တက်ညီလက်ညီရှေ့သို့ချီ ကိုယ်စီဆန္ဒမဲပေးကြ
Posted_Date
Image
Body
ယနေ့အချိန်အခါသည် လွတ်လပ်၍တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲမှသည် အနာဂတ်နိုင်ငံတော်သစ်ဆီသို့ စတင်လျှောက်လှမ်းမည့် အချိန်အခါဖြစ်ပေရာ ပါတီစုံဒီမိုကရေစီစနစ်ခိုင်မြဲစေရန် ဒေသနှင့်တိုင်းရင်းသားများ၏အကျိုးကို တရားဥပဒေနှင့်အညီ ဆွေးနွေးနိုင်ရေးအတွက် လွှတ်တော်ကိုယ်စားလှယ်များ နိုင်ငံရေးစင်မြင့်တွင် ပိုမိုပါဝင်ရန် လိုအပ်နေသည့်အချိန်ဖြစ်ပါသည်။ ထို့ကြောင့် မဲဆန္ဒရှင်ပြည်သူများ၏ဆန္ဒမဲတစ်ခုက ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရေးနှင့် ဒေသအကျိုးစီးပွားအတွက် မှတ်ကျောက်တင်နိုင်မည်ဖြစ်သောကြောင့် ဆန္ဒမဲပေးရန် အချိန်ကောင်းဖြစ်ပါသည်။
နိုင်ငံတော်အစိုးရအနေဖြင့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို အပိုင်း(၃)ပိုင်းဖြင့် ကျင်းပပေးလျက်ရှိရာ ပြီးခဲ့သည့်ရွေးကောက်ပွဲအပိုင်း(၁)နှင့် အပိုင်း(၂)တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ပြည်သူများအားလုံးက တက်ကြွစွာ ဆန္ဒမဲပေးခဲ့သောကြောင့် အောင်မြင်သည့်ရွေးကောက်ပွဲဖြစ်ခဲ့သည်။ ကျင်းပပြီးစီးခဲ့သည့် ရွေးကောက်ပွဲများကိုကြည့်လျှင် ပြည်သူများစိတ်ဝင်တစားရှိခြင်း၊ တက်တက်ကြွကြွဆန္ဒမဲပေးခြင်းတို့က ဒီမိုကရေစီစနစ်လျှောက်လှမ်းမည့် မြန်မာနိုင်ငံအတွက် အောင်မြင်မှု အသီးအပွင့်တစ်ခုပင်ဖြစ်သည်။ ဆန္ဒမဲပေးကြသူများတွင် လူငယ်များကိုယ်တိုင် တက်တက်ကြွကြွဖြင့် ပါဝင်လာခြင်းသည် နိုင်ငံ၏အနာဂတ်အတွက် အခြေခံအုတ်မြစ်ပင်ဖြစ်သည်။
တိုးတက်သော နိုင်ငံတိုင်းတွင် လူငယ်များ၏ အခန်းကဏ္ဍသည် အရေးကြီးပေရာ လူငယ်များ၏ တက်ကြွသောစိတ်နှင့် လူကြီးများ၏အတွေ့အကြုံတို့ ပေါင်းစပ်ပြီးလုပ်ကိုင်ပါမှ တိုင်းပြည်ငြိမ်းချမ်း၍ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ ဖွင့်ပွဲအခမ်းအနားတွင် ပြောကြားခဲ့သည်။ ထို့ကြောင့် နိုင်ငံတည်ဆောက်ရေးတွင် လူငယ်များ၏စွမ်းအားကို အသုံးချနိုင်ရန် လိုအပ်သည်။
ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၃)ကျင်းပမည့် မြို့နယ်ပေါင်း (၆၃)မြို့နယ်ရှိပြီး မဲဆန္ဒရှင်ပြည်သူများ အဆင်ပြေလွယ်ကူစွာ မဲပေးနိုင်ရေး နိုင်ငံတော်အစိုးရအနေဖြင့် မဲရုံကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်လျက်ရှိရာ ယခုအခါ ပြီးမြောက်လျက်ရှိပြီဖြစ်သည်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ပြီးခဲ့သည့် ရွေးကောက်ပွဲအပိုင်း(၁)နှင့် အပိုင်း(၂)တို့၏ မဲစာရင်းရလဒ်များကို ပြည်သူများသိရှိအောင် ပွင့်လင်းမြင်သာစွာထုတ်ပြန်ပြီးဖြစ်ပေရာ ဇန်နဝါရီလ ၂၅ ရက်(ယနေ့)တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အပိုင်း(၃)ကိုလည်း အောင်မြင်စွာကျင်းပနိုင်လိမ့်မည်မှာမလွဲဧကန်ပင်ဖြစ်သည်။
အောင်မြင်စွာ ကျင်းပပြီးစီးခဲ့သည့် ရွေးကောက်ပွဲ အပိုင်း(၁)နှင့် အပိုင်း(၂)တွင် မဲရုံကျင်းပသည့် နေရာအထိ လာရောက်လေ့လာစောင့်ကြည့်ခဲ့ကြသည့် နိုင်ငံတကာသံတမန်များနှင့် ပြည်တွင်းပြည်ပလေ့လာစောင့်ကြည့်ကြသူများ၏ စကားသံများကိုလည်း ပွင့်ပွင့်လင်းလင်းကြားသိခဲ့ရပြီးဖြစ်သည်။ ရွေးကောက်ပွဲ အပိုင်း(၁)နှင့် အပိုင်း(၂)တွင် သက်ဆိုင်ရာမြို့နယ်များအလိုက် မည်သည့်ဖိအား တစ်စုံတစ်ရာမျှမပါရှိဘဲ တက်တက်ကြွကြွ၊ စည်းကမ်းရှိရှိဆန္ဒမဲပေးခဲ့ကြသည့် မဲဆန္ဒရှင်ပြည်သူများ၏ လွတ်လပ်စွာ ဆန္ဒမဲပေးနေမှုနှင့် MEVM စက်ဖြင့် မဲပေးရာတွင်ကြုံတွေ့ရသည့် အခြေအနေများကို နိုင်ငံတော်အကြီးအကဲကိုယ်တိုင် လိုက်လံကြည့်ရှုမေးမြန်းခဲ့သည့်အပြင် သက်ဆိုင်ရာမဲရုံများအလိုက် မဲရုံမှတာဝန်ရှိသူများ၏ ကွန်ပျူတာစနစ်ဖြင့် မဲစာရင်းများတိုက်ဆိုင်စစ်ဆေးပေးလျက်ရှိသည့်လုပ်ငန်းစဉ်များ၊ မဲရုံဝန်ထမ်းများ၏ တာဝန်ထမ်းဆောင်နေမှု အခြေအနေကိုလည်း မမေ့မလျော့အားပေးစကား ပြောကြားကာ နှုတ်ဆက်နေသည့် မြင်ကွင်းမှာလည်း ဝမ်းသာဖွယ်ရာပင်ဖြစ်သည်။
ထူးခြားချက်အနေဖြင့် လက်ရှိကျင်းပနေသည့် ရွေးကောက်ပွဲသည် ပုံမှန်အားဖြင့် ငါးနှစ်တစ်ကြိမ် ကျင်းပနေသည့် ရွေးကောက်ပွဲများနှင့်မတူဘဲ ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ပြန်လည်ရောက်ရှိနိုင်ရန် ဆန္ဒပြုကြရသည့် ရွေးကောက်ပွဲဟုဆိုနိုင်သည်။ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးကို နိုင်ငံအကြီးအကဲကိုယ်တိုင်ဦးဆောင်ဦးရွက်ပြုကာ ဆောင်ရွက်နေချိန်တွင် တစ်ဖက်တွင်လည်း အဖျက်အမှောင့်၊ အနှောင့်အယှက်များစွာဖြင့် ရွေးကောက်ပွဲကိုပျက်စီးရာ ပျက်စီးကြောင်း လုပ်နေသည့် အကြမ်းဖက်အဖွဲ့အစည်းများကလည်း ရှိနေသေးသည်။
နိုင်ငံတော်အစိုးရအနေဖြင့် တိုင်းပြည်တည်ငြိမ်အေးချမ်းရေးကို ဆောင်ရွက်နေရသည့်အပြင် တစ်ဖက်တွင်လည်း လွတ်လပ်၍ တရားမျှတသည့်ရွေးကောက်ပွဲ၊ သိက္ခာရှိသည့် ရွေးကောက်ပွဲဖြစ်အောင်လည်း ဆောင်ရွက်ရသည်။ ရွေးကောက်ပွဲကို မည်သည့်အတွက်ကြောင့် လုပ်ရကြောင်းကိုလည်း ပြည်သူများက သိရှိထားရန်လိုသည်။ ဒီမိုကရေစီစနစ်တွင် မဲမသမာမှုသည် အလွန်အကျည်းတန်အရုပ်ဆိုးသည့် ကိစ္စရပ်ကြီးတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံအတွက် အမည်းစက်တစ်ခုအဖြစ်ကျန်ရှိနေမည်ဖြစ်သည်။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပေါ်ခဲ့သည့် မဲမသမာမှုအခြေအနေများအရ နိုင်ငံ့တာဝန်များကို တရားဥပဒေနှင့်အညီ ထမ်းဆောင်နေရခြင်းဖြစ်ပြီး ပါတီစုံဒီမိုကရေစီလမ်းကြောင်း ခိုင်မာမှုရှိစေရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်းကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကဇန်နဝါရီလ ၁၉ ရက်တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့ရှိဌာနဆိုင်ရာတာဝန်ရှိသူများနှင့်မြို့မိမြို့ဖများအား တွေ့ဆုံစဉ် “မိမိတို့အနေဖြင့် ထိုစဉ်က တာဝန်ရှိသည့်အစိုးရကို မဲစာရင်းများကြီးမားစွာကွဲလွဲနေမှုအား ဖြေရှင်းဆောင်ရွက်ပေးရန် အကြိမ်ကြိမ်ပြောကြားခဲ့သော်လည်း ဖြေရှင်းဆောင်ရွက်ပေးခြင်းမရှိသည့်အပြင် လွှတ်တော်ခေါ်ယူ၍ နိုင်ငံတော်၏အာဏာကို အတင်းအဓမ္မရယူရန် ကြိုးပမ်းလာခဲ့သောကြောင့် နိုင်ငံတော်ကို အရေးပေါ်အခြေအနေအဖြစ်ကြေညာခဲ့ပြီး လက်ရှိအခြေအနေသို့ ရောက်ရှိခဲ့ရခြင်းဖြစ်ကြောင်း၊ သို့ဖြစ်၍ယခုကျင်းပသည့် ရွေးကောက်ပွဲသည် လွတ်လပ်၍တရားမျှတသည့်ရွေးကောက်ပွဲ၊ သိက္ခာရှိသည့် ရွေးကောက်ပွဲဖြစ်ရမည်ဟု ဆုံးဖြတ်ချက်ချထားပြီး အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း” ပြောကြားခဲ့သည်။
ထို့ပြင် နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်၏ တာဝန်များကို ခေတ္တထမ်းဆောင်ခဲ့ရစဉ် ကိုဗစ်-၁၉ ရောဂါဖြစ်ပေါ်လျက်ရှိပြီး ကျန်းမာရေး၊ ပညာရေးဝန်ထမ်းအချို့အပါအဝင် နိုင်ငံ့ဝန်ထမ်းအချို့ လုပ်ငန်းခွင်စွန့်ခွာမှုများကြောင့် အခက်အခဲအကျပ်အတည်းများစွာကို ရင်ဆိုင်ကြုံတွေ့ခဲ့ရသည်။ နိုင်ငံရေးအရဖြစ်ပေါ်လာသည့် ပြဿနာကိုနိုင်ငံရေးအရမဖြေရှင်းဘဲ နိုင်ငံရေးသဘောထား ကွဲလွဲမှုများကြောင့် ဖြစ်ပေါ်လာသည့် ဆူပူအကြမ်းဖက်မှုများနှင့် လက်နက်ကိုင် အကြမ်းဖက်မှုများကိုလည်း ရင်ဆိုင်ခဲ့ရသည်။ ထို့ပြင် ရေကြီးရေလျှံမှုများ၊ လေပြင်းတိုက်ခတ်မှုများ၊ ငလျင်လှုပ်ခတ်မှုများ စသည့်သဘာဝဘေးအန္တရာယ်များကိုလည်း ကြုံတွေ့ခဲ့ကြရသည်။ ထိုကဲ့သို့သော အခက်အခဲ၊ အကျပ်အတည်း ပေါင်းစုံများအကြားမှ သစ္စာရှိနိုင်ငံ့ဝန်ထမ်းများ၊ တည်ငြိမ်အေးချမ်းမှုကိုလိုလားသော ပြည်သူလူထုတို့၏ ပူးပေါင်းပါဝင်မှုများဖြင့် ကြံ့ကြံ့ခံရင်ဆိုင်ကျော်လွှားနိုင်ခဲ့သည်။ ထို့ကြောင့်လည်း ဒီမိုကရေစီစနစ်ရှင်သန်ရေးအတွက် သစ္စာရှိနိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူများက ဆန္ဒမဲကိုတက်တက်ကြွကြွမဲပေးခဲ့ခြင်းဖြစ်သည်။
အကြမ်းဖက်လက်နက်ကိုင်သောင်းကျန်းသူများသည် ရွေးကောက်ပွဲမအောင်မြင်ရေးအတွက် အဖျက်အမှောင့်နည်းလမ်း မျိုးစုံသုံး၍ ရွေးကောက်ပွဲပျက်စီးရေးကို ပေါ်ပေါ်ထင်ထင် လုပ်ဆောင်နေသည်ကို ပြည်သူများကလည်း သိရှိရန်လိုသည်။
၎င်းတို့၏ ကောက်ကျစ်သည့် လုပ်ရပ်များကို ပြည်သူလူထုက တွေ့ရှိပါကလည်း သက်ဆိုင်ရာအဖွဲ့အစည်းများအား သတင်းပို့တိုင်ကြားရန်လိုသည်။
ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပမှုကို ပျက်ပြားစေရန်ရည်ရွယ်၍ လူမှုကွန်ရက်စာမျက်နှာများ၊ အများပြည်သူဆိုင်ရာနေရာများ၌ ဟောပြောခြင်း၊ ပြောဆိုခြင်း၊ စည်းရုံးလှုံ့ဆော်ခြင်း၊ ဆန္ဒပြခြင်း၊ စာရေးသားခြင်း၊ ရုပ်ပုံပိုစတာများချိတ်ဆွဲခြင်း စသည်တို့ဖြင့် နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းများ၊ ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်များအား ထိခိုက်ပျက်စီးအောင် နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းပြုလုပ်သူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားခြင်းမှကာကွယ်ပေးရေးဥပဒေနှင့်အညီ ထိရောက်စွာအရေးယူဆောင်ရွက်လျက်ရှိသည်။
သို့ပါ၍ ရွေးကောက်ပွဲကျင်းပရာတွင် လွတ်လပ်၍တရားမျှတသည့် ရွေးကောက်ပွဲဖြစ်စေရေး၊ မဲစာရင်းများမှန်ကန်စေရေး၊ သိက္ခာရှိသည့် ရွေးကောက်ပွဲဖြစ်စေရေးအတွက် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းအပါအဝင် ရွေးကောက်ပွဲကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများကို အလေးအနက်ထားဆောင်ရွက်ပြီးဖြစ်သောကြောင့် ဇန်နဝါရီလ ၂၅ ရက်တွင်ကျင်းပမည့်ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအပိုင်း (၃)တွင်လည်း ပြည်သူများ ပါဝင်ဆန္ဒမဲပေးရန်လိုသည်။ မဲပေးခြင်းသည် နိုင်ငံသားတစ်ဦး၏ အခွင့်အရေးဖြစ်ပြီး ယင်းအခွင့်အရေးကို ခွင့်ကြုံခိုက်မှာအပြည့်အဝအသုံးချ၍ အနာဂတ်ဒီမိုကရေစီနိုင်ငံတော်သစ်ဆီသို့ လျှောက်လှမ်းကာ တက်ညီလက်ညီရှေ့သို့ချီကိုယ်စီဆန္ဒမဲပေးကြရန်လိုပါကြောင်း မဲဆန္ဒရှင်ပြည်သူများအား တိုက်တွန်း နှိုးဆော်လိုက်ရပါသည်။ ။
MWD
