ကရုဏာသီ အောင်လံချီလျက် မွေးဖွားခဲ့ပြီ သူနာပြုစစ်သည်တော်

Posted_Date

Image

ကရုဏာသီ အောင်လံချီလျက် မွေးဖွားခဲ့ပြီ သူနာပြုစစ်သည်တော်

Body

တပ်မတော်သူနာပြုနှင့်ဆေးဘက်ပညာတက္ကသိုလ်  အမျိုးသမီးသူနာပြုနှင့် ဆေးဘက်ပညာသိပ္ပံဘွဲ့   သင်တန်းအမှတ်စဉ်(၁၀)  သင်တန်းဆင်းပွဲဂုဏ်ပြု ဆောင်းပါး

      ယနေ့ကား  တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ်   အမျိုးသမီးသူနာပြုနှင့်  ဆေးဘက်ပညာသိပ္ပံဘွဲ့   သင်တန်းအမှတ်စဉ်(၁၀) ကျောင်းဆင်းပွဲနေ့တစ်နေ့ပင်ဖြစ်၏။   နှစ်စဉ်ဒီဇင်ဘာလရောက်တိုင်း သူနာပြုစစ်သည်တော်များသည်  အမိတက္ကသိုလ်၏ရင်ခွင်ကို  စွန့်ခွာကြစမြဲ။ နှစ်ကာလအတန်ကြာ   ခိုလှုံပညာသင်ကြားခဲ့သော   အမိတက္ကသိုလ်ကြီးမှာ   သက်ရှိပင်ဖြစ်ခဲ့ပါမူ ဤအချိန်တွင်  သူမလည်း မျက်ရည်စတို့ ရစ်ဝဲနေတတ်ပါဦးမည်။ သို့သော် မာန်ဟုန်ကိုဆင့် အောင်လံလွှင့်လျက် ပေးအပ်တာဝန် ကျေပွန်စေရမည်ဆိုသည့် သူတို့အသွင်သဏ္ဌာန်များကား နိုင်ငံတော်နှင့်     တပ်မတော်အတွက် အားသစ်အင်သစ်များကို ပိုင်ဆိုင်စေမည်မှာလည်းဖြစ်သည်။

တပ်မတော်သူနာပြုနှင့်ဆေးဘက်ပညာ တက္ကသိုလ်အနေဖြင့်  ဒို့တာဝန်အရေးသုံးပါးကို ကာကွယ်မည့်အမျိုးသား တပ်မတော်အတွက်  လိုအပ်သောလက်ရုံးရည်၊ နှလုံးရည်ပြည့်ဝသည့်သူနာပြုများ၊ ဆေးဝါးကျွမ်းကျင်သူများနှင့် ဆေးဘက်ပညာသည်များ  မွေးထုတ်ပေးရန် ဆိုသည့် ရည်မှန်းချက်ဖြင့် နှစ်စဉ်သူနာပြုစစ်သည်တော်များကို   မွေးထုတ်ပေးလျက်ရှိသည်။ 

သူနာပြုကဏ္ဍသည်   ကျန်းမာရေးကဏ္ဍတွင်     အရေးပါသောပညာရပ်တစ်ရပ်ဖြစ်၏။ ကရုဏာတရားကြီးမား၍ ကြင်နာတတ်မှု၊ ကိုယ်ကျိုးစွန့်အနစ်နာခံတတ်မှု၊ စေတနာထက်သန်မှု၊ စိတ်ထားမွန်မြတ်မှု၊     အပင်ပန်းဆင်းရဲခံနိုင်မှု၊ ကိုယ်ကျင့်သိက္ခာကောင်းမွန်မှုစသောအင်္ဂါရပ်များသည် သူနာပြုများအတွက် မရှိမဖြစ်သော ထူးကဲသည့်အရည်အချင်းများပင်ဖြစ်၏။  သူနာပြုတစ်ဦး၏ အပြော

အဆို၊ အပြုအမူများကြောင့် လူနာများအပေါ် စိတ်ဓာတ်ခွန်အားများ လန်းဆန်းတက်ကြွစေပြီး ကုသရေးအပိုင်းကို များစွာအထောက်အကူပြုသည်။ ထို့ကြောင့် ဝါသနာ၊ စေတနာ၊ အကြင်နာ၊  အနစ်နာ၊ နမူနာဆိုသည့် နာ(၅)နာနှင့်ပြည့်စုံစေရေး အခြေခံကောင်းများကို ကျောင်းတော်ကြီးမှ လေ့ကျင့်သင်ကြားပေးလိုက်ပြီးဖြစ်သည်။

လူသားဆန်ပြီး မြင့်မြတ်သော တည်ငြိမ်ရဲရင့်မှု၊ မြှုပ်နှံစုစည်းမှု၊ အသိဉာဏ်ရှိမှု၊ ခံနိုင်ရည်ရှိမှု၊ စိတ်အားထက်သန်မှု၊ ကိုယ်ချင်းစာစိတ်ရှိမှု စသည့်အရည်အချင်းများသည် သူနာပြုစစ်သည်တော်ကောင်းအတွက် မရှိမဖြစ်သော အရည်အချင်းများလည်းဖြစ်သည်။ သူနာပြုစိတ်ဓာတ်၏  အခြေခံညွှန်းဆိုချက်အရ လူနာ၏စိတ်ရောကိုယ်ပါ ကျန်းမာရေးနှင့်  ခံစားမှုဆိုင်ရာ  ကောင်းမွန်ရေးတို့ပင်ဖြစ်သည်။ 

ဤကား သူနာပြုစစ်သည်တော်များ၏  အရည်အချင်းကောင်းများပင်။

သူနာပြုတပ်ဖွဲ့ဝင်များ၏ သမိုင်းကြောင်းကို ပြန်ကြည့်ပါမည်။ လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းတစ်လျှောက်တွင်လည်း စွမ်းစွမ်းတမံပါဝင်ခဲ့ကြသည်ကိုတွေ့ရမည်။ 

ဗမာ့လွတ်လပ်ရေးတပ်မတော်သို့ စွန့်လွှတ်စွန့်စားသည့် စိတ်ဓာတ်များဖြင့် ဝင်ရောက်ခဲ့ကြပြီး   မြေပြင်တိုက်ခိုက်ရေးတပ်များနှင့် မိုင်ပေါင်းများစွာဝေးသည့် စစ်ချီခရီးများတွင် ထက်ကြပ်မကွာလိုက်ပါရင်း ကျန်းမာရေးစောင့်ရှောက်မှုနှင့် ကုသရေးလုပ်ငန်းများအား သက်စွန့်ဆံဖျားပါဝင်ခဲ့ကြသည့်     သမိုင်းများသည်လည်း အထင်အရှား ရှိနေခဲ့ပြီးဖြစ်သည်။ ခက်ခဲကြမ်းတမ်းသည့်   စစ်မြေပြင်များတွင်  သူတို့၏စွမ်းဆောင်ခဲ့မှုများသည် သမိုင်းများစွာ မှတ်တမ်းတင် မဆုံးနိုင်ဖြစ်ခဲ့သည်။ 

ဤကား    သူနာပြုစစ်သည်တော်များအတွက် စံထားဂုဏ်ယူဖွယ် သမိုင်းကောင်းများပင်ဖြစ်သည်။ 

နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူသားအရင်းအမြစ်ကောင်းများ ပေါ်ထွန်းရေးသည် အဓိကအချက်ဖြစ်သည်။ လူသားအရင်းအမြစ်များအတွက်   ပြည့်ဝသောကျန်းမာရေး စောင့်ရှောက်မှုများဖြင့် ရာနှုန်းပြည့်လွှမ်းခြုံနိုင်ရေးသည်လည်း တွဲဆက်အရေးပါလျက်ရှိ၏။  ၎င်းအပြင်  နိုင်ငံတော်ကာကွယ်ရေးတာဝန်  ထမ်းဆောင်နေကြသည့် တပ်မတော်သားအရာရှိ၊   စစ်သည်များ၊

မိသားစုဝင်များအနေဖြင့်  သက်ရှည်ကျန်းမာသည့် ကျန်းမာရေးစနစ်ကောင်းတစ်ခု ပိုင်ဆိုင်ရေးသည်လည်း အရေးကြီးသည့်အချက်ပင်ဖြစ်သည်။

အချိန်နှင့်အမျှ ပြောင်းလဲနေသည့် ကမ္ဘာကြီးတွင် ကဏ္ဍအလိုက် နည်းပညာများသည်လည်း  အဆင့်ဆင့်တိုးတက်ပြောင်းလဲလျက်ရှိသည်။ ထိုအထဲတွင် ကျန်းမာရေးကဏ္ဍသည်လည်း အပါအဝင်ဖြစ်ပေသည်။ ထို့အတွက် တပ်မတော်အနေဖြင့် စစ်ဘက်ဆိုင်ရာကဏ္ဍများ၌ အတွေ့အကြုံကောင်းများ   ရရှိစေရေးအတွက်         နိုင်ငံတကာတပ်မတော်အားကစားပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်စေခြင်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။ တပ်ဖွဲ့ဆေးပညာရည်မြင့်မားရေး အတွက် အာဆီယံစစ်ဘက် ဆေးပညာညီလာခံ၊  အာဆီယံဓာတု၊  ဇီဝနှင့် ရေဒီယိုသတ္တုကြွဆိုင်ရာ ကွန်ရက်၊   အာဆီယံလူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းမှုဗဟိုဌာန စသည့်အာဆီယံအဖွဲ့ဝင်နိုင်ငံ ဆေးတပ်ဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ခြင်းများကို ဆောင်ရွက်စေလျက်ရှိကြောင်းကိုလည်း တွေ့မြင်ရမည်ဖြစ်သည်။

ထို့ပြင်ယနေ့တရွေ့ရွေ့ ရွေ့လျားနေသော ကမ္ဘာ့အစီအစဉ်သစ် (World Order)တွင် AI နည်းပညာကို ဦးဆောင်နိုင်မှုသည် အရေးပါသော အကြောင်းအချက်တစ်ချက်ဖြစ်လာသည်ကိုလည်း တွေ့မြင်ရမည်ဖြစ်သည်။ ထို့ကြောင့် AI နည်းပညာဆိုင်ရာသင်ကြားမှုများကိုလည်း မျှော်မှန်းသင်ကြားနိုင်ရန်  နိုင်ငံတော်အကြီးအကဲအနေဖြင့် လမ်းညွှန်ခဲ့ပြီးဖြစ်သည်ကိုလည်း တွေ့မြင်ခဲ့ရသည်။  ဤကား   သူနာပြုဆေးတပ်ဖွဲ့ဝင်များအတွက် ဆေးပညာ စွမ်းဆောင်ရည်မြှင့်တင်ရေး ဆောင်ရွက်ပေးမှုများပင်ဖြစ်၏။

ယနေ့မျက်မှောက်ကာလများတွင် သူနာပြုအရာရှိများ၊ သူနာပြုတပ်ဖွဲ့ဝင်များသည် တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးဆရာဝန်များနှင့် လက်တွဲကာ နယ်ဘက်ကျန်းမာရေး ဝန်ထမ်းများနှင့်အတူ နိုင်ငံသူနိုင်ငံသားများ၊ တပ်မတော်သားများနှင့် တပ်မတော်သား မိသားစုဝင်များအတွက် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို စွမ်းစွမ်းတမံ ထမ်းဆောင်နေဆဲဖြစ်သည်။ တပ်မတော်မြစ်တွင်းသွား ဆေးရုံရေယာဉ်(သံလွင်)၊ တပ်မတော်မြစ်တွင်းသွား ဆေးရုံရေယာဉ်(ရွှေပုဇွန်)နှင့်   မြစ်ရေယာဉ်(စကု)တို့ဖြင့်    တိုင်းရင်းသားပြည်သူများ၏  ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများတွင် အားတက်သရော ပါဝင်ဆောင်ရွက်ခဲ့ကြသည်။ တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးရှိ တိုင်းရင်းသားပြည်သူများနှင့် တပ်မတော်သားအရာရှိ၊  စစ်သည်များနှင့် မိသားစုဝင်များ၏ ကျန်းမာရေးစောင့်ရှောက် ကုသမှုလုပ်ငန်းစဉ်များတွင်လည်း သူတို့အားတက်သရော   ပါဝင်ထမ်းဆောင်နေကြဆဲဖြစ်သည်။

သမိုင်းစဉ်တစ်လျှောက်၌ သူတို့၏ နှလုံးလှခြင်း၊ ရဲရင့်ခြင်းများသည် တသွင်သွင်စီးဆင်းနေသည့် အမိမြေ၏  ဧရာဝတီမြစ်ရေလျဉ်ပမာ စီးဆင်းနေဆဲဖြစ်သည်။ 

နောင်တော်တပ်ဖွဲ့ဝင်များကလည်း တာဝန်အသွယ်သွယ်ကို  ကျေပွန်ခဲ့ကြသည်။   မျိုးဆက်သစ်တပ်ဖွဲ့ဝင်များကလည်း သမိုင်းတစ်လှည့်တွင် ကြိုးပမ်းထမ်းရွက်နေကြဆဲဖြစ်၏။ နိုင်ငံတော်တွင် ရင်ဆိုင်ကြုံတွေ့လာသမျှ  ဘေးအန္တရာယ်အသွယ်သွယ်ကို သူတို့တတ်မြောက်ထားကြသည့် အတတ်ပညာများဖြင့် ခုခံကာကွယ်ကာ ကြိုးပမ်းထမ်းဆောင်နေကြခြင်းသည် ဂုဏ်ယူဖွယ်ရာ မျက်မှောက်ပကတိဖြစ်စဉ်များအဖြစ် အထင်အရှားမြင်တွေ့နေရခြင်းပင်။

စဉ်ဆက်မပြတ်သော သူတို့၏မွေးဖွားခြင်းများသည် နိုင်ငံတော်နှင့်  နိုင်ငံသူ နိုင်ငံသားများ၏ သက်ရှည်ကျန်းမာခြင်းအတွက်    ခွန်အားများပင်ဖြစ်သည်။ သူနာပြုတပ်ဖွဲ့ဝင်များသည်လည်း မွေးဖွားရာ နိုင်ငံအတွက် ကျရာဒေသ၊ ကျရာတာဝန်များအပေါ်   ဦးလည်မသုန်  ကြိုးပမ်းထမ်းရွက်ကြရင်း မိမိကိုယ်ကို ဂုဏ်ယူတန်ဖိုးထားတတ်ခြင်းမှသည် ထမ်းဆောင်ကြသည့် တာဝန်အသွယ်သွယ်အပေါ်လည်း မြတ်နိုးဂုဏ်ယူမိကြပါစေ၊ သူနာပြုအဓိဋ္ဌာန်ကတိသစ္စာ (၉)ချက်နှင့်အညီ တပ်မတော်သားများ၊ တပ်မတော်သားမိသားစုဝင်များနှင့် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးအတွက်  ပြည့်စုံလုံလောက်သောကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ  ဆောင်ရွက်နိုင်ကြပါစေကြောင်း   ယနေ့အောင်လံလွှင့်ချီ၍    မွေးဖွားလာသော  သူနာပြုစစ်သည်တော်များသို့   ရည်ညွှန်းစကား စာလွှာပါး၍   ဆိုလိုက်ရပါသည်။   ။

MWD