ပန်းသစ်တော်သီး၏ ဆေးဖက်ဝင်အကျိုးအာနိသင်များ
Posted_Date
Image
Body
ပန်းသစ်တော်သီး
ပန်းသစ်တော်သီးသည် အပေါ်ခွံအဝါရောင်သန်း၍ အသားခပ်ပွပွ၊ အရည်ရွှမ်းရွှမ်းလေးနှင့် ရေဓာတ်ပြည့်ဝပြီး ဝါးလိုက်တိုင်း တကြွပ်ကြွပ်နှင့်စားကောင်းသည်။ ပန်းသစ်တော်သီးတွင် သွေးတွင်းကိုလက်စထရောကျစေသော ပျော်ဝင် လွယ်သည့်အမျှင်ဓာတ်(Pectin) ပါဝင်မှုများပြားပြီး ဗီတာမင်နှင့် သတ္တုဓာတ်ကြွယ်ဝစွာပါဝင်သည်။ အလယ်အလတ်အရွယ်အစားရှိ ပန်းသစ်တော်သီးတစ်လုံးတွင် နေ့စဉ်စားသုံးသင့်သည့် အမျှင်ဓာတ်ပမာဏ ၂၀ ရာခိုင်နှုန်းကျော်ပါဝင်သောကြောင့် အစာခြေစနစ်ကိုကောင်းမွန်စေပြီး အူမကြီး၏လုပ်ဆောင်ချက်ကို ပိုမိုကောင်းမွန်စေသည် ။ ရာသီတိုင်းစားသုံးနိုင်သော ပန်းသစ်တော်သီးသည် Pyrus မျိုးစိတ်တွင်ပါဝင်ပြီး ရုက္ခဗေဒအမည်အားဖြင့် Pyrus Bretschneideri ဟုခေါ်သည်။
ပန်းသစ်တော်သီးသည် ခန္ဓာကိုယ်အတွက်လိုအပ်သည့် ဗီတာမင်နှင့်သတ္တု ဓာတ်များ ကြွယ်ဝစွာပါဝင်သောကြောင့် ခန္ဓာကိုယ်အတွက်အားပြည့်စေပြီး ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုချင်းစီကိုလည်း အားပြည့်အောင် အားဖြည့်ပေးသည်။ အမျိုးသမီးများအတွက် အလှအပရေးရာတွင်အသုံးဝင်သည့် သစ်သီးတစ်မျိုးဖြစ်ပြီး ကျန်းမာရေးအတွက် ကောင်းကျိုးများစွာရရှိစေသည်။ ပန်းသစ်တော်သီးတစ်လုံး နေ့စဉ်စားသုံးပေးပါက ဖောလစ်အက်စစ် ၅ ရာခိုင်နှုန်းခန့် ပါဝင်သောကြောင့် ကိုယ်ဝန်ဆောင်မိခင်လောင်းများအတွက် အင်အားကို တိုးမြင့်စေမည်ဖြစ်သည်။
ကိုယ်အလေးချိန်ကျစေနိုင်
ပန်းသစ်တော်သီးစားသုံးပါက ကိုယ်အလေးချိန်မတက်စေဘဲ ခန္ဓာကိုယ်အတွက် လိုအပ်သည့် ကယ်လိုရီအပြည့်အဝရရှိစေသည်။ အမျှင်ဓာတ်ကြွယ်ဝသကဲ့သို့ ခန္ဓာကိုယ်အတွက်လိုအပ်သည့် ကယ်လိုရီများကို အပြည့်အဝပေးစွမ်းနိုင်သောကြောင့် ကိုယ်အလေးချိန် ကျလိုသူများအနေဖြင့် ပန်းသစ်တော်သီးကို စားသုံးပေးနိုင်သည်။
ပန်းသစ်တော်သီးသည် အဝလွန်ရောဂါဖြစ်စေရန် ၃၅ ရာခိုင်နှုန်း အခွင့်အလမ်းနည်းစေပြီးနောက် ကျန်းမာရေးနှင့်ညီညွတ်သည့် ကယ်လိုရီများကို အပြည့်အဝဖြည့်ပေးနိုင်ပြီး ခန္ဓာကိုယ်ကိုအင်အားပြည့်ဝကာ ကျန်းမာနေစေမည်ဖြစ်သည်။ ပန်းသစ်တော်သီးကို လေ့ကျင့်ခန်းမပြုလုပ်မီ သို့မဟုတ် လေ့ကျင့်ခန်းပြုလုပ်ပြီးချိန်တွင် စားပေးနိုင်သည်။
အစာခြေစနစ်ကို ကျန်းမာစေနိုင်
ပန်းသစ်တော်သီးတွင် ပျော်ဝင်လွယ်သည့်အမျှင်ဓာတ် (Pectin)နှင့် မပျော်ဝင်နိုင်သည့်အမျှင်ဓာတ် ကြွယ်ဝစွာပါဝင်နေသောကြောင့် အူမကြီးကို ကျန်းမာစေနိုင်သကဲ့သို့ အစာခြေစနစ်ကိုကောင်းမွန်စေပြီး ဝမ်းမှန်စေရန်လည်း အကောင်းဆုံး အထောက်အပံ့ ပေးနိုင်မည်ဖြစ်သည်။ ပျော်ဝင်လွယ်သည့်အမျှင်ဓာတ်က သွေးတွင်းကိုလက်စထရောကို ကျဆင်းစေနိုင်ပြီး နှလုံးကိုကျန်းမာစေနိုင်သကဲ့သို့ သွေးတွင်းသကြားဓာတ်ကိုလည်း အကောင်းဆုံးထိန်းညှိပေးနိုင်သည်။ အစာစားပြီးချိန်တွင် သွေးချိုမြင့်တက်သွားခြင်းမျိုးမဖြစ်အောင်လည်းကာကွယ်ပေးပြီး လေပွခြင်း၊ ဗိုက်အောင့်ခြင်း၊ ဝမ်းပျက်၊ ဝမ်းလျှောခြင်းတို့ကို သက်သာစေနိုင်သည်။
ပျော်ဝင်လွယ်သည့်အမျှင်ဓာတ်(Pectin)က အစာအိမ်ထဲတွင် အစာခြေရည်နှင့်ပေါင်းပြီး ကိုလက်စထရောများကိုဖယ်ရှားရန် အထောက်အကူဖြစ်စေသည်။
ကိုယ်တွင်းအဆိပ်အတောက်များကို ဖယ်ရှားပေးနိုင်
လူတစ်ယောက် တစ်ရက်လျှင် အမျှင်ဓာတ် ၂၅ ဂရမ်မှ ၃၈ ဂရမ်အထိ စားပေးသင့်ရာ ပန်းသစ်တော်သီးတစ်လုံးတွင် ပျော်ဝင်လွယ်သောအမျှင်ဓာတ် (Pectin) ကြွယ်ဝစွာပါဝင်မှုကြောင့် အစာခြေစနစ်ကိုကောင်းမွန်စေပြီး အစာကြေလွယ်စေကာ အူမကြီးနှင့် အူနံရံများကိုလည်း ကျန်းမာစေနိုင်သည်။ ပန်းသစ်တော်သီးသည် ဝမ်းမှန်စေပြီး အူမကြီးရောင်ရမ်းခြင်း၊ အူလမ်း ကြောင်း တစ်လျှောက်တွင် ရေများစုပုံနေခြင်းမျိုး မဖြစ်အောင် အကောင်းဆုံးလုပ်ဆောင်ပေးနိုင်ပြီး ကိုယ်တွင်းမှ အဆိပ်အတောက်များကိုလည်း အထိရောက်ဆုံးဖယ်ရှားပေးနိုင်သည်။
ကိုယ်ခံအားကောင်းစေနိုင်
ပန်းသစ်တော်သီးတွင် ဗီတာမင်- C ကြွယ်ဝစွာပါဝင်သောကြောင့် ခန္ဓာကိုယ်ကို ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ အန္တရာယ်မှ အထိရောက်ဆုံးကာကွယ်ပေးနိုင်သည်။ အရေပြားကိုကျန်းမာစေသကဲ့သို့ အရွယ်တင်နုပျိုစေပြီး သံဓာတ်စုပ်ယူမှုကိုလည်း ကောင်းစေနိုင်သည်။ သွေးအားနည်း ရောဂါ၊ နှလုံးရောဂါ၊ အဆုတ်ရောဂါများကိုလည်း အထိရောက်ဆုံးတားဆီးပေးနိုင်သည်။
နာကျင်ရောင်ရမ်းမှုကို သက်သာစေနိုင်
ပန်းသစ်တော်သီးတွင် ဓာတ်တိုးဆန့်ကျင်အာနိသင်၊ ရောင်ရမ်းမှုကို သက်သာစေသည့်အာနိသင်၊ ဗက်တီးရီးယားများကို တိုက်ဖျက်ပေးနိုင်သည့်အာနိသင်၊ ကင်ဆာတိုက်ဖျက်ပေးနိုင်သည့်အာနိသင်၊ ဓာတ်မတည့်မှုကိုတိုက်ဖျက်ပေးနိုင်သည့်အာနိသင်တို့ ပါဝင်နေသည်။ ထို့ကြောင့် ခန္ဓာကိုယ်တွင်ဖြစ်တတ်သည့် နာကျင်ရောင်ရမ်းမှုများ၊ အရေပြားအနာများကို သက်သာစေရန်နှင့် ကင်ဆာရောဂါ ကာကွယ်ရန်လည်း ပန်းသစ်တော်သီးကို စားပေးနိုင်သည်။
ဦးနှောက်ကျန်းမာစေနိုင်
ပန်းသစ်တော်သီးတွင် မဂ္ဂနီဆီယမ်နှင့် ကော့ပါးဓာတ်များ ပါဝင်သောကြောင့် ဦးနှောက်စွမ်းရည်နှင့် မှတ်ဉာဏ်စွမ်းရည်ကို တိုးတက်စေသည်။ ထို့ပြင် ပိုတက်ဆီယမ်ပါဝင်နေသဖြင့် နှလုံးကျန်းမာစေနိုင်သကဲ့သို့ အာရုံကြောနှင့်ကြွက်သားများကို ကျန်းမာစေနိုင်သည်။ ပိုတက်ဆီယမ်က ဦးနှောက်ကို အာဟာရဓာတ်များ ဖြည့်တင်းပေးနိုင်ပြီး အာရုံကြောများကို အကောင်းဆုံးလှုပ်ရှားနိုင်အောင် လှုံ့ဆော်ပေးသည်။ သွေးပေါင်ချိန်ကိုထိန်းညှိပေးပြီး ဦးနှောက်သို့ သွေးစီးဆင်းရောက်ရှိမှုကိုလည်း ကောင်းမွန်စေနိုင်သည်။
အရိုးများကြံ့ခိုင်သန်စွမ်းစေနိုင်
ပန်းသစ်တော်သီးတွင် ပိုတက်ဆီယမ်ကြွယ်ဝမှုက အာရုံကြောများနှင့် သွေးပေါင်ချိန်ကိုသာ ကောင်းမွန်စေခြင်းမဟုတ်ဘဲ ကယ်လ်စီယမ်စုပ်ယူနိုင်စွမ်းကိုမြင့်မားစေပြီး ရိုးတွင်းခြင်ဆီများကို အကောင်းဆုံးဖြစ်ပေါ်စေသည်။ အရိုးသိပ်သည်းဆကို ကောင်းမွန်စေပြီး အရိုးများကို ကြံ့ခိုင်သန်စွမ်းစေရန် အကောင်းဆုံးအားဖြည့်ပေးသည်။
သန္ဓေသားဖွံ့ဖြိုးမှုကိုမြှင့်တင်ပေး
အလယ်အလတ်အရွယ်အစားရှိသည့် ပန်းသစ်တော်သီးတစ်လုံးတွင် နေ့စဉ်စားသင့်သော ဖောလစ်အက်စစ် (Folic Acid) ၅ ရာခိုင်နှုန်းခန့်ပါဝင်သောကြောင့် ကိုယ်ဝန်ဆောင်စဉ်ကာလအတွင်း သန္ဓေသား၏ဖွံ့ဖြိုးမှုကို အားပေးမြှင့်တင်ရာတွင် အရေးပါသောသစ်သီးတစ်မျိုးဖြစ်သည်။
ဆီးချိုရောဂါကာကွယ်ပေးနိုင်
ပန်းသစ်တော်သီးက Low-glycemic Fruit ဖြစ်သည့်အတွက် ဆီးချိုဝေဒနာရှင်များအတွက် အထူးကောင်းမွန်သည်။ ပန်းသစ်တော်သီးတွင် Flavonoids ဓာတ်ပါဝင်သောကြောင့် အင်ဆူလင်တုံ့ပြန်နိုင်စွမ်းကိုမြှင့်တင်ပေးပြီး ဆီးချိုကိုကာကွယ်ပေးနိုင်သည်။ ဆီးချိုရောဂါမရှိသူများ ပန်းသစ်တော်သီးစားခြင်းဖြင့် ဆီးချိုကာကွယ်နိုင်သော်လည်း ဆီးချိုရောဂါရှိသူများ များများမစားသင့်ပေ။ ပန်းသစ်တော်သီးတွင်ပါဝင်သော အမျှင်ဓာတ်က သွေးထဲရှိသကြားဓာတ်ပမာဏကို ထိန်းပေးနိုင်သည်။
ကင်ဆာရောဂါကိုကာကွယ်ပေးနိုင်
ပန်းသစ်တော်သီးတွင် အမျှင်ဓာတ်အပြင် ဗီတာမင်-C ၊ ဗီတာမင်-A ၊ Folic Acid နှင့် Phytonutrients များသာမက ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ မြင့်မားစွာ ပါဝင်သောကြောင့် ဆဲလ်များ၏လုပ်ဆောင်ချက်ကိုကောင်းစေပြီး ကင်ဆာအမျိုးမျိုးကို ကာကွယ်ပေးနိုင်စွမ်းရှိသည်။ ထို့ပြင် ကင်ဆာဖြစ်စေသည့်ဓာတုပစ္စည်းများ အူလမ်းကြောင်းတွင်စုဝေးနေမှုကို ကာကွယ်ပေးသည်။ အမျိုးသမီးများတွင် အဖြစ်အများဆုံးရင်သားကင်ဆာကိုကာကွယ်ပေးနိုင်သောကြောင့် ပန်းသစ်တော်သီးကိုစားပေးသင့်သည်။
လေဖြတ်ခြင်းကို ကာကွယ်ပေးနိုင်
ပန်းသစ်တော်သီးတွင်ပါဝင်သည့် အမျှင် ဓာတ်များက မကောင်းသည့်ကိုလက်စထရောများကိုလျှော့ချပေးကာ သွေးလည်ပတ်မှုကိုကောင်းစေပြီး လေဖြတ်နိုင်ခြေကို ၅၀ ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်သည်။
အချုပ်အားဖြင့်ဆိုရသော် ပန်းသစ်တော်သီးတွင် ဓာတ်တိုးဆန့်ကျင်အာနိသင်၊ ရောင်ရမ်းမှုကိုသက်သာစေသောအာနိသင်၊ ဗက်တီးရီးယားများကို တိုက်ဖျက်ပေးနိုင်သည့်အာနိသင်၊ ကင်ဆာကိုတိုက်ဖျက်ပေးနိုင်သည့်အာနိသင်၊ ဓာတ်မတည့်မှုကို တိုက်ဖျက်ပေးနိုင်သည့်အာနိသင်များ ပါဝင်နေသောကြောင့် ခန္ဓာကိုယ်တွင်ဖြစ်တတ်သည့် နာကျင်ရောင်ရမ်းမှုများ၊ အရေပြားအနာများကို သက်သာစေရန် ပန်းသစ်တော်သီးကို စားပေးသင့်သည်။ ပန်းသစ်တော်သီးတွင် ပါဝင်သော Flavonoids က အင်ဆူလင်တုံ့ပြန်စွမ်းအားကို မြှင့်တင်ပေးပြီး ဆီးချိုကိုကာကွယ်ပေးသကဲ့သို့ Boron ဓာတ်ကလည်း ကယ်လ်စီယမ်ဓာတ်ကို ထိန်းပေးသောကြောင့် အရိုးများကို သန်မာစေသည်။ ကိုယ်ခံအားကိုမြှင့်တင်ပေးသည့် ဗီတာမင် -C အပြင် ဗီတာမင်- K ၊ သံဓာတ်၊ ကော့ပါး၊ ပိုတက်ဆီယမ်နှင့် မဂ္ဂနိစ်ဓာတ်တို့ပါဝင်မှုကြောင့် ကိုယ်ခံအားကောင်းမွန်စေသည်။ ဆိုးကျိုးမရှိသလောက် ကောင်းမွန်သည့် ချွဲသလိပ်ကြေပြီး ရင်ချောင်စေသော အရည်ရွှမ်းသည့် ပန်းသစ်တော်သီးကိုစားရင်း မိမိခန္ဓာကိုယ်ကျန်းမာရေးကို အကောင်းဆုံးစောင့်ရှောက်ပေးသင့်ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။
MWD
