ကြက်သွန်ဖြူကို ပုံမှန်စားပေးသင့်သည့် အကြောင်းရင်းများ

Posted_Date

Image

ကြက်သွန်ဖြူကို ပုံမှန်စားပေးသင့်သည့် အကြောင်းရင်းများ

Body

ကြက်သွန်ဖြူတွင် ဆာလဖာ (Sulfur) ဒြပ်ပေါင်းများ၊ ဆီလီနီယမ် (Selenium) နှင့် ဗီတာမင်များ ကြွယ်ဝစွာ ပါဝင်သည့်အတွက် ကိုယ်ခံအားကို မြှင့်တင်ပေးခြင်း၊ ဘက်တီးရီးယားများကို တိုက်ဖျက် ပေးခြင်း၊ သွေးတိုးနှင့် မကောင်းသော ကိုလက်စထရောများကို ထိန်းချုပ်ရာတွင် ကူညီပေးခြင်း တို့ကို လုပ်ဆောင်ပေးပါသည်။

ကြက်သွန်ဖြူတွင် အကျိုးပြုဒြပ်ပေါင်းများစွာ ပါဝင်ပြီး အထင်ရှားဆုံးမှာ Allicin (အယ်လီစင်) ဖြစ် သည်။ သို့သော် အယ်လီစင်သည် တည်ငြိမ်မှုမရှိဘဲ လတ်ဆတ်သော ကြက်သွန်ဖြူကို လှီးဖြတ် လိုက်ပြီးနောက် သို့မဟုတ် ထောင်းလိုက်ပြီးနောက် ခဏတာအတွင်း၌သာ တည်ရှိပါသည်။ အယ်လီစင်အပြင် Diallyl disulfide နှင့် S-allyl cysteine ကဲ့သို့သော အခြားဒြပ်ပေါင်းများသည် လည်း ကြက်သွန်ဖြူ၏ ကျန်းမာရေး အကျိုးကျေးဇူးများကို ဖြစ်ပေါ်စေရန် ပါဝင်ကူညီပေးကြပါသည်။

အာဟာရဓာတ် ကြွယ်ဝပြီး ကယ်လိုရီ ပါဝင်မှု နည်းပါးခြင်း 

ကြက်သွန်ဖြူ တစ်တက် (၃ ဂရမ်ခန့်) တွင် ကယ်လိုရီ ၄.၅၊ ပရိုတင်း ၀.၂ ဂရမ် နှင့် ကာဗိုဟိုက်ဒရိတ် ၁ ဂရမ် တို့ ပါဝင်ပါသည်။ ထို့အပြင် ကြက်သွန်ဖြူသည် မန်းဂနိစ် (manganese)၊ ဗီတာမင် B6ဗီတာမင် C ၊ ဆီလီနီယမ် (Selenium) နှင့် အမျှင်ဓာတ် (Fiber) အပါအဝင် အရေးကြီးသော အာဟာရ ဓာတ်များစွာကိုလည်း ထောက်ပံ့ပေးပါသည်။

ကြက်သွန်ဖြူအနှစ် (Aged garlic extract - AGE) သည် ကိုယ်ခံအားစနစ် မြှင့်တင်မှုကို အထောက် အကူပြုပြီး အအေးမိခြင်းနှင့် တုပ်ကွေးဖြစ်ပွားမှု ပြင်းထန်မှုကို လျှော့ချပေးခြင်းနှင့် ရောဂါဝေဒနာ ခံစားရချိန်ကို တိုတောင်းစေခြင်းတို့တွင် ပါဝင်ကူညီသည်။ ၎င်း၏ ကိုယ်ခံအားစနစ်ကို ထိန်းညှိပေး သည့် အာနိသင်များအပြင်၊ အချို့သော လေ့လာမှုများက AGE သည် ခန္ဓာကိုယ်အတွင်းရှိ ဆဲလ်များ ထဲသို့ ဗိုင်းရပ်စ်များ ကျူးကျော်ဝင်ရောက်ခြင်း သို့မဟုတ် ပွားများခြင်းတို့ကိုလည်း ဟန့်တားနိုင် ကြောင်း ဖော်ပြကြသည်။

သွေးတိုးကျစေခြင်း 

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ အဆိုအရ နှလုံးရောဂါနှင့် လေဖြတ်ခြင်းကဲ့သို့သော နှလုံးနှင့် သွေးကြောဆိုင်ရာ ရောဂါများသည် တစ်ကမ္ဘာလုံးတွင် သေဆုံးမှုအများဆုံး အကြောင်းရင်းများဖြစ် သည်။ သွေးတိုးရောဂါသည် ထိုရောဂါများကို ဖြစ်ပွားစေနိုင်သည့် အဓိကအချက်များထဲမှ တစ်ခု ဖြစ်သည်။ ကြက်သွန်ဖြူတွင်ပါဝင်သော အယ်လီစင် (Allicin) သည် သွေးပေါင်ချိန်ကို မြှင့်တင်ပေး သည့် အန်ဂျီယိုတန်းဆင် ၂ (Angiotensin II) ဟော်မုန်းထုတ်လုပ်မှုကို ကန့်သတ်ရန် ကူညီပေးသည်။ အဆိုပါဒြပ်ပေါင်းတွင် သွေးကြောများကို ကျယ်လာစေရန် အထောက်အကူပြုသည့် စွမ်းရည်လည်း ရှိ သောကြောင့် သွေးလည်ပတ်မှုကို ပိုမိုချောမွေ့စေသည်။

ကိုလက်စထရော ပမာဏကို မြှင့်တင်ပေးခြင်း

ကြက်သွန်ဖြူ စားသုံးခြင်းသည် စုစုပေါင်း ကိုလက်စထရောနှင့် LDL (မကောင်းသော) ကိုလက်စထရော တို့ကို လျော့ကျစေသည်။ သို့သော် ကြက်သွန်ဖြူသည် နှလုံးနှင့်သွေးကြောဆိုင်ရာ ရောဂါဖြစ်ပွား စေနိုင်သည့် အခြားအချက်တစ်ခုဖြစ်သော ထရိုင်ဂလစ်စရိုက် (Triglyceride) ပမာဏအပေါ်တွင်မူ အကျိုးသက်ရောက်မှု ရှိပုံမပေါ်ပါ။ ထို့အပြင် ကြက်သွန်ဖြူ စားသုံးခြင်းသည် HDL (ကောင်းသော) ကိုလက်စထရော ပမာဏကိုလည်း သက်ရောက်မှု မရှိပေ။

အယ်လ်ဇိုင်းမားရောဂါနှင့် စိတ်ဖောက်ပြန်ခြင်းတို့ကို ကာကွယ်ပေးခြင်း

ဖရီးရယ်ဒီကယ် (Free radicals) များကြောင့် ဖြစ်ပေါ်သော အောက်ဆီဒေးတစ် ပျက်စီးမှု (Oxidative damage) သည် အိုမင်းရင့်ရော်ခြင်းနှင့် ၎င်းနှင့်ဆက်စပ်သော မှတ်ဉာဏ်ချို့ယွင်းမှုတို့ကို ဖြစ်စေသည်။ ကြက်သွန်ဖြူ တွင် အောက်ဆီဒေးတစ် ပျက်စီးမှုကို ဆန့်ကျင်သည့် ခန္ဓာကိုယ်၏ ခုခံရေးယန္တရားများကို အထောက် အကူပြုသော အင်တီအောက်ဆီးဒင့် (Antioxidants) များ ပါဝင်သည်။ ထိုအင်တီအောက်ဆီးဒင့် များသည် အောက်ဆီဒေးတစ် စိတ်ဖိစီးမှု (Oxidative stress) ကို သိသိသာသာ လျှော့ချပေးပြီး အယ်လ်ဇိုင်းမားကဲ့သို့သော ဆက်စပ်ရောဂါများ ဖြစ်ပွား နိုင်ခြေကို လျော့နည်းစေသည်။

အားကစားစွမ်းဆောင်ရည်ကို မြှင့်တင်ပေးခြင်း 

ကြက်သွန်ဖြူသည် အားကစားစွမ်းဆောင်ရည် မြှင့်တင်မှုကို အထောက်အကူပြုနိုင်သည့် အစားအစာများထဲမှ တစ်ခုဖြစ်သည်။ ကြက်သွန်ဖြူဥတွင် ပါဝင်သော ဒြပ်ပေါင်းများသည် လေ့ကျင့်ခန်း လုပ်ခြင်းနှင့် ကြွက်သားပျက်စီးခြင်းတို့နှင့် ဆက်စပ်နေသော အောက်ဆီဒေးတစ် စိတ်ဖိစီးမှုကို လျှော့ချပေး သည်။

ခန္ဓာကိုယ်အတွင်းရှိ သတ္တုဓာတ်များ၏ ဆိုးကျိုးကို လျှော့ချပေးခြင်း

ကြက်သွန်ဖြူတွင်ပါဝင်သော ဆာလဖာ (sulfur) ဒြပ်ပေါင်းများသည် သတ္တုဓာတ်များကြောင့် အဆိပ်သင့်ကာ အင်္ဂါအစိတ်အပိုင်းများ ပျက်စီးခြင်းကို ပြန်လည်ခုခံရန် ကူညီပေးသည်။ ကြက်သွန် ဖြူရှိ အယ်လီစင်သည် သွေးနှင့် အရေးကြီးသောအင်္ဂါများအတွင်းရှိ ခဲ (Lead) ပမာဏကို လျှော့ချရန် ကူညီပေးနိုင်သည်။

နေ့စဉ် စားသောက်မှုတွင် ထည့်သွင်းရန် လွယ်ကူခြင်း

ကြက်သွန်ဖြူသည် ဟင်းလျာများစွာ၏ အရသာကို မြှင့်တင်ပေးနိုင်သောကြောင့် နေ့စဉ် စားသောက်မှုတွင် အလွယ်တကူ ထည့်သွင်းစားသုံးနိုင်သည်။ ကြက်သွန်ဖြူ၏ ပြင်းရှသော အရသာသည် ရိုးရှင်းသော ဟင်းလျာများကိုပင် ပိုမိုဆွဲဆောင်မှုရှိစေသည်။ ကြက်သွန်ဖြူကို အတက်လိုက်၊ ဓားပြားရိုက်ပြီးသား၊ အမှုန့် ပြုလုပ်ထားခြင်းမှသည် ကြက်သွန်ဖြူအနှစ် သို့မဟုတ် ကြက်သွန်ဖြူဆီကဲ့သို့သော ဖြည့်စွက်စာများအထိ ပုံစံအမျိုးမျိုးဖြင့် ရရှိနိုင်သည်။

ဘေးထွက်ဆိုးကျိုးများ 

ကြက်သွန်ဖြူတွင် စားသုံးပြီးနောက် အနံ့ပြင်းခြင်းနှင့် အချို့သူများတွင် ဓာတ်မတည့်ခြင်းတို့ကို ဖြစ်ပေါ်စေနိုင်သည့် အားနည်းချက်အချို့လည်း ရှိသည်။ ကြက်သွန်ဖြူသည် သွေးခဲစနစ်ကို သက်ရောက်မှု ရှိနိုင်သည်။ သွေးခဲမှုဆိုင်ရာ ရောဂါရှိသူများ သို့မဟုတ် သွေးကျဆေး (Anticoagulants) သောက်နေသူများသည် ကြက်သွန်ဖြူကို မစားသုံးမီ ဆရာဝန်နှင့် တိုင်ပင်သင့်သည်။

VN Express တွင် Bao Bao ရေးသားသည့် “Why should you eat garlic regularly?” ဆောင်းပါးအား ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီးဌာန (၂) က ဆီလျော်အောင် ဘာသာပြန်ဆိုထားပါသည်။

Photo: Vinmec