အရာရှိကောင်းများပေါ်ထွန်းရေးသည်ဆရာ့တာဝန်
Posted_Date
Image
Body
ကိုယ်စိတ်နှလုံးသုံးပါးလုံးဖြူစင်ကြသူများ၊ ကိုယ်အမူအရာ၊ နှုတ်အမူအရာ ယဉ်ကျေးသိမ်မွေ့သူများ၊ စိတ်ကောင်း စေတနာကောင်းရှိပြီး ထက်မြက်ကြသူများ အရာရှိဖြစ်လာသောအခါ အရာရှိကောင်းများ ဖြစ်လာကြသည်၊၊ အရာရှိကောင်းများသည် လူလူချင်းတန်ဖိုးထားဆက်ဆံသည်။ မိမိဝန်ထမ်းတစ်ဦးချင်းစီအပေါ် တန်ဖိုးထား ကြသည်။ အပြောအဆို ညင်သာ၍ လိမ္မာပါးနပ်ကြသည်၊၊ သိမ်မွေ့ကြသည်။ မိမိအကျိုးထက် အများအကျိုးကိုရှေ့ တန်းတင်သည်။ အတ္တနှင့်ပရ မျှတစွာအလုပ်ကိုင်ကြသည်။ ထိုလူမျိုးတို့သည် နိုင်ငံ အေးချမ်းသာယာရေး ဖွံ့ဖြိုးတိုး တက်ရေးတို့ကို အားသွန်ခွန်စိုက်လုပ်ကိုင်ရန် လိုလားသူများ ဖြစ်ကြသောကြောင့် နိုင်ငံက အားထားရသည့် နိုင်ငံသားကောင်း၊ နိုင်ငံဝန်ထမ်းကောင်းများဖြစ်ကြလေသည်။
စိတ်ကောင်းမရှိသောသူ၊ စိတ်သဘောပုပ်သောသူ၊ အတ္တကြီးသောသူ၊ သဘောထားမပြည့်ဝသောသူ၊ အမျက်ဒေါသ ကြီးသောသူများ အရာရှိဖြစ်လာသောအခါ အရာရှိဆိုးများ ဖြစ်လာကြသည်။ ထိုလူမျိုးတို့သည် နိုင်ငံအေးချမ်း သာယာရေးဖွံ့ဖြိုးတိုးတက်ရေးတို့ကို အားသွန်ခွန်စိုက်လုပ်ကိုင်ရန် လိုလားသူများမဟုတ်ကြပေ။ အရာရှိဆိုးများ သည် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးကို အနှောက်အယှက်ပေးသူများ ဖြစ်လာကြသည်။ အကြောင်းမူကား ထိုအရာရှိဆိုးများသည် မိမိ ရထားသောရာထူး အပေါ်တွင် အလွန်မောက်မာသည်။ အာဏာကို အလွဲသုံးစား လုပ်ကြသည်။ လက်အောက်ငယ်သားအပေါ် သနားညှာတာမှု အလျဉ်းမရှိ။ ကြင်နာမှုမရှိ။ ကိုယ်ချင်းစာတရားမရှိ။ ယူထားသောရာထူးနှင့်မတန်သောအကျင့်ကို ကျင့်ကြံကြသည်။ အရာရှိကြီး ရာထူးယူထားသော်လည်း အပြုအမူ အပြောအဆိုကား အောက်တန်းစားဆန်သည်။ ငါးစိမ်းသည်လို၊ လမ်းဘေးအောက်တန်းစားလို နင်လားငါလား ထင်ရလောက်အောင် ကိုယ်အမူအရာ၊ နှုတ်အမူအရာ ကြမ်းတမ်းရိုင်းစိုင်းကြသည်။ မိမိ လက်အောက်ငယ်သား အပေါ် အော်ဟစ်ဆဲဆို ငေါက်ငမ်း၍ အရာရှိတန်မဲ့ အောက်တန်းစား အပြုအမူ ပြုမူနေသည်ကိုပင် အရှက်မရှိ ဂုဏ်ဆာ နေသူများဖြစ်ကြသည်။ လက်အောက်ငယ်သားပေါ် အပြစ်သာရှာကြံနေတတ်သည်။ လူကြားသူကြား မရှောင် မိမိလက်အောက်ငယ်သားအား ချေငံစွာမပြောဘဲ အော်ဟစ်ကြိမ်းမောင်း ဆဲဆိုနေသည့် မိမိ၏ လုပ်ရပ်ကို ရှက်စရာ ကောင်းမှန်းမသိ၊ အရှက်မရှိ အောက်တန်းကျနေသော အောက်တန်းစား အရာရှိဆိုးများ ဖြစ်ကြသည်။ ထိုအရာရှိ ဆိုးများသည် အထက်ဖား၍အောက်ကိုသာ ဖိတတ်သောအခွင့်အရေးယူတတ်သော အရာရှိဆိုးများ ဖြစ်ကြသည်။ ထိုအရာရှိဆိုးများကြောင့် လက်အောက်ငယ်သားများ လုပ်ငန်းခွင်တွင် ပျော်ရွှင်မှုမရှိတော့ပါ။ အလုပ်လုပ်နေရ သော်လည်း မိမိလုပ်ဆောင်မှုအပေါ် မည်သို့အပြစ်တင်မလဲ။ ကြိမ်းမောင်းခံရမည်လား ဆိုသည်ကို မိမိ၏စိတ်တွင် အမြဲကြောင့်ကြနေကြရသည်။ စိုးရိမ်နေကြရသည်။ ငါတကောကောပြီး ယုတ်ညံ့ကြမ်းတမ်းသည့် စကားလုံးများ နှင့်နှိုင်း၍ ပြောဆိုနေသော အထက်လူကြီးကို လက်အောက်ငယ်သားများက ရွံကြောက် ကြောက်လာသည်သာမက ရွံမုန်း မုန်းလာသည်။ မလွှဲသာမရှောင်သာဆက်ဆံရသည့် အထက်အောက် ဆက်ဆံရေးမှလွဲ၍ ကျန် လက်အောက်ငယ်သားများ က အဝေးမှ ရှောင်လာကြသည်။ အထက်အရာရှိဆိုးသည့် လုပ်ငန်းခွင်သည် မနွေးထွေးတော့။ ပျော်စရာမဖြစ်တော့။ အထက်အရာရှိဆိုး၏ ဆိုးရွားသော စရိုက်ဆိုးကြောင့် ဝန်ထမ်းကောင်းများ အဝေးသို့ ရှောင်ခွာကုန်သည့်အပြင် ဝန်ထမ်းငယ်များသည်လည်း မကောင်းသည့်အကျင့်ဆိုးကို အတုမြင် အတတ်သင် ကာ အပြောအဆို၊ အနေအထိုင် မောက်မာရိုင်းစိုင်းလာကြသည်။
အရာရှိဆိုးမပေါ်ထွန်းရေး၊ အရာရှိကောင်းများပေါ် ထွန်းရေးအတွက် မည်သူတို့မှာ တာဝန်ရှိပါသလဲဟု တွေးကြည့်လျှင် အဓိကတာဝန်ရှိသူတွေက ဆရာ၊ ဆရာမများသာ ဖြစ်လာ ပါသည်။ လူသားများကိုလိုသလို ပုံသွင်းပြုပြင်ယူနိုင်သူများသည် ဆရာ၊ ဆရာမများသာဖြစ်ပါသည်။ ဆရာ၊ ဆရာမများသည် တပည့်တို့၏ စံနမူနာကောင်းများဖြစ်ကြပါသည်။ ယဉ်ကျေးသိမ်မွေ့ပြီးထက်မြက်သည့် တပည့်များ မွေးထုတ်မည်လား။ ရိုင်းစိုင်းကြမ်းတမ်းပြီး ထက်မြက်သော လူတော်လူမကောင်းတွေ မွေးထုတ်မည်လား ဆိုသည်မှာ မွေးထုတ်သော ဆရာ၊ ဆရာမပေါ်သာမူတည်ပါသည်။ ထို့ကြောင့် ဆရာဆိုသည်မှာ သင်ကြားရေးတွင် အသင်အပြကောင်းနေရုံနှင့်မရပါ။ ဆရာတစ်ယောက်သည် မိမိကိုယ်တိုင်က ကိုယ်စိတ်နှလုံးသုံးပါးလုံး ဖြူစင် နေရ ပါမည်။ ကိုယ်အမူအရာ၊ နှုတ်အမူအရာယဉ်ကျေးသိမ်မွေ့နေရပါမည်။ စိတ်ကောင်းစေတနာကောင်း ရှိရပါမည်။ ယင်းကဲသို့အင်္ဂါရပ်များနှင့် ပြည့်စုံနေသော ဆရာကောင်း ကသာ စိတ်ကောင်းနှလုံးကောင်းရှိပြီး ကိုယ်စိတ်နှလုံး နူးညံ့သိမ်မွေ့ထူးချွန် ထက်မြက်သော ကျောင်းသားများ မွေးထုတ်နိုင်မည်ဖြစ်ပါသည်။ ဆရာကိုယ်တိုင် က ကြမ်းတမ်း ခက်ထန် နေလျှင် ၎င်းမွေးထုတ်သောတပည့်များကလည်း ၎င်းကဲ့သို့ပင် ကြမ်းတမ်းသောတပည့်များ ဖြစ်လာမည် ဖြစ်ပါ သည်။ တံငါနားနီး တံငါ၊ မုဆိုးနားနီး မုဆိုး၊ ရွှေပင်နားတော့ ရွှေကျေး၊ ငွေပင် နားတော့ ငွေကျေး ဆိုသကဲ့သို့ အတုမြင်အတတ်သင်အရွယ် ဖြစ်သောကြောင့် ဆရာ့ပုံစံအတိုင်း ထွက်လာမည် ဖြစ်ပေသည်။ ကြမ်းတမ်း ခက်ထန်သူ မွေးထုတ်လိုက်သောတပည့်များသည် ပညာရပ်နယ်ပယ် အသီးသီး ရောက်သွားပြီး အရာရှိ ဖြစ်လာ ချိန်မှာတော့ အရာရှိဆိုးများ ဖြစ်လာရန် ရာခိုင်နှုန်းများ လာပါသည်။
ထို့ကြောင့် ဆရာလောင်းတွေကို မွေးထုတ်ရာမှာ ပညာပြည့်ဝပြီး နှလုံးလှအောင် မွေးထုတ်ပေးဖို့လိုအပ်ပါသည်။ ပညာပြည့်ဝပြီးနှလုံးလှသည့် ဆရာကသာ ပညာပြည့်ဝပြီးနှလုံးလှသည့် ဆရာလောင်းတွေကို မွေးထုတ်ပေး နိုင်မည် ဖြစ်သကဲ့သို့ ဆရာလောင်းဘဝမှာ ပညာပြည့်ဝပြီး နှလုံးလှအောင် လေ့ကျင့်ပျိုးထောင်ခံလိုက်ရသည့် ဆရာလောင်းတွေကသာ ကိုယ်စိတ်နှလုံး သုံးပါးလုံး ဖြူစင်သောကလေး၊ ကိုယ်အမူအရာ၊ နှုတ်အမူအရာ ယဉ်ကျေးသိမ်မွေ့သောကလေး၊စိတ်ကောင်းစေတနာကောင်းရှိသောကလေး၊ပညာဉာဏ်ပြည့်ဝသောကလေးများကို မွေးထုတ်ပေးနိုင်မှာဖြစ်ပါသည်။ ငယ်စဉ်ကတည်းက ကိုယ်စိတ်နှလုံးသုံးပါးလုံး ဖြူစင်သောကလေး၊ ကိုယ်အမူအရာ၊ နှုတ်အမူအရာ ယဉ်ကျေးသိမ်မွေ့သောကလေး၊ စိတ်ကောင်းစေတနာကောင်းရှိသောကလေး၊ ပညာဉာဏ် ပြည့်ဝသော ကလေးတွေကိုမွေးထုတ်ပေးနိုင်လျှင် ထိုကလေးများ နိုင်ငံတာဝန်ထမ်းဆောင်ချိန်တွင် အရာရှိကောင်း များ ဖြစ်လာမည်မှာ မလွဲဖြစ်ပါသည်။
ကိုယ်စိတ်နှလုံးသုံးပါးလုံး ဖြူစင်သောကလေး၊ ကိုယ်အမူအရာ၊ နှုတ်အမူအရာ ယဉ်ကျေးသိမ်မွေ့သော ကလေး၊ စိတ်ကောင်းစေတနာကောင်းရှိသောကလေး၊ ပညာဉာဏ်ပြည့်ဝသောကလေးများကို မွေးထုတ်ပေးနိုင်ရန်မှာ ဆရာ တစ်ယောက်၏ ကြီးလေးသောတာဝန်ဖြစ်ပါသည်။ ထိုတာဝန်ကိုကျေပွန်စွာ ထမ်းဆောင်နိုင်ရန် ဆရာ၏ ကိုယ် အမူအရာ၊ နှုတ်အမူအရာတို့ ယဉ်ကျေးသိမ်မွေ့ရပါမည်။ ကျေးညီနောင်ပုံပြင် ကဲသို့ ကိုယ်အမူအရာ၊ နှုတ်အမူအရာ ယဉ်ကျေးသိမ်မွေ့သောဆရာထံတွင် ပညာသင်ကြားရသောကလေး တို့သည် ကိုယ်အမူအရာ၊ နှုတ်အမူအရာ ယဉ်ကျေးသိမ်မွေ့ပြီး ထို့ကိုယ်အမူအရာ၊ နှုတ်အမူအရာယဉ်ကျေး သိမ်မွေ့မှုမရှိ၊ ကြမ်းတမ်းသောဆရာထံတွင် ပညာသင်ကြားရသော ကလေးတို့သည် ကိုယ်အမူအရာ၊နှုတ် အမူအရာ ယဉ်ကျေးသိမ်မွေ့မှုမရှိဘဲ ကြမ်းတမ်း လာပေမည်။ ဆရာတစ်ယောက်၏ ကိုယ်အမူအရာ၊ နှုတ်အမူအရာ ယဉ်ကျေးသိမ်မွေ့မှုသည် ကိုယ်အမူအရာ၊ နှုတ်အမူအရာ ယဉ်ကျေးသိမ်မွေ့သောတပည့်များ ပေါ်ထွန်းရန် အခြေခံအကျဆုံး အချက် ဖြစ်ပေသည်။ ထို့အပြင် ပညာဉာဏ်ပြည့်ဝသောဆရာသည် တပည့်အား မိမိ ထက်ထူးကဲသာလွန်အောင် လမ်းညွှန်ပြသနိုင်မည် ဖြစ်ပေရာ ဆရာ၏ ပညာဉာဏ်ပြည့်ဝမှုသည်လည်း ပညာဉာဏ်ပြည့်ဝသောတပည့်များ ပေါ်ထွန်းရန် အခြေခံ အကြောင်းတရား တစ်ရပ် ဖြစ်ပေသည်။ စိတ်ကောင်း၊ စေတနာကောင်းရှိသော တပည့်မျိုး မွေးထုတ်ရန်မှာလည်း ဆရာ ကိုယ်တိုင် က စိတ်ကောင်း၊ စေတနာကောင်းရှိရန်လိုပေသည်။ ဆရာကိုယ်တိုင်က မိမိကိုယ်မိမိစိတ်ကောင်း စေတနာကောင်း ရှိအောင် မွေးမြူပြီးမှသာ တပည့်ကလေးများအား စိတ်ကောင်း၊ စေတနာကောင်းရှိအောင် ထိန်းကျောင်း မွေးမြူ နိုင်ပေမည်။ ကိုယ်အမူအရာယဉ်ကျေးခြင်း၊ နှုတ်အမူအရာ ယဉ်ကျေးခြင်းကို အလေ့အကျင့်ဖြင့် မွေးမြူနိုင်သကဲ့သို့ စိတ်ကောင်း၊ စေတနာကောင်း ရှိမှုကိုလည်း အလေ့အကျင့်ဖြင့်မွေးမြူနိုင်ပါသည်။ ထိုအလေ့အကျင့်ကို ဆရာက လေ့ကျင့်ပေးရပါမည်။ စိတ်ကောင်း၊ စေတနာကောင်းရှိသော ဆရာတစ်ယောက်သည် မိမိ၏မကောင်းသောစိတ်၊ မကောင်းသောအလေ့အကျင့်ဆိုးကို တဖြည်းဖြည်းပြုပြင်ရင်း စိတ်ကောင်း၊နှလုံးကောင်းရှိ အောင်မွေးမြူ လေ့ကျင့် ယူခဲ့သကဲ့သို့ တပည့်များ၏မကောင်းစိတ်ကိုပြုပြင်ရန် ဖြစ်ပြီးသောကိစ္စတစ်ခုတွင် မည်သည့်အချက်က မှားနေသည်၊ မည်သည့်စိတ်ထားမျိုးသည် မကောင်းကြောင်း၊ နောက်တစ်ကြိမ်လျှင် ထိုစိတ်မျိုးမရှိအောင် ပြင်ဆင်ရမည် စသည်ဖြင့် မကောင်းသောစိတ်ကို ကောင်းသောစိတ်ရောက်အောင် တဖြည်းဖြည်းလေ့ကျင့်သင်ကြားပေးပြီးပြုပြင်ယူသွားမည်ဖြစ်ပေသည်။ ဆရာတစ်ယောက်၏ စိတ်ကောင်းစေတနာကောင်းရှိမှုသည် စိတ်ကောင်း စေတနာကောင်းရှိသော တပည့်များ ပေါ်ထွန်းရန် အခြေခံကျသော အချက်တစ်ချက်ဖြစ်ပေသည်။
အချုပ်ဆိုရသော် ပညာပြည့်ဝပြီးနှလုံးလှသည့် ဆရာ၊ဆရာမလောင်းတွေကို မွေးထုတ်ပေးနိုင်မှသာ ထိုဆရာ၊ဆရာမများ၏ ကိုယ်စိတ်နှလုံးသုံးပါးလုံး ဖြူစင်သောကလေး၊ ကိုယ်အမူအရာ၊ နှုတ်အမူအရာ ယဉ်ကျေးသိမ်မွေ့သောကလေး၊ စိတ်ကောင်းစေတနာကောင်းရှိသောကလေး၊ ပညာဉာဏ်ပြည့်ဝသောကလေးများကို မွေးထုတ် ပေးနိုင်မည် ဖြစ်ပါသည်။ ထိုကလေးများသည်သာ အနာဂတ်မြန်မာနိုင်ငံတော်၏ အထက်လူကြီးကောင်း၊ အရာရှိ ကောင်းများ ဖြစ်လာကြမည်ဖြစ်ပေရာ နိုင်ငံတော်တွင် အရာရှိကောင်းများ ပေါ်ထွန်းရေးသည်လည်း ဆရာ၊ ဆရာမများ၏ တာဝန်တစ်ရပ်သာ ဖြစ်ပါတော့သည်။
