ဂုဏ်ပြုပါသည် သမားဇာနည် အောင်စစ်သည်များ

Posted_Date

Image

ဂုဏ်ပြုပါသည် သမားဇာနည် အောင်စစ်သည်များ

Body

တပ်မတော်ဆေးတက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၂၆) သင်တန်းဆင်းပွဲ ဂုဏ်ပြုဆောင်းပါး

      ဘဝဆိုသည်မှာ မွေးဖွားခြင်းအစနှင့် သေဆုံးခြင်းအကြား ရှင်သန်လှုပ်ရှားမှုကိုဆိုသည်။ လူသားတို့သည် ဘဝကို ရည်မှန်းချက်ကိုယ်စီဖြင့် လျှောက်လှမ်းကြသည်။ ထိုသို့ရည်မှန်းချက် ပန်းတိုင်ဆီသို့ လျှောက်လှမ်းရာတွင် ကျန်းမာရေးအထူးဂရုပြု ကြရမည်ဖြစ်သည်။ ယနေ့ဖွံ့ဖြိုးတိုးတက်နေသော နိုင်ငံများကို လေ့လာကြည့်လျှင် ကျန်းမာရေးကဏ္ဍကို အရှိန်အဟုန်မြှင့်တင်လျက်ရှိကြသည်။ စစ်မှန်သည့် လူသားအရင်းအမြစ်ကို ကုံလုံပြည့်ဝစွာ အသုံးချနိုင်ရေးအတွက် ကျန်းမာရေးသည် အခြေခံအုတ်မြစ်ပင်ဖြစ်သည်။ ပညာရေးဖြင့် ခေတ်မီနိုင်ငံတော်ကြီး တည်ဆောက်အံ့ဟု ကြွေးကြော်နေကြသော်လည်း ကျန်းမာရေးကောင်းမွန်မှသာ ပညာဆည်းပူးနိုင်မည်ဖြစ်သည်။ ထို့ကြောင့်လည်း ယနေ့ကမ္ဘာ့နိုင်ငံအသီးသီးတို့သည် ကျန်းမာရေးနှင့် ပညာရေးဒွန်တွဲ လုပ်ဆောင်ကြသည်။

နိုင်ငံတော်အတွင်း သဘာဝသယံဇာတ မည်သို့ပင်ပေါကြွယ်ဝစေကာမူ လူသားအရင်းအမြစ်နည်းပါးလျှင် ဖွံ့ဖြိုးတိုးတက်မှု နှောင့်နှေးနေမည်သာဖြစ်သည်။ စစ်ပြီးကာလ ယနေ့ဖွံ့ဖြိုးတိုးတက်နေသော နိုင်ငံများအား လေ့လာကြည့်လျှင် နိုင်ငံတော်ပြန်လည် ထူထောင်ရေးကြိုးပမ်း ဆောင်ရွက်ရာတွင် ကုန်ထုတ်လုပ်မှုထက် နိုင်ငံသားတို့၏ ကျန်းမာရေးကို ပထမဦးစားပေး ဆောင်ရွက်ခဲ့ကြသည်။ ထို့ကြောင့်လည်း တပ်မတော်အစိုးရလက်ထက်တွင် လူမှုရေးဦးတည်ချက် လေးရပ်တွင် စတုတ္ထအချက်အဖြစ် ‘‘တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည်မြင့်မားရေး’’ ဟူသည့်  ဦးတည်ချက်ဖြင့် ဖော်ဆောင်ခဲ့သည်။ 

ထို့နောက် တပ်မတော်ဆေးတက္ကသိုလ် ဖွင့်လှစ်တည်ထောင်ခဲ့ပြီး နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်နေသည့် တပ်မတော်သားများနှင့် မိသားစုဝင်များ အတွက်သာမက ပြည်သူလူထု၏ ကျန်းမာရေးအတွက် နှစ်စဉ်သမားဇာနည် အောင်စစ်သည်များအား မွေးဖွားပေးလျက်ရှိသည်။ ထို့ပြင် နယ်မြေစိုးမိုးရေးနှင့် လုံခြုံရေးတာဝန် ထမ်းဆောင်လျက်ရှိသော တပ်မတော်စစ်ကြောင်းနှင့် တပ်ခွဲများသည်လည်း မိမိတို့တာဝန်ထမ်းဆောင်နေသည့် ဒေသရှိ ပြည်သူတို့အား ဆေးကုသမှုနှင့် ကျန်းမာရေးအသိပညာပေး ပြုလုပ်ပေးလျက်ရှိသည်။ ယနေ့ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ဦးတည်ချက်(၄)ရပ်တွင်လည်း နိုင်ငံတော်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ခိုင်မာရေးအတွက် အမျိုးသားပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍတို့ကို အလေးထားမြှင့်တင်ရေးဟူသည့်အချက်သည် နိုင်ငံတော်အတွက်၊ လူသားအရင်းအမြစ်အတွက် ဦးတည်ခြင်းပင်ဖြစ်သည်။ နိုင်ငံတစ်နိုင်ငံတွင် လူဦးရေ များပြားသော်လည်း ပညာရေးနိမ့်ကျခြင်းနှင့် ကျန်းမာရေးချို့တဲ့မှုရှိမည်ဆိုလျှင်  အရေအတွက်မှအရည်အချင်းသို့  ဖြစ်လာလိမ့်မည်မဟုတ်ပါ။ ထို့ကြောင့် စစ်မှန်သည့် လူသားအရင်းအမြစ် ပြည့်ဝရေးအတွက် ကျန်းမာရေးကဏ္ဍသည် အဓိကမောင်းနှင်အားဖြစ်နေပေသည်။ 

ရှေးခေတ်မြန်မာ့တပ်မတော်၏ စစ်အင်္ဂါ ရှစ်ပါးတွင် စစ်ချီရာ၌ ‘‘ယောဓာယု’’ဟူသည့် စစ်အသက်(စားနပ်ရိက္ခာနှင့်ဆေးဝါး)ပါရှိကြောင်း ယောဓဗျူဟာကျမ်းတွင် အတိအလင်း    ဖော်ပြထားပေသည်။

(ထိုဖော်ပြချက်ကို ကထိက ဦးစိန်လွင်လေး ဝိဇ္ဇာ(ဂုဏ်ထူး)ဒီဂျေပြုစုသည့်  မြန်မာ့စစ်မှတ်တမ်းများနှင့် သေနင်္ဂဗျူဟာများစာအုပ်ထဲတွင် တွေ့ရှိရပါသည်။)

တိုင်းရင်းသားညီအစ်ကိုမောင်နှမများဖြင့် ဖွဲ့စည်းထားသော မြန်မာ့တပ်မတော်သည် နိုင်ငံတော်နှင့်ပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ်တို့ကို ကာကွယ်စောင့်ရှောက်လျက်ရှိရာတွင် နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးအတွက် အခြေခံအုတ်မြစ်ဖြစ်သည့် ပြည်သူလူထု ကျန်းမာရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ 

ယနေ့အခါ တပ်မတော်ဆေးတက္ကသိုလ်မှ မွေးဖွားပေးလိုက်သော သမားဇာနည်အောင်စစ်သည်တို့သည်  မြို့ပြများသာမက လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့် ကျေးလက်ဒေသအထိ သွားရောက်ပြီး ပြည်သူတို့ကိုဆေးကုသပေးခြင်း၊ကာကွယ်ဆေးပေးခြင်းနှင့် ကျန်းမာရေးအသိပညာပေးခြင်းများကို ‘‘စေတနာ၊ အကြင်နာ၊ ဘေးကင်းကွာ’’ဟူသည့် ဆောင်ပုဒ်နှင့်အညီ စစ်မှန်သည့်မေတ္တာတရားဖြင့် ကုသမှုနှင့် ကာကွယ်မှုများပြုလျက်ရှိသည်။ 

ယနေ့အခါ တပ်မတော်ဆေးတက္ကသိုလ်မှ မွေးဖွားပေးလိုက်သော  သမားဇာနည် အောင်စစ်သည်တို့သည်လူမျိုးမရွေး၊ ဘာသာမရွေး  စေတနာ၊ အကြင်နာ၊ ဘေးကင်းကွာဟူသည့် ဆောင်ပုဒ်နှင့်အညီ မြို့ပြနှင့် ကျေးရွာများသို့ တပ်မတော်ပိုင် ဆေးကုသရေး ယာဉ်များဖြင့် ကုန်းလမ်းခရီးဖြင့် လည်းကောင်း၊ ရေလမ်းခရီးဖြင့်လည်းကောင်း နိုင်ငံတော်အတွင်း လှည့်လည်၍ ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊ အရိုး၊အကြောရောဂါ၊ ကလေးရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ အထွေထွေရောဂါတို့နှင့်ပတ်သက်၍ လိုအပ်သည့်ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးပြီး နှလုံးခုန်စမ်းသပ်ပေးခြင်း၊ ဆီးချို၊ သွေးချိုစစ်ဆေးပေးခြင်းစသည့် ရောဂါရှာဖွေစမ်းသပ်ခြင်းများအား ခေတ်မီစက်ကိရိယာများဖြင့် အခမဲ့ရှာဖွေကုသပေးလျက်ရှိသည်။ ကျန်းမာရေး အသိပညာပေး ဟောပြောဆွေးနွေးခြင်းများကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြရာ မိဘပြည်သူတို့အဖို့ ဝမ်းသာမဆုံးရှိကြသည်။ ကုသရာတွင် ဒေသခံပြည်သူတို့၏ ကျန်းမာရေးအခြေအနေအရ လိုအပ်ပါက နီးစပ်ရာတပ်မတော်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး အထူးကြပ်မတ် ကုသပေးလျက်ရှိကြသည်။ တပ်မတော်ဆေးရုံသို့ ရောက်ရှိလာကြသော လူနာများအဖို့ နေထိုင်စားသောက်ရေးနှင့် ဆေးဝါးကုန်ကျမှုမရှိစေဘဲ စိတ်ချမ်းမြေ့စွာ ကုသမှုခံယူလျက်ရှိကြသည်။ ၂၀၂၁ ခုနှစ် နိုင်ငံရေးအပြောင်းအလဲ ကာလတွင် နိုင်ငံတော်နှင့်ပြည်သူလူထုကို ဆန့်ကျင်သွားကြသည့် ဆရာဝန်များကြောင့် ဆေးရုံအချို့တွင် ဆေးကုသမှုအတွက် ဆရာဝန်လိုအပ်ချက်များ ဖြစ်ပေါ်ခဲ့ရာ တပ်မတော်ဆရာဝန်များက မိဘပြည်သူတို့၏ကျန်းမာရေးကို စောင့်ရှောက်ပေးခဲ့ရသည်။

တပ်မတော်ဆေးတက္ကသိုလ်မှ မွေးဖွားပေးလိုက်သော    တပ်မတော်အရာရှိ ဆရာဝန်များသည်ခြောက်နှစ်တာ သင်တန်းကာလအတွင်း ဆေးပညာရပ်များသာမက စစ်ပညာရပ်များကိုလည်း ခြေလျင်တပ်စုမှူး အဆင့်အထိ  သင်ကြား တတ်မြောက်ခဲ့ကြပြီးဖြစ်သည်။ တာဝန်ကျရာ တပ်ရင်း/တပ်ဖွဲ့တွင်    စစ်မြေပြင်လိုက်ပါလျက် စစ်သည်များအား ဆေးဝါးကုသမှုနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ ပေးလျက်ရှိသည်။ ထို့ပြင် နိုင်ငံတော်၏ ကာကွယ်ရေး မဟာဗျူဟာဖြစ်သော ပြည်သူ့စစ်မဟာဗျူဟာ ကျင့်သုံးအကောင်အထည်ဖော်ရာတွင် ပြည်သူတစ်ရပ်လုံး ကျန်းမာကြံ့ခိုင်စွာဖြင့်  ပါဝင်နိုင်ရေးအတွက် ပြည်သူတို့၏ ကျန်းမာရေးဆေးဝါးကုသမှုနှင့် စောင့်ရှောက်မှုများကို လက်တွေ့ကျကျ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ ‘‘ကျန်းမာကြံ့ခိုင် ပြည့်မဏ္ဍိုင်၊ ကြံ့ခိုင်ကိုယ်လက် တိုင်းပြည်အတွက်’’ဟူသော ကျန်းမာရေးဆောင်ပုဒ်နှင့်အညီ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်မှသာလျှင် နိုင်ငံတော်မှချမှတ်ထားသည့် ပြည်သူ့စစ်မဟာဗျူဟာကို အကောင်အထည်ဖော်နိုင်မည်ဖြစ်သကဲ့သို့ နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးအတွက် လူသားအရင်းအမြစ် ပြည့်ဝစွာရရှိနိုင်မည်ဖြစ်သည်။ ယနေ့ခေတ်ကာလသည် သိပ္ပံနှင့်နည်းပညာ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ နယ်ပယ်အသီးသီးတွင် စိန်ခေါ်မှုများစွာ ဆင့်ကဲ ဖြစ်ပေါ်လျက်ရှိသည်။ ထိုသို့သော စိန်ခေါ်မှုများကို  ရင်ဆိုင်ကျော်လွှားနိုင်ရန်အတွက် ပြည်သူတစ်ရပ်လုံး ကျန်းမာကြံ့ခိုင်၍ ပညာရည်မြင့်မားဖို့ အထူးလိုအပ်သည်။

ထိုသို့လိုအပ်သည်များကို တပ်မတော်ဆေးတက္ကသိုလ် ကျောင်းဆင်းဗိုလ်လောင်းများအနေဖြင့် စဉ်ဆက်မပြတ် လေ့လာနေရန် ဒီဇင်ဘာလ ၁၀ ရက်တွင် တပ်မတော်ဆေးတက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၂၆)သင်တန်းဆင်းပွဲ၌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သင်တန်းဆင်းအရာရှိများ အနေဖြင့်လည်း  တပ်မတော်သား ဆေးသိပ္ပံပညာရှင်များဖြစ်သည်နှင့်အညီ တိုးတက်ပြောင်းလဲလာသည့် ခေတ်မီပြုစုကုသမှုများနှင့်  ဆေးပညာရပ်များကို မျက်ခြည်ပြတ်မခံဘဲ   စဉ်ဆက်မပြတ်လေ့လာဆည်းပူးပြီး   တစ်ဦးချင်း၏အရည်အသွေး   တိုးတက်မြင့်မားလာအောင်မြှင့်တင်နေကြရမည်ဖြစ်ကြောင်း၊

တပ်မတော်သားအရာရှိ၊စစ်သည်၊ မိသားစုဝင်များသာမက ပြည်သူလူထု၏ ကျန်းမာရေးကိုစောင့်ရှောက်ပေးရာတွင် စေတနာ၊ အကြင်နာ၊ ဘေးကင်းကွာဟူသည့်ဆောင်ပုဒ်နှင့်အညီ  စေတနာတရား၊ အကြင်နာတရားအပြည့်ဖြင့် ပြုစုစောင့်ရှောက်သွားကြရန် လိုကြောင်း၊ ထိုသို့    စောင့်ရှောက်သည့်နေရာတွင်   ကာကွယ်ခြင်းသည်  ကုသခြင်းထက်    ပိုမိုထိရောက်သည်  ဟူသည့်အတိုင်း ကိုယ်စီကျန်းမာရေးအသိ၊ ကျန်းမာရေးသတိ   မြင့်မားလာအောင် အသိပညာဖြန့်ဝေပေးခြင်း၊ ကြိုတင်ကာကွယ်မှုနှင့်ကုသမှုဆိုင်ရာ ပညာပေးခြင်းလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်သွားကြရန် အလေးအနက်ထားမှာကြားလိုကြောင်းပြောကြားသည်။

ယနေ့ တပ်မတော်ဆေးတက္ကသိုလ်မှ မွေးဖွားပေးလိုက်သော သမားဇာနည်အောင်စစ်သည်တို့သည်  နိုင်ငံတော်ကာကွယ်ရေး တာဝန်ထမ်းဆောင်နေကြသည့် တပ်မတော်သားတို့အတွက်သာ မဟုတ်ဘဲ နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးအတွက် လူသားအရင်းအမြစ် ပြည့်ဝစွာရရှိရေးနှင့် ပြည်သူတို့၏လူမှုဘဝ တစ်လျှောက် စိတ်ချမ်းမြေ့နိုင်ရေးအတွက် ဆေးဝါးကုသမှုနှင့်   ကျန်းမာရေး စောင့်ရှောက်မှုများ ပေးလျက်ရှိပါကြောင်း ထူးကဲလေးနက်စွာ ဂုဏ်ပြုလိုက်ရပါသည်။     ။

MWD