်-
(၁) မြင့်မားသောပညာရပ်ဆိုင်ရာ ပညာရှင်များ (Professionals)
ဥပမာ - ဆရာဝန်၊ အင်ဂျင်နီယာ၊ စီးပွားရေးဆိုင်ရာ/ အချက်အလက်ဒေတာဆန်းစစ်သူ
(၂) နည်းပညာကျွမ်းကျင်သူများ (Skilled Technicians)
ဥပမာ - လျှပ်စစ်ပညာရှင် (Electrician)၊ ဂဟေဆက်ပညာရှင် (Welder)၊ စက်ပြင်သူ (Machinist)၊ စက်ဆိုင်ရာ နည်းပညာကျွမ်းကျင်သူ(Machinery Technician)၊ လေအေးပေးစက်ပညာရှင်(ACTechnician)၊ ဆောက်လုပ်ရေးဆိုင်ရာ နည်းပညာကျွမ်းကျင်သူ (Construction Technician)
(၃) ကျွမ်းကျင်မှုမရှိသော အလုပ်သမား သို့မဟုတ် သာမန် အလုပ်သမား (Unskilled Labour)
ထိုင်း၊ မလေးရှား၊ စင်ကာပူနိုင်ငံတို့တွင် အထက်ပါအချက်အမှတ်(၂)အပေါ်တွင် မူတည်ပြီး စီးပွားရေးအင်ဂျင်ကြီးတွေကို လည်ပတ်ထားပါတယ်။ ထို့အတူ မြန်မာနိုင်ငံရဲ့ အလုပ်အကိုင် ဈေးကွက်မှာလည်း နည်းပညာကျွမ်းကျင်သူတွေ အများကြီးလိုအပ်နေပြီး ၎င်းနည်းပညာကျွမ်းကျင်သူတွေက NSSA လက်မှတ်နဲ့ အလွန်မြင့်မားတဲ့ တန်ဖိုးရှိတဲ့အလုပ်တွေကို ရရှိလုပ်ကိုင်နိုင်နေကြပါပြီ။
NSSA Skilled Worker ဖြစ်နိုင်ကြောင်း သက်သေ(၇)မျိုး
၁။ နိုင်ငံတစ်လွှားမှာရှိတဲ့ TVET Centers တွေဟာ အဓိကအားဖြင့် တက္ကသိုလ်ဝင်တန်း မအောင်မြင်သေးတဲ့သူတွေကိုပဲ ပစ်မှတ်ထား လေ့ကျင့်ပေးရန် ဦးတည်အကောင်အထည်ဖော်ဆောင်ရွက်ပေးနေပါတယ်။
၂။ NSSA ဆန်းစစ်ချက် (NSSA Assessment) ဟာ စာမေးပွဲမဟုတ်ဘဲ လုပ်ငန်းအခြေပြု ကျွမ်းကျင်မှုစစ်ဆေးရေး (Task-Based Competency Test) ဖြစ်ပါတယ်။
၃။ သင်တန်း ၃ လ – ၆ လနဲ့ ကျွမ်းကျင်မှုအဆင့် (Skill Level) တက်နိုင်ပါတယ်။
၄။ အာဆီယံနိုင်ငံတွေရဲ့ အလုပ်အကိုင်ဈေးကွက်က NSSA Level 3 = AQRF Level 4 Technician ကို လက်ခံပါတယ်။
၅။ ကိုရီးယား EPS ၊ ဂျပန် TITP ၊ မလေးရှားနဲ့ စင်ကာပူနိုင်ငံတို့သို့ အလုပ်သမားအဖြစ် ထွက်ခွာလိုသူအများစုအတွက် လိုအပ်သောကျွမ်းကျင်မှုစစ်ဆေးရေး (Skill Test) တွေဟာလက်တွေ့ပညာစွမ်းရည် (Workshop Skills)၊ စက်ကိရိယာတွေ အသုံးချနိုင်မှု (Machine Skills)နဲ့ ဂဟေဆက်ခြင်းကျွမ်းကျင်မှု (Welding Skills)တို့ကို အဓိကထား စစ်ဆေးလေ့ရှိပါတယ်။
၆။ ပုဂ္ဂလိကပိုင်စက်ရုံတွေ၊ လုပ်ငန်းခွင်တွေနဲ့ စက်မှုလုပ်ငန်းတို့တွင် ကျွမ်းကျင်မှုလက်မှတ်ရရှိထားသူ အလုပ်သမားတွေကို လစာပိုမို၍ ပေးအပ်လေ့ရှိပါတယ်။
၇။ မြန်မာ့စက်မှုလုပ်ငန်းခွင်တွေမှာ နည်းပညာကျွမ်းကျင်သူများ လိုအပ်မှုသည် ယနေ့အချိန်ထိ ကြီးမားသည့် စိန်ခေါ်မှုတစ်ရပ်အဖြစ် ရှိနေဆဲပဲဖြစ်ပါတယ်။ လျှပ်စစ်ပညာရှင်၊ စက်ပြင်သမား၊ ဂဟေဆက်သမား၊ အီလက်ထရောနစ်ပညာရှင် စတဲ့လက်တွေ့လုပ်ငန်းခွင် ကျွမ်းကျင်သူတွေကို စက်ရုံ၊ အလုပ်ရုံအသီးသီးတွင် “အမြဲတမ်းခေါ်ဆိုနေရသောနေရာ” အဖြစ်ရှိနေပါတယ်။ ဤအခြေအနေဟာ ထုတ်လုပ်မှုစွမ်းရည်၊ ကုန်ထုတ်စွမ်းအားနဲ့နိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကိုပါ ထိခိုက်စေသောရေရှည်ပြဿနာ တစ်ရပ်လည်းဖြစ်ပါတယ်။
NSSA လက်မှတ်ဟာ အသက်မွေးဝမ်းကျောင်းတိုးတက်ရေးအတွက် ဘယ်လိုအကျိုးသက်ရောက်သလဲ
၁။ အလုပ်ရှာရလွယ်ကူခြင်း
တက္ကသိုလ်ပညာရေး မပြီးဆုံးသူတွေလည်း NSSA အဆင့်(၂)/ အဆင့်(၃) လက်မှတ်ရရှိပါက အလုပ်ရှင်တွေထံမှ ယုံကြည်မှုရရှိကာ တစ်ခါတည်း နှစ်သက်သဘောကျမှုမျိုးကို လက်ခံရရှိစေနိုင်ပါတယ်။
၂။ လစာတိုးတက်မှုရှိလာခြင်း
ကျွမ်းကျင်နည်းပညာရှင်တစ်ဦးရဲ့ဝင်ငွေသည် စတင်ဝင်ငွေမှတစ်ဆင့် အတွေ့အကြုံရင့်ကျက်လာမှု အပေါ်မူတည်ပြီး ကျွမ်းကျင်မှုအဆင့်တက်လာကာ လစာတိုးတက်မှုရရှိလာမှာဖြစ်ပါတယ်။
၃။ နိုင်ငံခြား၌ အလုပ်လုပ်ကိုင်နိုင်ရန် အခွင့်အရေးများခြင်း
NSSA အဆင့်(၃)လက်မှတ်သည် ASEAN AQRF (ASEAN Qualifications Reference Framework) နဲ့ ချိတ်ဆက်ထားတာကြောင့် အခြားနိုင်ငံများကလည်း နည်းပညာကျွမ်းကျင်သူ အဆင့်အတန်းအဖြစ် အသိအမှတ်ပြုလက်ခံပေးပါတယ်။
၄။ ကိုယ်ပိုင်လုပ်ငန်းတည်ထောင်နိုင်ခြင်း (Entrepreneurship)
မည်သည့်နည်းပညာကိုမဆို ကျွမ်းကျင်စွာ တတ်မြောက်ထားပါက ကိုယ်ပိုင်စီးပွားရေးအဖြစ် စတင်နိုင်ပါတယ်။ လျှပ်စစ်ကျွမ်းကျင်သူ၊ မော်တာပြင်ဆင်ကျွမ်းကျင်သူ၊ စက်ကိရိယာအသုံးပြု ကျွမ်းကျင်သူ စတဲ့ကျွမ်းကျင်မှုတစ်ခုတည်းဖြင့်ပင် ကိုယ်ပိုင်လုပ်ငန်းငယ် တစ်ခုကို စတင်တည်ထောင်၍ ရပ်တည်နိုင်ပါတယ်။
NSSA လက်မှတ်ဟာ ပညာရေးလမ်းကြောင်း တစ်ခုတည်းကို မှီခိုနေရခြင်းမှ လွတ်မြောက်စေပြီး လက်တွေ့အရည်အချင်းကို အသိအမှတ်ပြုပေးသော လမ်းကြောင်းအသစ်တစ်ခုဖြစ်ကာ ဝင်ငွေတိုးတက်မှုမှသည် နိုင်ငံတကာအထ ိရောက်ရှိနိုင်တဲ့ အခွင့်အလမ်းများကို ဖွင့်လှစ်ပေးထားပါတယ်။
အတန်းပညာမပြီးတာဟာ “အဆုံးမဟုတ်ဘူး” လို့ ပြောဖို့အချိန်ရောက်ပြီဘဝမှာအောင်မြင်ဖို့ဆိုတာ စာအုပ်ထဲက အသိပညာတစ်ခုတည်းမဟုတ်ပါ။ လက်တွေ့တတ်မြောက်တဲ့စွမ်းရည်နဲ့ ထိုစွမ်းရည်ကို တရားဝင်အတည်ပြုပေးတဲ့လက်မှတ်(Certification) တို့သာ အဓိကကျပါတယ်။
အတန်းပညာမပြီးဆုံးသူများအနေနဲ့ မိမိတို့ရဲ့ဘဝဟာမတည်မြဲ၊ မရေရာဟု လုံးဝမယူဆသင့်ပါ။ နည်းပညာရပ်တစ်ခုကို စနစ်တကျတတ်မြောက်အောင်မြင်ခဲ့ပါက ၎င်းတို့ဟာ နည်းပညာကျွမ်းကျင်သူ
(Technician) သို့မဟုတ် ကျွမ်းကျင်သူ (Skilled Worker) အဖြစ် မြန်မာနိုင်ငံရဲ့ စက်မှုနဲ့စီးပွားရေးအတွက် အလွန်အရေးပါတဲ့ “ထုတ်လုပ်မှု အင်ဂျင်” တစ်ခုအဖြစ် ရပ်တည်နိုင်မှာပဲဖြစ်ပါတယ်။
NSSA ကျွမ်းကျင်လက်မှတ်ဟာ ဤခရီးအတွက် အကောင်းဆုံးသော စတင်မှတ်တိုင် (Start Point) တစ်ခုပဲဖြစ်ပါတယ်။ အတန်းပညာမပြီးဆုံးသူများပင် NSSA Skill Certificate ကိုရယူခြင်းဖြင့် မိမိရဲ့အနာဂတ်ကိုတည်မြဲအောင် တည်ဆောက်နိုင်မှာပဲဖြစ်ပါတယ်။
NSSA ကျွမ်းကျင်လက်မှတ်ရယူရန်လမ်းညွှန်
၁။ ဘယ်လိုစရမလဲ။ မိမိစိတ်ဝင်စားရာ သင်ယူလိုသော နည်းပညာဘာသာရပ်ကိုရွေးချယ်ပါ (ဥပမာ - ဂဟေဆက်ခြင်း၊ လျှပ်စစ်ကျွမ်းကျင်သင်တန်း၊ စက်ချုပ်ခြင်း(အခြေခံ)၊ အဆောက်အအုံဆောက်လုပ်ရေး၊ ပိုက်ဆက်ပြုပြင်ခြင်း၊ မော်တော်ယာဉ်ပြုပြင်ခြင်း၊ လေအေးပေးစက်၊ ရေခဲသေတ္တာပြုပြင်ခြင်း၊ ဟိုတယ်နဲ့ ဧည့်ခံကျွမ်းကျင်မှုများ၊ အိုင်စီတီအခြေခံကျွမ်းကျင်မှုများ စသဖြင့်)။ NSSA ရဲ့ ညွှန်ကြားထားတဲ့ သင်တန်းကျောင်းတွေမှာ စာရင်းသွင်းပါ။ သက်ဆိုင်ရာအဆင့်အတန်းအတွက် သင်တန်းတက်ရောက်ပြီး လိုအပ်တဲ့ လက်တွေ့နဲ့ ဆန်းစစ်ချက်တွေကို ဖြေဆိုအောင်မြင်ရပါမယ်။
၂။ ဘယ်သူနဲ့ ဆက်သွယ်ရမလဲ။ NSSA ရဲ့ တရားဝင်ဝက်ဆိုက်နဲ့ လူမှုကွန်ရက်စာမျက်နှာတွေမှတစ်ဆင့် NSSA မှ အသိအမှတ်ပြုထားတဲ့သင်တန်းကျောင်းတွေ (Authorized Training Centers) သို့ တိုက်ရိုက်ဆက်သွယ်စုံစမ်းနိုင်ပါတယ်။
၃။ ဘယ်အဖွဲ့အစည်းတွေကလက်ခံသလဲ။ NSSA လက်မှတ်ကို နိုင်ငံတော်မှ တရားဝင်အသိအမှတ် ပြုထားပြီး ပြည်တွင်းရှိ ပုဂ္ဂလိကနဲ့ အစိုးရစက်ရုံအလုပ်ရုံအများစုက လက်ခံပါတယ်။ အာဆီယံရဲ့ AQRF (ASEAN Qualifications Reference Framework) စနစ်နဲ့ ချိတ်ဆက်ထားတာကြောင့် အာဆီယံနိုင်ငံတို့တွင်လည်း ကျွမ်းကျင်မှုအဆင့်အတန်းအဖြစ် အသိအမှတ်ပြုခံရမှာဖြစ်ပါတယ်။ နိုင်ငံရပ်ခြား၌ အလုပ်အကိုင်ရှာဖွေရာတွင် မရှိမဖြစ် စံချိန်စံညွှန်းတစ်ခုအဖြစ် အသုံးပြုနိုင်ပါတယ်။
သို့ပါ၍ ကျောင်းပညာရေးရဲ့ တစ်ခုတည်းသော လမ်းကြောင်းတွင် မပြည့်စုံသော်လည်း NSSA ကျွမ်းကျင်လက်မှတ်သည် သင့်အားဘဝအောင်မြင်မှုကို ခုန်ပျံကျော်လွှားရယူနိုင်တဲ့ လမ်းကြောင်းသစ်တစ်ခုအနေနဲ့ ဖွင့်လှစ်ပေးလိမ့်မှာဖြစ်ပါကြောင်း အသိပေးရေးသား တင်ပြအပ်ပါတယ်။ ။
MWD
