ဆေးဖက်ဝင်ကီဝီသီးအကြောင်း သိမှတ်ဖွယ်ရာများ
Posted_Date
Image
Body
ကီဝီသီးသည် အရသာကောင်းမွန်ပြီး ကျန်းမာရေးအတွက် အကျိုးကျေးဇူးရှိ သည့် အသီးတစ်မျိုးဖြစ်သည်။ အင်္ဂလိပ် အမည်မှာ Kiwi Fruit ဖြစ်ပြီး ရုက္ခဗေဒ အမည်မှာ Actinidia Deliciosa, A. Arguta ဖြစ်သည်။ ကီဝီသီးသည် အခွံပါး၍ အပေါ် တွင် အမွေးကြမ်းများ ခပ်ကျဲကျဲပါပြီး ယင်းအခွံကိုလည်းစားနိုင်သည်။ အတွင်း သားမှာ အစိမ်းနုရောင်ဖြစ်ကာ ထက်ခြမ်း ခွဲပါက အနက်ရောင်အစေ့များကို အကွင်း လိုက်တွေ့နိုင်ပြီး အသားပျော့၍ အရသာချိုသည်။ ကီဝီသီးသည် အအေးဓာတ်ရှိပြီး ဗီတာမင်- C ကြွယ်ဝကာ အစိမ်းရောင် အတွင်းသား၏အရသာမှာ ချိုချဉ်ဖြစ်ပြီး သရက်ရွက်နှင့် အစာအိမ်အတွက် ကောင်းကျိုးများစွာပေးသည်။ ကီဝီသီး မျိုးစိတ်ပေါင်း ၆၀ ဝန်းကျင်အထိရှိပြီး မျိုးစိတ်များပေါ်မူတည်၍ အသီးများ၏ အရွယ်အစား၊ အရောင်၊ အမွေးပါခြင်း၊ အသား၊ အရသာနှင့် အရည်ရွှမ်းခြင်းတို့ ကွဲပြားသည်။
ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးနိုင်
ကီဝီသီးတွင် အာဟာရဓာတ်များစွာ ပါဝင်ပြီး ဗီတာမင်-C ကြွယ်ဝစွာပါဝင် သည်။ ကီဝီသီးတစ်ခွက်စာတွင် တစ်နေ့ တာ ဗီတာမင်-C လိုအပ်ချက်၏ နှစ်ဆခန့် အထိ ပါဝင်သည်။ ဗီတာမင်-C သည် မရှိ မဖြစ်အရေးကြီးသည့် အာဟာရဓာတ်ဖြစ် ပြီး ရောဂါဘယများကို တိုက်ထုတ်ပေး နိုင်ရန် ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေး သည်။ ကီဝီသီးသည် အထူးသဖြင့် လူကြီး ပိုင်းနှင့် ကလေးငယ်များကဲ့သို့ ကိုယ်ခံအားနည်းသည့် အသက်အရွယ်ပိုင်းများ၏ ကိုယ်ခံအားကိုကောင်းစေပြီး အအေးမိ ခြင်းနှင့် တုပ်ကွေးဖြစ်ခြင်းတို့ကို ကာကွယ် ပေးနိုင်သည်ဟု သုတေသနတစ်ခုတွင် ဖော်ပြထားသည်။
သွေးတိုးကျစေနိုင်
တစ်ရက်လျှင် ကီဝီသီးသုံးလုံးစားပေး ခြင်းဖြင့် ခန္ဓာကိုယ်ခုခံစွမ်းအားစနစ်ကို မြှင့်တင်ပေးနိုင်ပြီး ပန်းသီးနေ့စဉ်စားသုံးခြင်းထက် ကီဝီသီးစားသုံးခြင်းက သွေးပေါင်ချိန်မြင့်တက်မှုကိုလည်း ထိန်းပေးနိုင်သည်။ ရေရှည်တွင် သွေးတိုး ခြင်းနှင့် ဆက်စပ်ပြီး ဖြစ်တတ်သည့် လေဖြတ်ခြင်း၊ နှလုံးထိခိုက်ခြင်းဖြစ်နိုင်ခြေ လျော့ကျစေနိုင်သောကြောင့် ကီဝီသီး သည် သွေးပေါင်ချိန်အပေါ် များစွာ သက်ရောက်မှုရှိသည်ဟုဆိုနိုင်သည်။
သွေးခဲနိုင်ခြေကိုလျော့ကျစေနိုင်
ကီဝီသီးသည် သွေးတိုးကျစေရုံ သာမက သွေးခဲခြင်းကိုလည်း ကာကွယ် ပေးသည်။ တစ်ရက်လျှင် ကီဝီသီးသုံးလုံး ခန့်စား ပေးခြင်းသည် သွေးခဲနိုင်ခြေကို သိသိသာသာလျော့ကျစေပြီး သွေးထဲတွင် အဆီဓာတ်များလာခြင်းကိုလည်း လျှော့ချ ပေးနိုင်သည်။ နေ့စဉ် အက်စပရင် သောက်နေသကဲ့သို့ နှလုံးကျန်းမာရေး အတွက် အထောက်အကူပြုသည်ဟုဆိုသည်။
ပန်းနာရင်ကျပ်ကို သက်သာစေနိုင်ကီဝီသီးတွင်ပါဝင်သည့် ဗီတာမင်-C နှင့် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများသည် ပန်းနာ၊ ရင်ကျပ်ရောဂါ ရှိသူများအတွက် အထောက်အကူပြုသည်။ ကီဝီသီးကို စားသုံးခြင်းဖြင့် အဆုတ်၏ ပုံမှန်လုပ်ငန်း တာဝန်များကို အကျိုးပြုသည်ဟု သုတေ သနတချို့အရ သိရသည်။
အစာကြေစေနိုင်
ကီဝီသီးတွင် အမျှင်ဓာတ်ကြွယ်ဝစွာပါဝင်ပြီး အစာခြေစနစ်ကို များစွာအထောက်အကူဖြစ်စေသည်။ ထို့ပြင် ကီဝီသီးတွင် Actinidin ဟုခေါ်သည့် အင်ဇိုင်းတစ်မျိုးပါဝင်ပြီး ခန္ဓာကိုယ်တွင်း ပရိုတင်းကိုချေဖျက်ရာတွင် အထောက် အကူများစွာ ပေးစွမ်းနိုင်သည်။ ကီဝီသီး မှထုတ်လုပ်ထားသော ဖြည့်စွက်ဓာတ်စာ သည် အစာကြေစေနိုင်သည့် အာနိသင် ရှိသည်။
အမြင်အာရုံပျက်စီးခြင်းကိုကာကွယ်ပေးနိုင်
မျက်လုံးအိမ်နောက်ပိုင်းတွင်ရှိသည့် အမြင်လွှာချို့ယွင်းလာခြင်းသည် မျက်စိမမြင်ရခြင်း၏အကြောင်းရင်းတစ်ခုဖြစ်သည်။ ကီဝီသီးတွင် Zeaxanthin နှင့် Lutein တို့ပါဝင်မှုကြောင့် တစ်ရက်လျှင် ကီဝီသီးသုံးလုံးခန့် စားပေးခြင်းသည် အမြင်အာရုံ ဝေဝါးခြင်း၊ အမြင်အာရုံ နှစ်ထပ်ဖြစ်ခြင်း စသည့်အမြင်အာရုံ ပိုင်းဆိုင်ရာ ခံစားရလေ့ရှိသောဝေဒနာ များကို ကာကွယ်နိုင်ပြီး မျက်စိအမြင်လွှာပျက်စီးခြင်းကို ၃၆ ရာခိုင်နှုန်းခန့် လျှော့ချ ပေးနိုင်သည်။
အရိုးများကို ကြံ့ခိုင်သန်စွမ်းစေနိုင်
ကီဝီသီးတွင် ဗီတာမင်-K၊ ကယ်လ်စီ ယမ်နှင့် ဖော့စဖရပ်စ်ဓာတ်တို့ ပါဝင်သောကြောင့် အရိုးများကို ကြံ့ခိုင်သန်စွမ်းစေသည့်အပြင် ဗီတာမင်-K ကြွယ်ဝစွာပါဝင်သည့်အတွက် အရိုးပါးရောဂါဖြစ်ပွားမှုကိုလည်း ကာကွယ်ပေးနိုင်သည်။
အဆီကျစေသောကီဝီသီး
ကီဝီသီးတစ်လုံးကိုရေဆေး၍ အတုံးလေးများလှီးပြီးနောက် ဖျော်ရည်စက်ထဲ သို့ ရေသန့်နှင့်အတူရောထည့်ပြီး သံပရိုသီး တစ်စိတ်လှီး၍ ညှစ်ထည့်ပါ။ ထို့နောက် ပျားရည်ဇွန်းသေးတစ်ဇွန်း ရောထည့်၍ ကြေအောင်ကြိတ်ပြီး ထိုဖျော်ရည် သောက်ပေးပါက အဆီကျစေသည်။
တွဲဖက်စားသုံးပေးနိုင်သော အစားအစာများ
အာဟာရဓာတ်ပြည့်ဝစွာပါသော ဒိန် ချဉ်နှင့် ကီဝီသီးတွဲစားပါက အူမကြီးအတွင်းရှိ မကောင်းသည့်ပိုးမွှားများကို ရှင်းလင်းပေးနိုင်ပြီး ဝမ်းချုပ်ခြင်းကို ကာကွယ်ပေးနိုင်သည်။ သံဓာတ်ပါသော အမဲသားနှင့် ကီဝီသီးကို တွဲစားပေးပါက လူ့ခန္ဓာကိုယ်က သံဓာတ်ကို ပိုမိုစုပ်ယူနိုင်ပြီး သွေးအားနည်းခြင်းကို ကြိုတင်ကာကွယ်ပေးသည်။ ခန္ဓာကိုယ်အင်အားများ တိုးပွားစေပြီး ခန္ဓာကိုယ်ဖွံ့ဖြိုး တိုးတက်မှုကို အထောက်အကူပေးနိုင်သည်။
ကီဝီသီးနှင့်တွဲဖက်မစားသင့်သောအစားအစာများ
ကီဝီသီးနှင့်နွားနို့ကို တွဲစားမိပါက ဝမ်းပျက်၊ ဝမ်းလျှောဖြစ်တတ်သည်။ ကီဝီ သီးနှင့် မုန်လာဥနီ အစိမ်းတွဲစားပါက ပါဝင် သောဗီတာမင်-C ချင်း ဓာတ်ပြုသောအခါ အာဟာရဓာတ်များ ပျက်စီးဆုံးရှုံးသွား သောကြောင့် တွဲမစားသင့်ပါ။ ကီဝီသီးနှင့် သခွားသီးတွဲစားမိပါက ပါဝင်သော ဗီတာမင်များဓာတ်ပြုသောအခါ အာဟာရ ဓာတ်များ ပျက်စီးဆုံးရှုံးသွားသောကြောင့် တစ်ပြိုင်တည်းတွဲမစားသင့်ပါ။
ကီဝီသီးစားသင့်သူများ
ကီဝီသီးတွင် အမျှင်ဓာတ်များစွာပါဝင် သောကြောင့် အစာခြေစနစ်ကို ကောင်း မွန်စေသည်။ သွေးပေါင်ချိန်ကိုထိန်းပေးနိုင်ပြီး ရေရှည်တွင် သွေးတိုးနှင့်ဆက်စပ် ပြီးဖြစ်တတ်သည့် လေဖြတ်ခြင်း၊ နှလုံး ထိခိုက်ခြင်းများကိုလည်း လျော့ကျစေ နိုင်သည်။ ကီဝီသီးကို အသက်ကြီးငယ်မရွေးစားသုံးနိုင်ပြီး အထူးသဖြင့် သွေးတိုး ရောဂါရှိသူ၊ နှလုံးသွေးကြောရောဂါရှိသူ၊ နှလုံးအဆို့ရှင်ရောဂါဖြစ်နေသူ၊ ဆီးလမ်းကြောင်းကျောက်တည်နေသူ၊ ဝမ်းချုပ်သူ၊ ကင်ဆာရောဂါရှိသူနှင့် အဆစ်ရောင် တတ်သူများ စားပေးသင့်သည်။
ကီဝီသီးမစားသင့်သူများ
ချိုချဉ်အရသာနှင့် စား၍ကောင်းသည့် ကီဝီသီးသည် လူအများစုနှင့်တည့်သော် လည်း ဓာတ်မတည့်သူများအနေဖြင့် ယားယံခြင်း၊ အင်ပျဉ်ထခြင်း၊ အသက်ရှူ ခက်ခဲခြင်း စသည့်လက္ခဏာများဖြစ်စေ တတ်သည်။ သွေးခဲခြင်းဖြစ်စဉ်ကို နှေးစေသောကြောင့် တစ်ခါတစ်ရံတွင် သွေးယိုခြင်း၊ သွေးထွက်ခြင်း စသည့် ပြဿနာများကြုံရနိုင်သဖြင့် သွေးရောဂါရှိသူများ ရှောင်သင့်သည်။ ခွဲစိတ် ကုသမှုခံယူရန်ရှိသူများလည်း မစားသုံး သင့်ပေ။ ထို့ပြင် ကီဝီသီးကို ဝမ်းသွားလွယ်တတ်သူ၊ ဝမ်းပျက်၊ ဝမ်းလျှောဖြစ်တတ်သူ နှင့် အမျိုးသမီးများ ဓမ္မတာလာချိန်တွင် မစားသင့်ပါ။
ဓာတ်မတည့်လျှင်ဖြစ်တတ်သည့် လက္ခဏာများ
ဓာတ်မတည့်သည့် လက္ခဏာများမှာ အများအားဖြင့် ပြင်းထန်ခြင်းမရှိတတ်ပေ။ ပါးစပ်နှင့်လည်ချောင်းထဲတွင် ယားယံခြင်း၊ လျှာ၊ နှုတ်ခမ်းနှင့် လည်ချောင်းထဲတွင် ထုံကျဉ်ခြင်းလောက်သာ ကြုံရသော်လည်း တချို့သူများတွင် အသက်အန္တရာယ်စိုးရိမ် ရသည်အထိ ပြင်းထန်သည်။ အသက်ရှူရ ခက်ခဲလာခြင်း၊ ဗိုက်အောင့်၊ ဗိုက်နာခြင်း၊ မူးဝေအော့အန်ခြင်း၊ ဝမ်းလျှောခြင်း၊ သွေးပေါင်ချိန်ကျခြင်း၊ နှလုံးခုန်မြန်ခြင်း၊ မူးမေ့ခြင်း စသည့်လက္ခဏာများခံစား ရပါက ဆေးရုံ၊ ဆေးခန်းသို့ အမြန်ဆုံးပို့ဆောင်သင့်သည်။ ကလေးများကို ကီဝီသီး စကျွေးပြီဆိုပါက ပြသနိုင်သည့် လက္ခဏာများမှာ နှုတ်ခမ်းနှင့် အာခေါင် ရောင်ရမ်းခြင်း၊ အရေပြားတွင် အနီကွက် ထွက်ခြင်း၊ အင်ပျဉ်ထခြင်း၊ အသက်ရှူ ကျပ်ခြင်းတို့ဖြစ်တတ်သည်။ ဓာတ်မတည့်သူများအနေဖြင့် ကီဝီသီးအမျိုးမျိုးအပြင်
ကီဝီသီးနှင့် ပြုလုပ်ထားသည့် ဖျော်ရည်များ၊ အသီးအရွက်သုပ်များအပြင် ကီဝီသီးနှင့်ပြုလုပ်ထားသည့် ရေခဲမုန့်ကိုလည်း သတိပြုရှောင်ကြဉ် သင့်ပါကြောင်း ရေးသားလိုက်ရပါသည်။
