ကောက်ရိုးကို အကျိုးရှိစွာသုံးစွဲရေး
Posted_Date
Image
Body
ကောက်နှံပင်များ၏ သီးနှံပင်အကြွင်းအကျန်များကို စနစ်တကျပြန်လည်အသုံးချခြင်းသည် စဉ်ဆက် မပြတ်စိုက်ပျိုးရေးစွမ်းအားကိုဖော်ဆောင်ကြရာတွင် သီးနှံအကြွင်းအကျန်များကို မီးရှို့ဖျက်ဆီးမှုကြောင့် ဖြစ်ပေါ်လာမည့် မီးခိုးမြူမှုန်ဖြစ်ပေါ်ခြင်းကို လျှော့ချပေးရာရောက်ပြီး တစ်ပြိုင်နက်တည်းမှာပင် ပတ်ဝန်းကျင်နှင့် လေထုညစ်ညမ်းမှုကိုပါလျှော့ချပေးနိုင်သည်။
ပတ်ဝန်းကျင်လေထုညစ်ညမ်းမှုဖြစ်စေခြင်း၏ဆိုးကျိုးရလဒ်များ
အာရှပစိဖိတ်ဒေသများတွင် ပတ်ဝန်းကျင်လေထုညစ်ညမ်းမှုဖြစ်စေခြင်းမှာ လုပ်ငန်းခွင်မှကောက်ရိုးများကိုမီးရှို့ခြင်းဖြင့်ဖြစ်ပေါ်မှုမှ တစ်စိတ်တစ်ပိုင်းဖြစ်သည်။ နှစ်စဉ်ကမ္ဘာ့လူဦးရေ၏၆ ဒသမ ၅သန်းသည် လေထုညစ်ညမ်းမှုကြောင့် သေဆုံးနေကြရပြီး ၎င်းအနက်မှ ၇၀ ရာခိုင်နှုန်းသည် အာရှပစိဖိတ်ဒေသတွင်းမှဖြစ်ကြောင်းသိရှိရသည်။ ကောက်ရိုးကိုမီးရှို့ဖျက်ဆီးရာမှ လေထုညစ်ညမ်းမှုဖြစ်စေသည့် ဓာတ်ငွေ့များအဖြစ် နိုက်ထရိုဂျင်ဒြပ်ပေါင်းဓာတ်ငွေ့၊ ကာဗွန်မိုနောက်ဆိုက်၊ ကာဗွန်ဒိုင်အောက်ဆိုက်၊ ဆာလဖာဒိုင်အောက်ဆိုက်နှင့်မီသိန်းဓာတ်ငွေ့များလေထုတွင်းသို့ထွက်ရှိစုပုံမှုဖြစ်လာစေသည်။ လေထုအတွင်း၌အဆိပ်ဖြစ်စေသောအမှုန်အမွှားသည် အရွယ်အစားအနေဖြင့် ၁၀ မိုက်ခရိုမီလီမီတာနှင့် ၂ ဒသမ ၅ အောက် သေးငယ်ရမည်ဖြစ်သည်။PM10 and PM2.5 ဟု ခေါ်ဆိုသတ်မှတ်လေ့ရှိသည်။
လေထုတွင်း၎င်းပမာဏထက် အဆိပ်ဖြစ်စေသောအမှုန်အမွှားသည် မြင့်မားစွာပါရှိလာပါက အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ ဖြစ်ပွားနှုန်းမြင့်မားလာပြီး အဆုတ်ကင်ဆာကဲ့သို့သော ဝေဒနာများ ဖြစ်ပွားမှုများပြားလာနိုင်သည်။
ဆာလဖာဒိုင်အောက်ဆိုက်ဓာတ်ငွေ့များသည် အနံ့ဆိုးထွက်ရှိစေ၍ လေထုညစ်ညမ်းစေပြီး လေထုတွင်းရေနှင့်ပေါင်းစပ်၍ အက်စစ်မိုးရွာသွန်းခြင်းကိုဖြစ်စေနိုင်သည်။ နိုက်ထရိုဂျင်ဒြပ်ပေါင်းဓာတ်ငွေ့များမှာလည်းအက်စစ်မိုးကိုဖြစ်စေသလို ပန်းနာရင်ကျပ်ဝေဒနာဖြစ်စေမှုကိုအားပေးသည်။ကောက်ရိုးကိုမီးရှို့လျှင်ပင် လေထုတွင်းသို့ ဓာတ်ငွေ့ထုတ်လွှတ်မှုအနေဖြင့် ၁၀ ရာခိုင်နှုန်း၊ အစိုဓာတ်ကောက်ရိုးအခြောက်အလေးချိန် ၁ ကီလိုဂရမ်တွင် မီသိန်းဓာတ်ငွေ့ ၄ ဒသမ ၅၁ ဂရမ်၊ နိုက်ထရပ်အောက်ဆိုက် သုည ဒသမ ၀၆၉ ဂရမ်ထုတ်လွှတ်မှုရှိကြောင်း သိရှိရသည်။ ၁၉၉၇ ခုနှစ်တွင် ပညာရှင်မာယူရာနှင့်ကမ်နိုတို့၏အဆိုအရ ကောက်ရိုးကိုမီးရှို့ခြင်းကြောင့် ကာဗွန်ဒိုင်အောက်ဆိုက် ၅၇ ရာခိုင်နှုန်းမှ ၈၂ ရာခိုင်နှုန်း၊ ကာဗွန်မိုနောက်ဆိုက် ၅ ရာခိုင်နှုန်းမှ ၉ ရာခိုင်နှုန်း၊ မီသိန်းကာဗွန် သုည ဒသမ ၄၃ ရာခိုင်နှုန်းမှ သုည ဒသမ ၉၀ ရာခိုင်နှုန်းနှင့် နိုက်ထရပ်အောက်ဆိုက်-နိုက်ထရိုဂျင် ၁ ဒသမ ၁၆ ရာခိုင်နှုန်းမှ ၁ ဒသမ ၅၀ ရာခိုင်နှုန်းထွက်ရှိကြောင်း သိရှိရသည်။
ထို့ပြင် မြေဆီလွှာအရည်အသွေးလျော့နည်းလာခြင်း၊ အသက်ရှူလမ်းကြောင်းဆိုင်ရာဝေဒနာများဖြစ်ပေါ်စေခြင်း၊ ကင်ဆာဝေဒနာဖြစ်စေမှုတိုးလာခြင်း၊ ကမ္ဘာကြီးပူနွေးမှု ပြဿနာဖြစ်စေခြင်း၊မြေအောင်းသက်ရှိတို့အတွက် နေထိုင်မှုအခက်အခဲကြုံစေပြီး ဇီဝစက်ဝန်းပျက်ယွင်းမှုဖြစ်စေခြင်းတို့ပိုမိုကြုံတွေ့လာရသည်။ မြေတွင်းသက်ရှိလေးများ၏မြေဆီလွှာတည်ဆောက်ပေးမှု ပျက်ယွင်းမှုများလာ၍ မြေထုခိုင်မြဲမှုပျက်စီးကာရာသီဥတုပြောင်းလဲလာမှုများကြုံတွေ့လာကြပြီး စိုက်ပျိုးမြေများမှာ အာဟာရဆုံးရှုံးပျောက်ကွယ်မှုနှင့်ပါရင်ဆိုင်လာကြရသည်။
တောင်သူများအနေဖြင့် သင့်တင့်မျှတသော သီးနှံအကြွင်းအကျန်များကိုစုစည်းပြီးအစဉ်မပြတ်ဘက်စုံနည်းလမ်းစုံဖြင့်အကျိုးရှိစွာပြန်လည်အသုံးချသင့်သည်။
စပါးသည် ကျယ်ကျယ်ပြန့်ပြန့်စိုက်ပျိုးသည့် သီးနှံတစ်ခုဖြစ်ပြီး ပမာဏအလွန်များပြား၍ ကွင်းထဲမှာပင်စုပုံ၍အသုံးချခြင်းပြုလုပ်နိုင်သည်။
ကောက်ရိုးသည် ပမာဏကြီးမားသောအမျှင်ဓာတ်များသည့် သီးနှံအကြွင်းအကျန်ဖြစ်ပြီး အဓိကစားသုံးသီးနှံ၏အကြွင်းအကျန်တစ်ခုဖြစ်နေ၍ တစ်နှစ်လျှင်အာဖရိက၊ အာရှ၊ ဥရောပနှင့် အမေရိကဒေသအားလုံးပေါင်း တန်ချိန် ၇၃၁ သန်းထိထွက်ရှိကြောင်းသိရှိရသည်။ သီးနှံအကြွင်းအကျန်များကို ပြန်လည်အသုံးမပြုဘဲမီးရှို့ဖျက်ဆီးရှင်းလင်းခြင်းသည် ပတ်ဝန်းကျင်နှင့်လိုက်လျောညီထွေသော ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အဖြစ် ၁၀၀ ရာခိုင်နှုန်းအသုံးပြုနိုင်သော သဘာဝအခြေခံပစ္စည်းကို ဆုံးရှုံးရခြင်းပင်ဖြစ်သည်။
ပညာရှင်ကူမားနှင့်အဖွဲ့၏အဆိုအရ ကောက်ရိုးကိုမီးရှို့ခြင်းကြောင့် မြေအပူချိန် ၅၅ ဒီဂရီစင်တီဂရိတ်မြင့်တက်လာနိုင်ပြီး ဗက်တီးရီးယား၊ မှို၊ အက်တီနိုမိုက်အရေအတွက်ထူးခြားစွာကျဆင်းမည်။ ဖော့စဖောရပ်ကိုပျော်ဝင်စေသော အဏုဇီဝများ၊ပိုတက်စီယမ်ကိုပျော်ဝင်စေသော အဏုဇီဝများလျော့ပါးစေသည်။ ဆဲလ်လူးလို့ပျက်စီးမှုကြောင့် မြေတွင်းအဏုဇီဝတို့အတွက်ထိခိုက်စေသည်။ သီးနှံအကြွင်းအကျန်မှရရှိနိုင်မည့် နိုက်ထရိုဂျင်နှင့် ဆာလဖာဓာတ်ဆုံးရှုံးမှုကိုဖြစ်စေသည်။ မြေတွင်းကာဗွန်စုဆောင်းခြင်းဖြစ်နိုင်စွမ်းကိုလည်းကျဆင်းစေသည်။
ကောက်ရိုးကိုမီးရှို့ခြင်းကြောင့် မြေတွင်းမှာတည်ရှိနေရမည့် နိုက်ထရိုဂျင်ဓာတ်လျော့နည်းခြင်း၊ ဖော့စဖောရပ်၏ ၂၅ ရာခိုင်နှုန်း၊ ပိုတက်စီယမ်၏ ၂၀ ရာခိုင်နှုန်းနှင့်ဆာလဖာ၏ ၅ ရာခိုင်နှုန်းမှ ၆၀ ရာခိုင်နှုန်းထိကျဆင်းစေကြောင်းသိရှိရသည်။
ကောက်ရိုးနှင့်သီးနှံအကြွင်းအကျန်များကို ထပ်ဆင့်ထွက်ကုန်အမျိုးမျိုးပြုလုပ်သုံးစွဲပေးနိုင်၍ တောင်သူတို့အတွက်ဓာတုမြေဩဇာသုံးစွဲမှုကို လျှော့ချနိုင်ပြီး စိုက်ကွင်းထွက်သီးနှံအကြွင်းအကျန်များကို ပြန်လည်အသုံးချနိုင်ကာ ဇီဝထုတ်ကုန်အခြေခံတစ်ဆင့်မြင့်ပစ္စည်းများထုတ်လုပ်သုံးစွဲနိုင်ခြင်းဖြင့် ပတ်ဝန်းကျင်ညစ်ညမ်းမှုကိုထိန်းချုပ်နိုင်သည်။ မြေပြုပြင်စဉ်တွင် မြေထဲသို့ပြန်လည်ထည့်ပေးခြင်း၊ မြေလွှာဖုံးပစ္စည်းအဖြစ် အသုံးပြုပေးခြင်းကြောင့် မြေဆီလွှာမှာ အာဟာရဓာတ်ထိန်းသိမ်းနိုင်သည့်အပြင် မြေဆီလွှာအစိုဓာတ်ကိုပါထိန်းသိမ်းထားနိုင်သည်။
ကောက်ရိုးအစုအပုံကိုမီးရှို့ကြခြင်းမှာအချိန်တိုအတွင်းသီးနှံအကြွင်းအကျန်ကိုဖယ်ရှားနိုင်ခြင်း၊ပေါင်းမြက်ကိုရှင်းလင်းပြီးဖြစ်ခြင်း၊ ပိုးမွှားနှင့်ရောဂါပိုးကိုကာကွယ်ပြီးဖြစ်စေခြင်းကြောင့်ဟုဆိုကြသည်။ ကောက်ရိုးဘိုင်အိုချာကို မြေဩဇာအဖြစ်အသုံးပြုနိုင်ခြင်း၊ ၎င်းကိုအသုံးပြုခြင်းအားဖြင့် မြေချဉ်ငန်ဓာတ်မြင့်စေသည်။ မြေသိပ်သည်းမှုလျော့ကျစေသည်။ ဓာတ်ဖိုဖလှယ်နိုင်စွမ်းအားမြင့်စေသည်။ အာဟာရရရှိနိုင်မှုတိုးစေသည်။မြေပြင်မျိုးစေ့ချဆောင်ရွက်ရာတွင်ကောက်ရိုးရှိခြင်းကြောင့်စက်ကိရိယာဝင်ရခက်ခဲခြင်းကိုရှောင်ရှားနိုင်သည်ဟုလည်းဆိုကြသည်။ ဧရာဝတီတိုင်းဒေသကြီးတွင်စပါးစိုက်ဧကအများစုကို မြေမပြင်ခင်မီးရှို့ကြခြင်းဖြစ်သည်။ ထို့ကြောင့် အာရှပစိဖိတ်စပါးစိုက်ဒေသတွင်း ၈၀ ရာခိုင်နှုန်းသော လယ်သမားများသည် ပေါင်းမြက်နှင့် ပိုးမွှားရောဂါကာကွယ်ရေးအတွက် ကောက်ရိုးမီးရှို့ခြင်းကိုပြုလုပ်ကြသည်။ စပါးစိုက်ကွင်းမှာကောက်ရိုးမီးရှို့ပြီး စိုက်ပျိုးခြင်းကို အများစုဆောင်ရွက်နေကြခြင်းကြောင့် လိုက်ပါလုပ်ဆောင်နေကြခြင်းဖြစ်ပြီး အများစုမှာမြေထဲရှိမြေတွင်း အာဟာရပြောင်းလဲလျော့ကျခြင်း၊ အဏုဇီဝများလျော့ကျခြင်းကို မမြင်သာသောကြောင့်လည်း ပြုမူနေကြခြင်းဖြစ်သည်။ စပါးခင်းတွင် အင်းဆက်ပိုးမွှားရောဂါကျရောက်မှုမရှိခဲ့ပါကကောက်ရိုးကိုပြန်လည်အသုံးချသင့်သည်။
ကောက်ရိုးကိုအသုံးချမှုများအဖြစ်မြေဖုံးပစ္စည်း၊ သဘာဝမြေဩဇာ၊ ဇီဝမြေဩဇာပွားများပစ္စည်း၊ စက္ကူပြုလုပ်နိုင်ခြင်း၊တီကျစ်စာမွေးမြူရေးတွင် အသုံးပြုနိုင်ခြင်း၊ တိရစ္ဆာန်အစာ(နွားစာတုံး)ပြုလုပ်နိုင်ခြင်း၊ကောက်ရိုးကိုအသုံးပြု၍ မှိုစိုက်ပျိုးနိုင်ခြင်း၊လောင်စာစွမ်းအင်အဖြစ်အသုံးပြုနိုင်ခြင်း၊မြက်ဖျာ၊အခင်းတို့ပြုလုပ်သုံးစွဲနိုင်ခြင်း အစရှိသဖြင့်အသုံးချနိုင်သည်။ စပါးစိုက်ပျိုးထုတ်လုပ်မှုတွင် လေ့လာချက်များအရကောက်ရိုးနှင့်စပါးရရှိမှုအချိုးချလျှင် သုည ဒသမ ၇ မှ ၁ ဒသမ ၄ အချိုး ရှိကြောင်း၊ စပါးမျိုးအလိုက်ကွာခြားချက်ရှိကြောင်းသိရှိရသည်။ ကောက်ရိုးကိုအသုံးချမှုများအဖြစ် သမားရိုးကျစီမံခန့်ခွဲခြင်းနှင့် အကျိုးပြုပုံစံအဖြစ်သို့ ဖန်တီးစီမံခန့်ခွဲခြင်းစနစ်ဟုလေ့လာနိုင်သည်။
သမားရိုးကျစီမံခန့်ခွဲခြင်းစနစ်တွင် မြေဆီလွှာကိုပြုပြင်ခြင်း၊ မြေဖုံးခြင်း၊ မြေဆွေးအဖြစ်အသုံး ပြုခြင်း၊ လောင်စာတောင့်စွမ်းအင်အဖြစ်အသုံးပြုခြင်း၊ မွေးမြူရေးအစားအစာအဖြစ် အသုံးပြုခြင်း၊ကွင်းထဲတွင်မီးရှို့ခြင်းစသည်တို့ဖြင့် ကောက်ရိုးကိုပြုပြင်သုံးစွဲကြသည်။
အကျိုးပြုပုံစံအဖြစ်သို့ ဖန်တီးစီမံခန့်ခွဲခြင်းစနစ်မှာ ကောက်ရိုးတွင်ပါဝင်သောဓာတ်ပစ္စည်း ဆီလီကွန်နှင့် ပိုတက်စီယမ်၊ လစ်ပိုဖိလစ်ဓာတ်ပေါင်းများကို ဓာတ်ခွဲမှုအဆင့်ဆင့်ဖြင့် ထုတ်ယူ သုံးစွဲခြင်း၊ လစ်ပိုဖိလစ်ဓာတ်ပေါင်းများကိုအခြေခံ၍ ဓာတုဓာတ်ပေါင်း (ဥပမာ- ဟိုက်ဒရိုကာဗွန်၊ ဖက်တီးအက်စစ်၊ အယ်ဒီဟိုက်၊ တာပင်နွိုက်နှင့် စတီးရွိုက်များထပ်ဆင့်ထုတ်ယူသုံးစွဲနိုင်ကြပြီး ဆေးဖက်ဆိုင်ရာပစ္စည်း၊ အစားအစာ၊ အာဟာရဖြည့်စွက်ပစ္စည်း၊ အလှကုန်ပစ္စည်းစသည်တို့တွင် စက်မှုဆိုင်ရာ ဓာတုကုန်ကြမ်းအဖြစ် ထည့်သွင်းသုံးစွဲကြသည်။ ကောက်ရိုးကို ပျော့ဖတ်ပြုလုပ်၍ စက္ကူထုတ်လုပ်ရာတွင်လည်းအသုံးပြုကြသည်။ ။
(ဆက်လက်ဖော်ပြပါမည်။)
