ဆောင်းရာသီတွင် ခန္ဓာကိုယ်ကို သဘာဝအတိုင်းနွေးထွေးစေသော အစားအစာများ
Posted_Date
Image
Body
ဆောင်းရာသီတွင် ခန္ဓာကိုယ်နွေးထွေးစေသောဆွယ်တာအင်္ကျီများသာမက ခန္ဓာကိုယ်အတွင်းပိုင်းအပူချိန်ကို ထိန်းညှိပေးသည့် အစားအစာများမှ
နွေးထွေးမှုသည်လည်း လိုအပ်ပါသည်။ ခန္ဓာကိုယ် ကို သဘာဝအတိုင်းနွေးထွေးစေသော အစားအစာ များတွင် ချင်း၊ ဂျုံ၊ ပြောင်းဆန်၊ အစေ့အဆန်များ၊ အခွံမာသီးများ၊ ဟင်းခတ်အမွှေးအကြိုင်များနှင့် အမြစ်ပါသော ဟင်းသီးဟင်းရွက်များပါဝင်သည်။ဖော်ပြပါအစားအစာများသည် အာယုဗ္ဗေဒဆေး
ပညာအရ သွေးလည်ပတ်မှု၊ ဇီဝဖြစ်ပျက်မှုနှင့် အစာ ကြေစေသည့် ဇီဝကမ္မဖြစ်စဉ်ကို မြှင့်တင်ပေးနိုင်သော ကြောင့် အိန္ဒိယဟင်းလျာများအတွက် မရှိမဖြစ်လိုအပ်ကြောင်း သိရသည်။ ရှေးခေတ်နည်းပညာအရ အာယုဗ္ဗေဒဆေးပညာ၏ အစားအသောက်စည်းမျဉ်းများကိုလိုက်နာခြင်းသည် အစာခြေစနစ် ကောင်းမွန်ပြီး ကျန်းမာရေးကို အထောက်အကူပြု ကြောင်း တွေ့ရသည်။
ချင်း
ချင်းတွင် ဇီဝဖြစ်စဉ်နှုန်းနှင့် ခန္ဓာကိုယ်အပူချိန်ကိုသဘာဝအတိုင်းမြင့်တက်စေသည့် Gingerols ဟုခေါ်သော ဇီဝဗေဒဓာတ်များပါ၀င်ပြီး ခန္ဓာကိုယ်အပူချိန်ကိုထိန်းညှိပေးသည့် ဂုဏ်သတ္တိများရှိသည်။ သိပ္ပံ နည်းကျလေ့လာမှုများအရ ချင်း သို့မဟုတ် ချင်း အနှစ်ကိုစားသုံးခြင်းသည် အရေပြားအတွင်းပိုင်းအပူချိန်ကို တိုးမြင့်စေပြီး သွေးလည်ပတ်မှုကောင်းမွန် စေကာ ခန္ဓာကိုယ်တွင်းပူနွေးလာမှုကို မြှင့်တင်ပေး နိုင်ကြောင်း ဖော်ပြထားသည်။ နံနက်စာမစားခင် ချင်း လက်ဖက်ရည်တစ်ခွက်သောက်ခြင်းက ဆွယ်တာ အင်္ကျီများထက် သွေးလည်ပတ်မှုကို ပိုကောင်းစေနိုင် သည်။ သွေးစီးဆင်းမှုနှင့်အပူထုတ်လုပ်မှုကိုဖြစ်ပေါ် စေသည့် Adrenaline ကိုလှုံ့ဆော်ပေးသည့် လမ်းကြောင်းများကို တစ်စိတ်တစ်ပိုင်းအသက်သွင်းခြင်း ဖြစ်ပေါ်စေသည်။ စမ်းသပ်မှုတစ်ခုတွင် ချင်းပါဝင် သော ဖျော်ရည်ကိုသောက်သုံးပြီးနောက် မိနစ် ၄၀ အထိ လက်ဖဝါးအပူချိန် သိသိသာသာမြင့်တက် လာကြောင်း တွေ့ရသည်။ ချင်းသည် နူးညံ့သော် လည်း မြဲမြံသောအပူကို ပေးစွမ်းနိုင်သောကြောင့် အေးသောနံနက်ခင်းကို သက်သောင့်သက်သာဖြစ် စေနိုင်သည်။ အစားအစာများထဲသို့ ချင်းထည့်ခြင်း သို့မဟုတ် လက်ဖက်ရည်ထဲသို့ ချင်းထည့်ခြင်းသည် အအေးဒဏ်ကို သဘာဝအတိုင်း ဘေးကင်းစွာတွန်း လှန်ရန် ထိရောက်သောရိုးရာနည်းလမ်းတစ်ခုဖြစ် သည်။
ကောက်နှံများ
ပြောင်းဆန်၊ ဂျုံ၊ မုယောစပါးနှင့် ဆန်လုံးညိုတို့ သည် ကာဗိုဟိုက်ဒရိတ်နှင့် အမျှင်ဓာတ်များဖြင့် စွမ်းအင်ကိုပေးစွမ်းနိုင်ပြီး ဆောင်းရာသီတွင် နွေးထွေး မှုနှင့်ပြည့်ဝမှုအတွက် အကောင်းဆုံးဖြစ်သည်။ ဆောင်းရာသီတွင် အမျှင်ဓာတ်များသောအစားအစာ များသည် အစာခြေနှေးကွေးခြင်းကို အထောက်အကူ ပြုပြီး သွေးတွင်းသကြားဓာတ်ကို တည်ငြိမ်စေသည်။ ကောက်နှံများသည် အဓိကအာဟာရတွင် ဆန်နှင့်ဂျုံ ထက်သာလွန်သည်။ အထူးသဖြင့် သံနှင့်မဂ္ဂနီဆီယမ် သတ္တုဓာတ်များသည် ဆောင်းရာသီအအေးမိချိန် တွင် သွေးနှင့်ကြွက်သားများကို အာဟာရဖြည့်ပေး သည်။ အရိုးကြံ့ခိုင်မှုအတွက် ကယ်လ်စီယမ်၊ ဖော့ စဖရပ်စ်နှင့် ဗီတာမင်-B များ ပါဝင်သည်။ ဇင့်နှင့်အင်တီအောက်စီးဒင့်များဖြင့် ခန္ဓာကိုယ်ခုခံအားကိုမြှင့်တင်ပေးပြီး ရောဂါပိုးများကို တိုက်ဖျက်ပေးသည်။ မြူဆိုင်းသောနံနက်ခင်းများအတွက် ခန္ဓာကိုယ် အပူချိန်ကို အကောင်းဆုံးထိန်းသိမ်းရန် ကောက်နှံ များဖြင့်ပြုလုပ်ထားသောအစားအစာကို ပြင်ဆင် ချက်ပြုတ်ပါ။
အစေ့အဆန်များနှင့်အခွံမာသီးများ
ဗာဒံစေ့၊ သစ်ကြားသီး၊ နှမ်းနှင့်နှမ်းကြတ်စေ့လက်တစ်ဆုပ်စာသည် ဆာလောင်မှုကို ထိန်းချုပ်နိုင် သည့်အပြင် ကျန်းမာရေးနှင့်ညီညွတ်သော အဆီများနှင့် ပရိုတင်းဓာတ်များ ကြွယ်ဝသောကြောင့် ဇီဝဖြစ်ပျက်မှုကိုအထောက်အကူပြုပြီး နွေးထွေးမှုကို ပေးနိုင်သဖြင့် အအေးဒဏ်ကို ကာကွယ်ပေးသည်။ ဆောင်းရာသီနံနက်တွင်ရောစပ်ထားသော အစေ့ အဆန်များ တစ်ဇွန်း သို့မဟုတ် ညနေလက်ဖက်ရည် မသောက်ခင် အခွံမာသီးလက်တစ်ဆုပ်စာလောက်စားသုံးခြင်းဖြင့် အပူချိန်ကျ သွားသောအခါ ခန္ဓာကိုယ် ၏စွမ်းအင်ကို ထိန်းညှိစေနိုင်သည်။
ဟင်းခတ်အမွှေးအကြိုင်များ
ငရုတ်ကောင်းနက်၊ သစ်ကြံပိုးခေါက်၊ လေးညှင်း ပွင့်နှင့် ဖာလာတို့သည် အနံ့အရသာနှင့် ခန္ဓာကိုယ် အပူထုတ်လုပ်မှုကို တိုးမြင့်စေသည်။ အစာချေဖျက် မှုကို ပံ့ပိုးပေးကာ အာဟာရစုပ်ယူမှုကို မြှင့်တင်ပေး သည်။ ဇီဝဖြစ်ပျက်မှုကိုမြန်စေပြီး သွေးလည်ပတ်မှု ကို ကောင်းမွန်စေကာ ခန္ဓာကိုယ်အတွင်းပိုင်းကို သန့် ရှင်းစေသည်။ ငရုတ်ကောင်းနက်မှ Piperine သည် အာဟာရဓာတ်များ၏ဇီဝကမ္မဖြစ်စဉ်ကို မြှင့်တင်ပေး ပြီး ကယ်လိုရီလောင်ကျွမ်းမှုကို အရှိန်မြှင့်ပေးသည်။ သစ်ကြံပိုးခေါက်သည် အင်ဆူလင်အာရုံခံနိုင်စွမ်းနှင့် ဂလူးကို့စ်ဇီဝဖြစ်ပျက်မှုကို အားကောင်းစေပြီး တည် ငြိမ်သောစွမ်းအင်ကို ရရှိစေသည်။ လေးညှင်းပွင့်တွင် ပါဝင်သော Eugenol သည် အဆီဓာတ်တိုးခြင်းနှင့် ရောင်ရမ်းမှုကိုဆန့်ကျင်ပြီး သွေးလည်ပတ်မှုကို ကူညီပေးသည်။ ဖာလာသည် ဇီဝဖြစ်စဉ်နှုန်းကိုမြင့်တက်စေပြီး ဝမ်းချုပ်ခြင်းကိုကာကွယ်ပေးသည်။
ကြံသကာ
သကြားသန့်စင်ထားသော ကြံရည်မှထုတ်လုပ် ထားပြီး သံဓာတ်၊ ကယ်လ်စီယမ်၊ မဂ္ဂနီဆီယမ်နှင့်ပိုတက်ဆီယမ်ကဲ့သို့ သတ္တုဓာတ်များနှင့် အင်တီအောက်စီးဒင့်များကို ထိန်းသိမ်းထားကာ အစာချေ ဖျက်မှုကို ပံ့ပိုးကူညီပေးသည်။ ကြံသကာကို အစေ့ အဆန်များနှင့် တွဲစားလိုက်သောအခါ နွေးထွေးမှုနှင့် ခွန်အားအဖြစ် ပြောင်းလဲသွားသည်။ ဆောင်းရာသီပင်ပန်းနွမ်းနယ်မှုနှင့် အအေးမိခြင်းကို တိုက်ဖျက်ရန် အတွက် ကယ်လိုရီများလောင်ကျွမ်းရန် ခန္ဓာကိုယ် ၏ဇီဝဖြစ်စဉ်နှုန်းကိုတိုးမြင့်စေသော ဂုဏ်သတ္တိများ အနေဖြင့် ကူညီပေးသည်။ ဆီလီနီယမ်နှင့် ဇင့်တို့ပါရှိ သောကြောင့် ကိုယ်ခံစွမ်းအားကိုမြှင့်တင်ပေးပြီး ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ သံဓာတ်နှင့်သတ္တုဓာတ် များပါဝင်သောကြောင့် ချောင်းဆိုးခြင်းနှင့် အအေးမိ ခြင်းတို့ကို သဘာဝအတိုင်း သက်သာပျောက်ကင်း စေသည်။
စွန်ပလွံသီး
စွန်ပလွံသီးများတွင် သဘာဝသကြားများ၊ သံဓာတ် နှင့် မဂ္ဂနီဆီယမ်တို့ကြွယ်ဝစွာပါဝင်ပြီး သဘာဝ၏ စွမ်းအင်ထုပ်ပိုးမှုနှင့်အတူ အမျှင်ဓာတ်များဖြင့် ပေါင်းစပ်ထားသည်။ ဆောင်းရာသီပင်ပန်းနွမ်းနယ် မှုနှင့် သွေးအားနည်းရောဂါကို တိုက်ဖျက်ပေးသည့် စွမ်းအင်ကို ပေးစွမ်းနိုင်သည်။ အာယုဗ္ဗေဒဆေးပညာ အရ စွန်ပလွံသီး၏ ပူနွေးသောဂုဏ်သတ္တိများသည် Flavonoids ကဲ့သို့သော အင်တီအောက်စီးဒင့်များမှ တစ်ဆင့် သွေးလည်ပတ်မှုနှင့် ကိုယ်ခံစွမ်းအားကို ပံ့ပိုးပေးကာ ဇီဝဖြစ်ပျက်မှုနှင့် ခန္ဓာကိုယ်အပူကို မြှင့်တင်ပေးသည်။
ထောပတ်(Ghee)
ထောပတ် (Ghee) သည် အိန္ဒိယနိုင်ငံမှလာသော ထောပတ်ဆီအမျိုးအစားဖြစ်ပြီး ရေငွေ့ပြန်စေရန် နို့ခဲ များကို အချိန်ကြာကြာကျိုထားခြင်းဖြင့် ညိုသွားစေ ကာ အနံ့နှင့်အရသာများ ပိုမိုရရှိစေသည်။ ဟင်းချက် ခြင်း၊ တိုင်းရင်းဆေးပညာနှင့် ဘာသာရေးထုံးတမ်း များတွင် အသုံးပြုပြီး Lactose မပါဝင်သောကြောင့် Lactose မခံနိုင်သောသူများအတွက် သင့်လျော်ပါ သည်။ ထောပတ်သည် ရေခဲသေတ္တာမလိုအပ်ဘဲ တာရှည်ခံသည်။ အာယုဗ္ဗေဒဆေးပညာတွင် ထင်ရှား သောထောပတ်သည် ဆောင်းရာသီတွင် ခန္ဓာကိုယ်အတွင်းပိုင်းနွေးထွေးမှုကို ပေးစွမ်းနိုင်ပြီး ကျန်းမာရေးနှင့်ညီညွတ်သောအဆီများမှတစ်ဆင့် ဇီဝဖြစ် ပျက်မှုကိုပံ့ပိုးပေးကာ စွမ်းအင်ကို မြှင့်တင်ပေးသည်။ ဆောင်းရာသီတွင် တစ်သျှူးများတောင့်တင်းမှုကို သက်သာစေရန် Butyric acid မှတစ်ဆင့် အဆစ်များ ကို ချောဆီပေးကာ A၊ D၊ E နှင့် K2 ကဲ့သို့သောအဆီ တွင်ပျော်ဝင်နိုင်သော ဗီတာမင်များစုပ်ယူမှုကို မြှင့်တင် ပေးပါသည်။ Butyric acid သည် အစာအိမ်ကျန်းမာ ရေးကို အားကောင်းစေပြီး အဆစ်များနှင့်အသက်ရှူလမ်းကြောင်းဆိုင်ရာရောင်ရမ်းမှုကို လျှော့ချပေး သည်။
အမြစ်ပါသောဟင်းသီးဟင်းရွက်များ
ကန်စွန်းဥ၊ အာလူး၊ မုန်လာဥ၊ မုန်လာဥနီများသည် အမျှင်ဓာတ်နှင့် ကာဗိုဟိုက်ဒရိတ်ကြွယ်ဝ သောကြောင့် အစာခြေလမ်းကြောင်းမှတစ်ဆင့် အပူ ကိုထုတ်ပေးနိုင်သည်။ သွေးလည်ပတ်မှုနှင့် ကိုယ်ခံ စွမ်းအားကို တိုးတက်စေသည်။ ဗီတာမင်-A နှင့် C ပါ၀င်သောကြောင့် ရောင်ရမ်းမှုကိုဆန့်ကျင်သည့် ဂုဏ်သတ္တိများကြွယ်ဝသည်။
အချုပ်အားဖြင့်ဆိုသော် ဆောင်းရာသီတွင် ခန္ဓာကိုယ်ကို သဘာဝအတိုင်းနွေးထွေးစေသော အစား အစာများကို သင့်တင့်မျှတစွာ ရွေးချယ်စားသောက် ခြင်းဖြင့် အစာခြေစနစ်ကောင်းမွန်ပြီး ကျန်းမာရေး ကို အထောက်အကူပြုနိုင်ကြောင်း ရေးသားလိုက် ရပါသည်။
MWD
