ပြည်ထောင်စုစိတ်ဓာတ်ကို စည်းလုံးညီညွတ်မှုစွမ်းအားဖြင့် သက်သေပြ
Posted_Date
Image
Body
မြန်မာနိုင်ငံတွင် အလေးအမြတ်ပြုထားသော နေ့ထူးနေ့မြတ်များစွာ ရှိသည့်အနက် ပြည်ထောင်စုနေ့သည်လည်း တစ်ခုအပါအဝင် ဖြစ်သည်။ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ကို ပြည်ထောင်စုနေ့အဖြစ် သတ်မှတ်ခဲ့သည်။ ပြည်ထောင်စုနေ့သည် မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းတွင် အထင်ကရနေ့တစ်နေ့ဖြစ်သည်။ မြန်မာနိုင်ငံလွတ်လပ်ရေးရရန်အတွက် အုတ်မြစ်ချခဲ့သော နေ့တစ်နေ့ဟု ဆိုလျှင်လည်း မှားမည်မထင်ပေ။ ပြည်ထောင်စုနေ့သည် မြန်မာ့လွတ်လပ်ရေး၏ အသက်သွေးကြောဖြစ်သလို ပြည်ထောင်စုအတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသား ညီအစ်ကို မောင်နှမများအား မည်သူမျှ သွေးခွဲ၍မရသော ပြည်ထောင်စုစိတ်ဓာတ်ကို စည်းလုံးညီညွတ်မှု စွမ်းအားဖြင့် ကမ္ဘာသိသက်သေပြခဲ့သည့် နေ့ထူးနေ့မြတ်လည်းဖြစ်သည်။
မြန်မာ့သမိုင်းတစ်လျှောက်ကို ကြည့်မည်ဆိုလျှင် အနော်ရထာ၊ ဘုရင့်နောင်၊ အလောင်းမင်းတရားတို့လက်ထက်တွင် မြန်မာတစ်နိုင်ငံလုံး တစ်ပေါင်းတစ်စည်းတည်း စည်းလုံးညီညွတ်စွာဖြင့် တည်ရှိခဲ့သည်ကိုတွေ့ရသည်။ ထိုကာလများတွင် မြန်မာနိုင်ငံ၏အချုပ်အခြာအာဏာ တည်ငြိမ်ခဲ့သလို ပြည်သူအားလုံး ငြိမ်းချမ်းစွာ အတူတကွနေထိုင်ခဲ့သည်ကို တွေ့ရမည်ဖြစ်သည်။ သီပေါမင်းပါတော်မူပြီး အင်္ဂလိပ်လက်အောက် ကျရောက်ခဲ့သည့် အချိန်တွင် မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ တိုင်းရင်းသားတို့က လက်နက်စွဲကိုင်တော်လှန်ခဲ့ကြသော်လည်း ပေါင်းစည်းမှုအားနည်းခြင်း၊ လက်နက်အင်အားကွာခြားခြင်း စသည်တို့ကြောင့် တော်လှန်ရေးများမအောင်မြင်ဘဲ မြန်မာနိုင်ငံ၏ကျွန်သက်တမ်းမှာ ရှည်ကြာခဲ့သည်။
စည်းလုံးညီညွတ်မှုကို ပြသနိုင်ခဲ့သောနေ့
၁၉၄၇ ခုနှစ်တွင် ဗိုလ်ချုပ်အောင်ဆန်းခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် မြန်မာ့လွတ်လပ်ရေးအတွက် အင်္ဂလန်သို့သွားရောက်ရာတွင် အင်္ဂလိပ်တို့က တောင်တန်းဒေသရှိ တိုင်းရင်းသားများသာ ပြည်မနှင့်ပူးပေါင်းရန် သဘောတူပါက တောင်တန်းရောပြည်မပါ တစ်ပြိုင်နက်တည်း လွတ်လပ်ရေးပေးမည်ဟု ကတိပြုခဲ့သည့် အောင်ဆန်း-အက်တလီစာချုပ်ကို ချုပ်ဆိုခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့်အဖွဲ့ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာချိန်တွင် ပင်လုံညီလာခံသို့တက်ရောက်ပြီး ပြည်နယ်နှင့်တောင်တန်းဒေသများ ပူးပေါင်းရေးကို ဆွေးနွေးခဲ့ကြကာ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် တောင်တန်းဒေသကိုယ်စားလှယ် ၁၂ ဦးတို့ ပြည်နယ် ပြည်မပူးပေါင်းရေးအတွက် သဘောတူသောပင်လုံစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။ ပင်လုံညီလာခံတွင် တန်းတူရည်တူရှိမှု၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ဒီမိုကရေစီအခွင့်အရေးများ ရှိစေရမည်ဟူသော ကတိကဝတ်များထည့်သွင်းဆွေးနွေးမှုကြောင့် တိုင်းရင်းသားများအကြား ယုံကြည်မှုပိုမိုခိုင်မာစေခဲ့သည့်အတွက်
၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင်သဘောတူလက်မှတ်ရေးထိုးခဲ့ကြခြင်းဖြစ်သည်။ ဖေဖော်ဝါရီလ ၁၂ ရက်နေ့သည် တိုင်းရင်းသားအားလုံးတို့၏ စည်းလုံးညီညွတ်မှုကို ပြသနိုင်ခဲ့သော နေ့တစ်နေ့ဖြစ်သောကြောင့် ထိုနေ့ကို ပြည်ထောင်စုနေ့အဖြစ် သတ်မှတ်ခဲ့ကြခြင်းဖြစ်သည်။
ယခု ၂ဝ၂၆ ခုနှစ် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ကို အောက်ပါအမျိုးသားရေးဦးတည်ချက်များဖြင့်ကျင်းပမည်ဖြစ်ပါသည်။
၁။ နိုင်ငံတော်၏ အမျိုးသားရေးရည်မှန်းချက်ဖြစ်သည့် တိုင်းပြည်သာယာဝပြောရေးနှင့်စားရေရိက္ခာဖူလုံရေးအတွက် တိုင်းရင်းသားပြည်သူအားလုံးက ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရေး။
၂။ တိုင်းပြည်တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ အောင်မြင်စွာအကောင်အထည်ဖော် ဆောင်ရွက်ရာတွင် နိုင်ငံတော်အစိုးရ၊ တပ်မတော်တို့နှင့်အတူ တိုင်းရင်းသားလူမျိုးများအားလုံး လက်တွဲပူးပေါင်းဆောင်ရွက်ရေး။
၃။ နိုင်ငံတော်အတွင်း တရားမျှတခြင်း၊ လွတ်လပ်ခြင်းနှင့်ညီမျှခြင်းတည်းဟူသော လောကပါလတရားများထွန်းကားလျက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် ထာဝရငြိမ်းချမ်းရေး တည်ဆောက်နိုင်ရန်အတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရေး။
၄။ တိုင်းရင်းသားညီအစ်ကို မောင်နှမများ၏ ရင်းနှီးချစ်ကြည်မှု၊ ယုံကြည်မှု၊ စည်းလုံးညီညွတ်မှု၊ စုစည်းလုပ်ဆောင်မှုတို့ဖြင့် စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကိုကျင့်သုံးပြီး ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကိုတည်ဆောက်ရေး။
၅။ ခေတ်မီဖွံ့ဖြိုးတိုးတက်သောနိုင်ငံတော်ဖြစ်ပေါ်လာရေးနှင့် တိုင်းရင်းသားများ၏ပညာရေး၊ ကျန်းမာရေးနှင့်လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်အောင် ဝိုင်းဝန်းဖော်ဆောင်ရေး။
သမိုင်းဝင်ပင်လုံစာချုပ်မှသည်
ပင်လုံညီလာခံတွင် ရှမ်း၊ ကချင်၊ ချင်းနှင့် ဗမာခေါင်းဆောင်များ အင်္ဂလိပ်လက်အောက်မှ အတူတကွ လွတ်မြောက်ရန်နှင့် လွတ်လပ်ရေးရပြီးနောက်ပိုင်း အတူတကွ ညီညွတ်ချစ်ခင်စွာနေထိုင်ရေးကို အဓိကထား ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။ ထိုအချိန်က တိုင်းရင်းသားအားလုံး၏ အဓိကရည်မှန်းချက်မှာ လွတ်လပ်ရေးအလျင်အမြန်ရရှိရေး၊ လွတ်လပ်ရေးရရှိပြီးနောက် ပြည်ထောင်စု မြန်မာနိုင်ငံတော်အဖြစ် အတူတကွယှဉ်တွဲနေထိုင်ရေးပင်ဖြစ်သည်။ ပင်လုံစာချုပ်ကြောင့် အင်္ဂလိပ်တို့သည် မြန်မာနိုင်ငံကို ခြွင်းချက်မရှိလွတ်လပ်ရေးပေးခဲ့ရပြီးနောက် ယနေ့ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အဖြစ် တည်ရှိခဲ့ခြင်း ဖြစ်သည်။
ပင်လုံစာချုပ်သည် တောင်ပေါ်မြေပြန့်မခွဲခြားဘဲ မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားအားလုံး၏တစ်စုတစ်ဝမ်းတည်း စည်းလုံးညီညွတ်မှုကို ပြသနိုင်သောသက်သေတစ်ခုဖြစ်သည်။ စည်းလုံးညီညွတ်ခြင်းသည် ရန်သူကိုအောင်မြင်ရေးအတွက် အဓိကကျသောလက်နက်ဖြစ်သည်ကိုပြသခဲ့သော အကောင်းဆုံးပြယုဂ်တစ်ခုဖြစ်ပေသည်။ ပင်လုံစာချုပ်ဖြင့် မြေပြန့်တောင်ပေါ်ဒေသအားလုံး၏ စည်းလုံးညီညွတ်မှုကို ပြသနိုင်ခဲ့ပြီး ပင်လုံမြေမှအခြေတည်ခဲ့သော ပြည်ထောင်စုစိတ်ဓာတ်ဖြင့် ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးမပြိုကွဲစေရန် ထိန်းသိမ်းခဲ့ကြသည်။
မြန်မာ့သမိုင်းကြောင်းတစ်လျှောက်တွင် အုပ်ချုပ်သူမင်းအဆက်ဆက်တို့သည် အမျိုးသားစည်းလုံးညီညွတ်ရေးကိုအခြေပြုပြီး ခိုင်မာသည့်ပြည်ထောင်စုကြီးအဖြစ် ကြိုးပမ်းတည်ထောင်ခဲ့ကြသည်။ သို့ရာတွင် မိမိတို့နိုင်ငံသည် ကုန်းဘောင်ခေတ်နှောင်းပိုင်းတွင် နယ်ချဲ့ကိုလိုနီ အင်္ဂလိပ်လက်အောက်သို့ ကျရောက်ခဲ့ပြီးနောက် နယ်ချဲ့အစိုးရ၏သွေးခွဲအုပ်ချုပ်မှုများကြောင့် တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ အချင်းချင်း သံသယများအခြေခံကာ စိတ်ဝမ်းကွဲပြားခဲ့ကြသည်။
လူတိုင်းသည် အတ္တကိုဗဟိုပြုကာ စဉ်းစားကြသည့်သူများဖြစ်သည်။ ငါ့အတွက်၊ ငါ့မိသားစုအတွက်၊ ငါ့လူမျိုးအတွက်ဟူ၍ စဉ်းစားကြသည်တွင် ငါနေထိုင်သော ငါ့တိုင်းပြည်အတွက်ဟူသည့် အချက်ကိုပါ ထည့်သွင်းစဉ်းစားရပေလိမ့်မည်။ ယနေ့ကဲ့သို့ တိုးတက်လာသည့်အခြေအနေတွင် ငါ့နိုင်ငံ၊ ငါ့တိုင်းပြည်အတွက်ဟူသည့် အမျိုးသားအကျိုးစီးပွားကို မဖြစ်မနေ ထည့်သွင်းစဉ်းစားကြမှသာ မိမိတိုင်းပြည်ကို ကမ္ဘာပေါ်တွင် မျက်နှာမငယ်စေဘဲ ရဲရဲရင့်ရင့် ရပ်တည်နိုင်အောင် တစ်ဖက်တစ်လမ်းမှ
အထောက်အကူပြုရာ ရောက်ပေလိမ့်မည်။
ပြည်ထောင်စုဟူသည်
ပြည်ထောင်စုဟူသည် တိုင်းဒေသကြီးနှင့်ပြည်နယ်များကိုစုစည်းပြီး စည်းလုံးညီညွတ်မှုကို ဖော်ဆောင်သော စကားစုဖြစ်သည်။ မြန်မာနိုင်ငံသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဟူသော အမည်နှင့်အညီ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်းဟူသည့် တိုင်းရင်းသားများနှင့် ဖွဲ့စည်းထားသောနိုင်ငံတော်ဖြစ်သည်။ တိုင်းရင်းသားညီအစ်ကိုမောင်နှမများ ချစ်ခင်စည်းလုံးစွာ ရပ်တည်စုစည်း၍ ပြည်ထောင်စုကြီးအဖြစ် ကာလအဓွန့်ရှည်စွာ တည်ထောင်နေထိုင်ခဲ့ကြသောနိုင်ငံ ဖြစ်သည်။
တစ်လုံးတည်းသော ဝါးဖြင့် တံတားမဆောက်နိုင်သကဲ့သို့ စည်းလုံးညီညွတ်မှုမရှိဘဲ မည်သည့် တိုင်းပြည်ကိုမှ တိုးတက်သာယာဝ ပြောအောင် တည်ဆောက်နိုင်မည်မဟုတ်ပေ။ ထို့ပြင် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း စသည့် တိုင်းရင်းသားတို့ပေါင်းစည်းနေထိုင်ရာပြည်ထောင်စုကြီးသည် ပဒေသာပင်ပေါက်သကဲ့သို့ အသင့်ဖြစ်ပေါ်လာသည်မဟုတ်ပေ။ ပထမမြန်မာနိုင်ငံတော်ကြီးတည်ဆောက်ချိန်မှစ၍ ယနေ့အထိပင် ပြည်ထောင်စုဖွားတိုင်းရင်းသားများအားလုံး တစ်စိတ်တစ်ဝမ်းတည်း စုစည်းနေထိုင်ကြရန် စည်းလုံးညီညွတ်ရေးကို တည်ဆောက်ခဲ့ကြရသည်။ မိဘဘိုးဘွားတို့၏ သမိုင်းပေးအမွေဟုပင် ဆိုဆို၊ သမိုင်းပေးတာဝန်ဟုပင်ဆိုဆို ပြည်ထောင်စုကြီးကို မျိုးဆက်သစ်လူငယ်များသို့ လက်ဆင့်ကမ်းပေးကြရဦးမည် ဖြစ်သည်။
လက်ဆင့်ကမ်း တာဝန်ကျေပွန်ကြမှလည်း အနာဂတ်ပြည်ထောင်စုအရေးစိတ်အေးကြရပေလိမ့်မည်။
ပြည်ထောင်စုဆိုသည်က စာရွက်တွင်သာရှိရမည့်အရာမဟုတ်သကဲ့သို့ ရည်ညွှန်းရမည့် စကားသက်သက်လည်း မဟုတ်ပေ။
ပြည်ထောင်စုတွင်နေထိုင်ကြသည့် တိုင်းရင်းသားအားလုံးသည် ကောင်းတူဆိုးဖက် တစ်စိတ်တစ်ဝမ်းတည်း နေထိုင်လိုစိတ်ရှိကြရပေမည်။
တစ်နည်းအားဖြင့် တိုင်းရင်းသားလူမျိုးများ စုစည်းနေထိုင်ကြသည့် မိမိတို့နိုင်ငံသည် သူတစ်လူ ငါတစ်မင်းနှင့် ကိုယ့်မြင်းကိုယ်စိုင်း နေကြမည်ဆိုပါက ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး မျှော်မှန်းချက်ဆိုသည်မှာ လိုက်လေဝေးလေဖြစ်နေမည်။
ဖွံ့ဖြိုးတိုးတက်မှုဆိုရာဝယ်
နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်သည်ဆိုရာတွင် တည်ငြိမ်အေးချမ်းမှုသည်လည်း အရေးပါသော အခန်းကဏ္ဍတစ်ခုဖြစ်သည်။ တည်ငြိမ်အေးချမ်းမှုမရှိဘဲ ဖွံ့ဖြိုးတိုးတက်မှုမရှိနိုင်ပေ။ ဖွံ့ဖြိုးတိုးတက်သည်ဆိုရာတွင်လည်း တစ်မြို့တစ်ရွာတည်းကွက်၍ ဖြစ်ထွန်းတိုးတက်နေ၍ မရပေ။ နိုင်ငံတစ်ဝန်းလုံးတွင် နေထိုင်ကြသည့် ပြည်သူအားလုံးတိုးတက်ရန် လိုအပ်သည်။ ယခုကာလတွင် နိုင်ငံတော်က ကျေးလက်ဒေသများနှင့် ကျေးလက်လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့် နယ်စပ်ဒေသများပါမကျန် ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်နေပြီဖြစ်ရာ တည်ငြိမ်အေးချမ်းမှုရှိသည့်ဒေသများတွင် လွယ်ကူလျင်မြန်စွာဆောင်ရွက်နိုင်ပြီး တည်ငြိမ်အေးချမ်းမှု မရှိသည့် ဒေသများတွင်မူ ဖွံ့ဖြိုးတိုးတက်မှုနောက်ကျကျန်မည်သာဖြစ်သည်။
ယနေ့အချိန်အခါသည် နိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူလူထုလိုလားတောင့်တသည့်ပါတီစုံဒီမိုကရေစီစနစ်ကို အောင်မြင်စွာ လျှောက်လှမ်းနိုင်ရေး ပြည်သူလူထု၏ပူးပေါင်းပါဝင်မှုဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။ တိုင်းပြည်သည် သစ်ပင်တစ်ပင်ဆိုပါက ထိုတိုင်းပြည်တွင် မှီတင်းနေထိုင်ကြသော တိုင်းရင်းသားပြည်သူများသည် ရေသောက်မြစ်များပင် ဖြစ်သည်။ ထိုရေသောက်မြစ်များကျန်းမာဖွံ့ဖြိုးပါမှ သစ်ပင်၏အကိုင်း အခက်အရွက်အလက်များ ဝေစည်လာမည်ဖြစ်ပေသည်။
မိသားစုတစ်ခုအတွင်း၌ဖြစ်စေ၊ လူ့အဖွဲ့အစည်းအသိုက်အမြုံတစ်ခု၌ဖြစ်စေ၊ နိုင်ငံတစ်ခုဒေသတစ်ခု၌ဖြစ်စေ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ရှိကြမည်ဆိုလျှင် အရေးအရာမှန်သမျှ အနှောင့်အယှက်ကင်းကင်းနှင့် အဆင်ပြေပြေချောချောမွေ့မွေ့ အောင်မြင်
နိုင်မည်ဖြစ်သည်။ မိမိဒေသ မိမိနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတိုင်းရင်းသားအားလုံးတွင် တာဝန်ကိုယ်စီရှိပေသည်။ ထို့ကြောင့် ပြည်ထောင်စု စိတ်ဓာတ်ရင်မှာအပ်လျက် အမိနိုင်ငံတော်ရေရှည်တည်တံ့မည့် အတွေးအခေါ်၊ ယုံကြည်မှု၊ ကြိုးပမ်း အားထုတ်မှုများဖြင့် တက်ညီလက်ညီဆောင်ရွက်မည် ဆိုပါက မိမိတို့လိုလားတောင့်တသည့်အရာသည် ဖြစ်ပေါ်လာမည် ဖြစ်သည်။
သို့ဖြစ်၍ မိမိတို့အမိနိုင်ငံတော်ကို ဘိုးဘွားများပေးအပ်ထားခဲ့သည့် အမွေအနှစ်အဖြစ် မြတ်မြတ်နိုးနိုးတန်ဖိုးထားရမည်ဖြစ်သလို ပင်လုံညီလာခံမှအစပြုခဲ့သည့် ပင်လုံစိတ်ဓာတ်ကိုလည်း ဘိုးဘွားတို့အမွေပေးခဲ့သည့် အမွေအနှစ်တစ်ရပ်သဖွယ် တန်ဖိုးထားကာ ယနေ့ကာလအထိဆက်လက်မွေးမြူသွားကြမှသာ အမိမြန်မာနိုင်ငံတော်၏ အေးချမ်းသာယာမှုကို သားစဉ်မြေးဆက် ထိန်းသိမ်း တည်ဆောက်သွားနိုင်မည် ဖြစ်ပေတော့သည်။ ။
MWD
