အိပ်ရေး၀၀အိပ်စက်ခြင်းနှင့် အိပ်စက်သင့်သည့်အချိန်များ

Posted_Date

Image

အိပ်ရေး၀၀အိပ်စက်ခြင်းနှင့် အိပ်စက်သင့်သည့်အချိန်များ

Body

လူတစ်ယောက်၏    စိတ်ပိုင်းဆိုင်ရာ၊ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးအတွက်နှစ်နှစ်ခြိုက်ခြိုက်  အိပ်ရေးဝဝအိပ်စက်မှ သာ နောက်တစ်နေ့တွင် လန်းဆန်းတက်ကြွစွာ နိုးထနိုင်မည်ဖြစ်သည်။ အိပ်ရေး၀၀အိပ်စက်ခြင်းသည်    ကိုယ်ခံစွမ်းအားကို   တိုးတက်မြင့်မားကာအသက်ရှူလမ်း ကြောင်း၊နှလုံးခုန်နှုန်း၊သွေးဖိအား၊ ဟော်မုန်းထုတ်လုပ်မှုပမာဏစသည်

တို့ကို ပုံမှန်ဖြစ်စေသကဲ့သို့ ကြွက်သားများနှင့်ဆဲလ်များ ကောင်းစွာတည်ဆောက်၍ အသက်ရှည်စေနိုင်သည်။ထို့ပြင် အမြင် အာရုံနှင့်အကြားအာရုံများကို ပံ့ပိုးပေးရုံ သာမက အာရုံစူးစိုက်မှုနှင့် မှတ်ဉာဏ်စွမ်း အားကိုလည်း  တိုးတက်စေနိုင်မည်ဖြစ်သည်။

တစ်ရက်လျှင်လေးနာရီခွဲခန့်သာ အိပ်စက်သောသူသည်  ရက်သတ္တပတ်ခန့်  အကြာတွင် သိသိသာသာစိတ်ဖိစီးမှုများလာခြင်း၊ ဒေါသထွက်ခြင်း၊ စိတ်ပင်ပန်းနွမ်း နယ်ခြင်း၊ စိတ်ထိခိုက်လွယ်ခြင်း၊ တက်ကြွ မှုမရှိခြင်း၊ အိပ်ချိန်ကစဉ့်ကလျားကြောင့် ကျောက်ကပ်ရောဂါ   ပိုမိုဆိုးရွားစေနိုင် ခြင်း၊ ညသန်းခေါင်ယံအထိ မအိပ်သေးသူ များတွင်ခန္ဓာကိုယ်၏ဇီ၀ပြောင်းလဲမှု ဖြစ်စဉ်များ  ကမောက်ကမဖြစ်ကာ  ခန္ဓာ ကိုယ်တွင်း အရည်လောင်ကျွမ်းမှု အဆိပ် အတောက်ဖြစ်ပေါ်စေခြင်း၊ ညဘက်အလုပ်လုပ်သူများတွင်ကျန်းမာရေးဆိုးကျိုး များခြင်း၊  အထူးသဖြင့်  အမျိုးသမီးများ သည် အမျိုးသားများထက် အိပ်ရေးပျက် သောဒဏ်ကို ခံနိုင်ရည်မရှိခြင်း၊ ညဘက် အလုပ်လုပ်သောအမျိုးသမီးများတွင် ဓမ္မတာမမှန်ခြင်း၊ အရိုးပွရောဂါဖြစ်ခြင်း၊ ရင်သားကင်ဆာဖြစ်ခြင်း၊ကိုယ်၀န်မရနိုင်ခြင်း၊ ခေါင်းတစ်ခြမ်းကိုက်ခြင်း စသည့်ရောဂါများ ဖြစ်နိုင်ခြေပိုများလာကြောင်း နှင့် အိပ်ရေးမ၀မှုကြောင့် ကျန်းမာရေးနှင့်လူမှုရေးဆိုင်ရာအဆင်မပြေမှုများ တွေ့ကြုံနေရကြောင်း ကျန်းမာရေးသုတေ သီများက သတိပေးထားသည်။

အသက်အရွယ်အလိုက်အိပ်စက်သင့်သောအချိန်များ- မွေးကင်းစ   ကလေးငယ်လေးများ သည်  တစ်ရက်လျှင် ညဘက်အိပ်ချိန် ကိုးနာရီမှ ၁၀ နာရီရှိရန်လိုအပ်ပြီး နေ့ဘက် တွင် သုံးနာရီကျော် အိပ်စက်ရန်လိုအပ် သည်။ အချိန်တစ်ဆက်တည်း သုံးနာရီကြာ အိပ်ရမည်ဟုဆိုလိုခြင်းမဟုတ်ဘဲ    နေ့ ဘက်အိပ်ချိန်များစုပေါင်းလိုက်လျှင် သုံးနာရီကျော်ရှိရမည်ဖြစ်သည်။

- လေးဖက်သွားအရွယ်၊လမ်းလျှောက်စအရွယ်နှင့် မူကြိုအရွယ်ကလေးငယ်များသည် ညဘက်အိပ်ချိန် ကိုးနာရီမှ ၁၀ နာရီရှိရန်လိုအပ်ပြီး  နေ့ဘက်တွင်   အိပ်ချိန်နှစ်နာရီမှ သုံးနာရီခန့်လိုအပ်သည်။ 

- အသက်ခြောက်နှစ်မှ ၁၀ နှစ်အရွယ် ကလေးငယ်များသည်   ညဘက်အိပ်ချိန် ကိုးနာရီမှ ၁၁ နာရီရှိရန်လိုအပ်သည်။

-  အသက်  ၁၁  နှစ်မှ ၁၇  နှစ်အရွယ် ဆယ်ကျော်သက်များသည်      ညဘက် အိပ်ချိန်    ရှစ်နာရီမှ    ကိုးနာရီခန့်ရှိရန် လိုအပ်သည်။ 

- အသက် ၁၈ နှစ်နှင့်အထက် အရွယ် ရောက်ပြီးသူများသည် ညဘက်အိပ်ချိန် ခုနစ်နာရီမှ   ရှစ်နာရီအထိရှိရန်   လိုအပ် သည်။

- ကိုယ်၀န်ဆောင်   မိခင်လောင်းများ သည်  ကိုယ်၀န်ပထမသုံးလတွင်  ခန္ဓာကိုယ် အတွင်း ပြောင်းလဲမှုများကြောင့် အိပ်ချိန် ပိုမိုလိုအပ်သည်။ 

- သက်ကြီးရွယ်အိုများသည်  အများ အားဖြင့်   လူလတ်ပိုင်းများနှင့်   အိပ်ချိန် ပမာဏတူညီစွာလိုအပ်သည်။    သို့သော် အသက်ကြီးလာသောအခါ အိပ်စက်သည့် ပုံစံပြောင်းလဲသွားကာ မကြာခဏနိုးလေ့ ရှိသောကြောင့်လူလတ်ပိုင်းများထက်အိပ်ချိန်လျော့နည်းသွားသည်။   ထို့ပြင် အိပ်ရာ၀င်၀င်ချင်း ချက်ချင်းအိပ်ပျော်လေ့ မရှိသောကြောင့် စောစီးစွာအိပ်ရာ၀င်ရန် လိုအပ်သည်။ သက်ကြီးရွယ်အိုများအနေ ဖြင့် နေလယ်ပိုင်းအချိန်များတွင်တစ်ရေး အိပ်သင့်သည်။

ခန္ဓာကိုယ်၏ သဘာ၀ဇီ၀နာရီဖြစ်စဉ်များ- နံနက် ၁ နာရီမှ ၃ နာရီသည် အသည်း ၏ အလုပ်လုပ်ချိန်ဖြစ်သောကြောင့် အိပ်ချိန်နောက်ကျခြင်းကို  ရှောင်ကြဉ်သင့်သည်။

- နံနက် ၃ နာရီမှ ၅ နာရီသည် အဆုတ်မှ အလုပ်လုပ်၍အသက်ရှူစနစ်အတွက်ထိန်းညှိချိန်ဖြစ်သောကြောင့်  နံနက် ၅ နာရီအထိ နှစ်နှစ်ခြိုက်ခြိုက်အိပ်စက်သင့် သည်။ 

- နံနက်  ၄ နာရီသည်  ခန္ဓာကိုယ်၏ သွေးခုန်နှုန်းအားအပျော့ဆုံး၊ နှလုံးခုန်နှုန်း အနှေးကွေးဆုံး     အချိန်များဖြစ်သည်။ ထိုအချိန်တွင်   ရင်ကျပ်ခြင်း၊   လေဖြတ် ခြင်း၊ ဦးနှောက်သွေးကြောရောဂါ၊ နှလုံး နှင့် သွေးတိုးရောဂါတို့  ဖောက်ပြန်တတ် သောအချိန်ဖြစ်၍  ကောင်းစွာအိပ်စက် သင့်သည်။ 

-  နံနက် ၅ နာရီ မှ ၇ နာရီတွင် အူမကြီး အလုပ်လုပ်ချိန်ဖြစ်သောကြောင့် ထိုအချိန် အတွင်း အိပ်ရာထကာ ရေတစ်ခွက်အ၀ သောက်ပြီး    ၀မ်းမှန်မှန်သွားသင့်သည်။ အမျှင်ဓာတ်ပါသော     အစားအစာများ စားသင့်သည်။ 

- နံနက်    နာရီမှ ၉ နာရီအတွင်း အစာအိမ် အလုပ်လုပ်ချိန်ဖြစ်သောကြောင့် ထိုအချိန်တွင် နံနက်စာအ၀စားသင့်သည်။

- နံနက်  ၁၁ နာရီမှ မွန်းလွဲ  ၁ နာရီ အတွင်း   နှလုံးအလုပ်လုပ်ချိန်ဖြစ်သော ကြောင့်   ထမင်းစားပြီး   ခဏတာအနား ယူသင့်သည်။ 

- မွန်းလွဲ  ၁ နာရီမှ  ညနေ  ၃ နာရီ အတွင်း    အူသိမ်အလုပ်လုပ်ချိန်ဖြစ်ကာ အလေးအပင်များ  သယ်မခြင်းကို ဆင်ခြင် ရန် အထူးလိုအပ်သည်။ 

- ညနေ ၃ နာရီမှ ၅ နာရီအတွင်း ဆီးအိမ် မှ ခန္ဓာကိုယ်တွင်း အဆိပ်အတောက်များ ကို   စွန့်ပစ်ချိန်ဖြစ်သောကြောင့်  ရေများ များ သောက်ရန်လိုအပ်သည်။ 

- ညနေ ၅ နာရီမှ  ည ၇ နာရီသည် ကျောက်ကပ်အလုပ်လုပ်ချိန်ဖြစ်သော ကြောင့်  ထိုအချိန်တွင်ရေချိုးနေစဉ် ဆီးသွားခြင်းသည်ကျောက်ကပ်ပျက်စီး လွယ်သောကြောင့် ရှောင်ကြဉ်သင့်သည်။

- ည ၇ နာရီမှ ည ၉ နာရီသည် နှလုံးနှင့် ဦးနှောက်အာရုံကြောစနစ်၏အလှုပ်ရှားဆုံးအချိန်ဖြစ်၍ ကျောင်းသား၊ ကျောင်း သူများစာကျက်မှတ်ရန် အကောင်းဆုံး အချိန်ဖြစ်သကဲ့သို့   သက်လတ်ပိုင်းများ နှင့်   သက်ကြီးပိုင်းများအနေဖြင့်စိတ် အပန်းပြေစေမည့်   ရယ်မောဖွယ်ဟာသ ရုပ်ရှင်များ ကြည့်ရှုခံစားသင့်သည်။

- ည ၉  နာရီမှ  ၁၁  နာရီသည် ခန္ဓာ ကိုယ်၏ အပိုင်းကြီးသုံးပိုင်း (ဦးခေါင်းပိုင်း၊ ကိုယ်ပိုင်း၊ ခြေထောက်ပိုင်းများ)ကို နှီးနှော ဖလှယ်ချိန်ဖြစ်၍ ရောဂါခုခံကာကွယ်စနစ် ပြုပြင်တည်ဆောက်ချိန်ဖြစ်သည်။ထို့ ကြောင့် ကလေးသူငယ်များတွင်ရောဂါ ခုခံကာကွယ်စနစ်တည်ဆောက်မှု မပြည့်စုံ သေးသဖြင့် ည ၉ နာရီတွင် အိပ်ရာ၀င်သင့် သည်။ 

- ည  ၁၁  နာရီမှ နံနက် ၁ နာရီသည် သည်းခြေစတင်အလုပ်လုပ်ပြီး တစ်ပြိုင် နက်တည်းမှာပင် ရိုးတွင်းခြင်ဆီမှ သွေးနီဥ တည်ဆောက်ချိန်ဖြစ်၍  ကောင်းစွာအိပ် စက်သင့်သည်။ 

ဖုန်းနှင့် အိပ်စက်ခြင်းအန္တရာယ်ညဘက်အိပ်ပျော်နေစဉ် ဖုန်းမှထုတ် လွှတ်သောရေဒီယိုသတ္တိကြွဓာတ်များ အန္တရာယ်မှလျော့ကျစေရန် ဖုန်းကို ခေါင်းအုံးအနီးထား၍မအိပ်သင့်ပေ။ ဖုန်းမှ ရေဒီယိုသတ္တိကြွဓာတ်များက အချိန်ပြည့် ထုတ်လွှတ်နေသဖြင့် ဦးနှောက်ကိုထိခိုက် စေကာဦးနှောက်အကျိတ်၊ကင်ဆာ ဖြစ်စေတတ်သည်။  ဖုန်းကို မိမိနှင့်လက် တစ်ကမ်းအကွာတွင်ထားသင့်သည်။ (ဦးခေါင်းနေရာမဟုတ်ဘဲ  ခါးနေရာတွင် ထားပါ)  ဖုန်းကို နားနှင့်ကပ်၍ မပြောဘဲ Speaker ကိုသာ ဖွင့်ပြောသင့်သည်။

အိပ်ရေးပျက်ခြင်း၏ နောက်ဆက်တွဲဆိုးကျိုးများအိပ်ရေးပျက်ခြင်းသည် ဦးနှောက်နှင့် အာရုံကြောများကို ထိခိုက်စေနိုင်သည်။ အကြောင်းအမျိုးမျိုးကြောင့် တစ်ညတာ အိပ်ရေးပျက်ခြင်းကြောင့်ခေါင်းမူးခြင်း၊ ခေါင်းကိုက်ခြင်း၊  မောပန်းနွမ်းနယ်ခြင်းနှင့် အစာစားချင်စိတ်မရှိဘဲ ခံတွင်းပျက် ခြင်းများခံစားရနိုင်သည်။နေ့စဉ်အိပ်ရေး ပျက်ခြင်းဖြစ်ပေါ်လာပါကစိတ်ဓာတ် ကျဆင်းခြင်း၊ စိုးရိမ်ပူပန်ခြင်း၊ သွေးလည်ပတ်မှုမမှန်ကန်ခြင်း၊ ခန္ဓာကိုယ်၏   အပူ ချိန်ပြောင်းလဲလာခြင်းနှင့်  အားအင်ကုန် ခန်းခြင်းများဖြစ်လာပြီး စိတ်နှင့်ခန္ဓာကိုယ်၏ကျန်းမာရေးကို ထိခိုက်စေနိုင်သည်။

အိပ်မပျော်ခြင်းကြောင့်ဖြစ်တတ်သောရောဂါများအိပ်မပျော်ခြင်းကြောင့်  နှလုံးရောဂါ၊ သွေးတိုးရောဂါ၊အစာအိမ်နှင့်အူလမ်း ကြောင်းရောဂါ၊ အဆုတ်ရောဂါ၊ သွေးအား နည်းရောဂါ၊ဦးနှောက်အာရုံကြောပိုင်း ဆိုင်ရာရောဂါနှင့် အစာမကြေရောဂါများ ဖြစ်နိုင်သည်။ထို့ကြောင့်  နာတာရှည် အိပ်မပျော်ခြင်းသည် ကျန်းမာရေးကိုများစွာ  ထိခိုက်နိုင်သဖြင့် ဂရုစိုက်သင့်သည်။

အိပ်ပျော်စေရန် အထောက်အပံ့ကောင်းများအိပ်ရာ၀င်ချိန်မတိုင်မီဦးနှောက်ကို အသုံးပြု၍အားစိုက်ရသောလုပ်ငန်း များကိုရှောင်ကြဉ်ပါ။အစာအိမ်အူလမ်း ကြောင်းတစ်လျှောက်၀မ်းဗိုက်တင်း အောင် စားသောက်ခြင်းများကို ရှောင်ကြဉ်သင့်သည်။ စိတ်လှုပ်ရှားတက်ကြွစေသော ကစားနည်းများနှင့် သွေးအားတက်စေမည့် ပဋိဇီ၀ဆေးများကိုရှောင်ကြဉ်သင့်သည်။   အိပ်ပျော်ရန်   ဆေးများကိုလည်း  ဆရာ၀န်  ညွှန်ကြားချက်အတိုင်းသာ သောက်သုံးသင့်သည်။ အာရုံကိုထိခိုက်လွယ်သော  သို့မဟုတ် စိတ်ထိခိုက်စေသော   စာပေဖတ်ခြင်း သို့မဟုတ် ရုပ်ရှင်ကြည့်ခြင်း၊ လူမှုကွန်ရက်များအသုံးပြုခြင်းတို့ကို ရှောင်ကြဉ်သင့်သည်။ သာယာငြိမ့်ညောင်းသော  တေးဂီတသံများကို မတိုးမကျယ် မိနစ် ၃၀ ခန့် နားထောင်ပြီး အိပ်စက်သင့်သည်။မိသားစုအတွင်းသော်လည်းကောင်း၊  မိတ်ဆွေအချင်းချင်းသော်လည်းကောင်း  စကားအချေအတင်ပြောဆိုခြင်းနှင့် ငြင်းခုံခြင်းများကို ရှောင်ကြဉ်သင့်သည်။ အိပ်ရေး၀ဝအိပ်စက်ခြင်းက ဘက်စုံကျန်းမာရေးကို မလွဲမသွေရရှိစေမည်ဖြစ်ပါကြောင်း ရေးသားလိုက်ရပါသည်။

MWD