ကျန်းမာရေးကောင်းကျိုးများစွာရရှိနိုင်သည့်အာလူးအကြောင်း
Posted_Date
Image
Body
အာလူးစားဖွယ်များ
အာလူးအကြောင်းပြောပါက အာလူးနှင့်ပြုလုပ် ထားသောစားစရာများအကြောင်း မပြောမဖြစ်ပြော ရမည်ဖြစ်ပြီး အာလူးနှင့်ပြုလုပ်ထားသော စားစရာ များကို လူမျိုးမရွေး၊ ဘာသာမရွေး ကြိုက်နှစ်သက် ကြသည်။ အာလူးကို အသားဟင်းများနှင့်ရော၍ဖြစ်စေ၊ အသီးအရွက်များနှင့်ရော၍ဖြစ်စေ၊ သီးစုံကုလား
ဟင်းထဲတွင်ဖြစ်စေ အမျိုးမျိုးအဖုံဖုံ ချက်ပြုတ်စားသောက်၍ရသည်။ အာလူးနှင့်ပြုလုပ်ထားသောစားစရာမုန့်များစွာထဲတွင် အာလူးကတ်တလိပ်ကြော်၊ အာလူးဆနွင်းမကင်း၊ ကြက်ဥအာလူး နှစ်အုပ်ကြော်၊ အာလူးပူရီဟင်း၊ အာလူးကြော် စသည်ဖြင့် ပြုလုပ်စားသောက်ကြသည်။
ဇီဝကမ္မဖြစ်စဉ်ကိုကောင်းစေနိုင်
အာလူးတွင်ကြွယ်ဝစွာပါဝင်သော ဗီတာမင် - B6 သည် ကာဗိုဟိုက်ဒရိတ်နှင့် ပရိုတင်းတို့ကို ဂလူးကို့စ် နှင့် အမိုင်နိုအက်စစ်အဖြစ် ချေဖျက်ပေးပြီး ဇီဝကမ္မ ဖြစ်စဉ်ကို တိုးတက်စေနိုင်သည်။ ခန္ဓာကိုယ်တွင် အားအင်ပြည့်နေစေရန် အာလူးက အကောင်းဆုံး ဖြည့်ဆည်းပေးသည်။
သွေးတွင်းသကြားဓာတ်ကိုထိန်းချုပ်ပေးနိုင်
အာလူးတွင်ပါဝင်သည့်ကစီဓာတ်ကို ခန္ဓာကိုယ်က စုပ်ယူလိုက်သည့်အခါ အားအင်အဖြစ် ပြောင်းလဲပေး သည်။ အူမကြီးထဲတွင်ရှိသည့် ခန္ဓာကိုယ်အကျိုးပြုဗက်တီးရီးယားများကို အားဖြစ်စေသောကြောင့် ကျန်းမာစေသည်။ ဆီးချိုရောဂါသည်များတွင် တွေ့ရ သည့် အင်ဆူလင်မတိုးသည့်ပြဿနာကို ကာကွယ် ပေးနိုင်သည်။ ခန္ဓာကိုယ်က အင်ဆူလင်ကို ကောင်းစွာ ထုတ်လုပ်ပေးနိုင်စေရန်လည်း ကူညီပေးသည်။ အာလူးတွင်ပါဝင်သည့် ခန္ဓာကိုယ်အကျိုးပြုကစီဓာတ် ကိုတိုးစေရန် အာလူးကိုပြုတ်ပြီး ရေခဲသေတ္တာထဲ တစ်ညသိပ်ထားကာ မနက်တွင် အေးနေသည့်အတိုင်း စားပေးလျှင် အကောင်းဆုံးဖြစ်သည်။
မှတ်ဉာဏ်ကောင်းစေနိုင်
အာလူးတွင်ပါဝင်သည့် Choline အာဟာရဓာတ် က ကြွက်သားများလှုပ်ရှားမှုကောင်းစေရန်၊ စိတ်ခံစား မှုကောင်းစေရန်၊ သင်ယူမှုစွမ်းရည်ကောင်းစေရန်နှင့် မှတ်ဉာဏ်ကောင်းစေရန် အကောင်းဆုံးထောက်ပံ့ ပေးသည်။
နှလုံးကျန်းမာရေးကိုကောင်းမွန်စေနိုင်
အာလူးတွင် အမျှင်ဓာတ်၊ ပိုတက်ဆီယမ်၊ ဗီတာ မင်-C ၊ ဗီတာမင်-B6 တို့ ကြွယ်ဝစွာပါဝင်ပြီး ကိုလက် စထရောပါဝင်မှုမရှိသောကြောင့် နှလုံးကျန်းမာရေးကိုအထောက်အကူပြုသည်။ အမျှင်ဓာတ်က ခန္ဓာ ကိုယ်၏ သွေးတွင်းကိုလက်စထရောကိုလျော့ကျစေနိုင်သောကြောင့် နှလုံးထိခိုက်စေသည့်အန္တရာယ်မှ လျော့ကျစေပြီး နှလုံးရောဂါခံစားရနိုင်ခြေကို ကျဆင်း စေနိုင်သည်။
သွေးဖိအားကိုကောင်းစေနိုင်
အာလူးတွင် ပိုတက်ဆီယမ်၊ ကယ်လ်စီယမ်နှင့်မဂ္ဂနီဆီယမ်တို့ပါဝင်မှုကြောင့် သွေးကြောများကို ပိုမို ကျယ်လာစေပြီး သွေးဖိအားကိုလည်းထိန်းသိမ်းပေးနိုင်သည်။ ဆိုဒီယမ်လျှော့စားခြင်းသည် သွေးပေါင်ချိန် ကိုထိန်းညှိပေးနိုင်သည့် အကောင်းဆုံးနည်းလမ်းဖြစ် သည့်အပြင် ပိုတက်ဆီယမ်ကြွယ်ဝသည့် အစားအစာများစားသုံးပေးခြင်းဖြင့်လည်း သွေးမတိုးစေရန် အကောင်းဆုံးကာကွယ်ရာရောက်သည်။ ပိုတက်ဆီယမ်က သွေးကြောနံရံများကိုကျယ်စေပြီး သွေး စီးဆင်းမှုကောင်းစေသဖြင့် သွေးပေါင်ချိန်ကို အကောင်း ဆုံးထိန်းညှိပေးသည့် သဘာဝသွေးတိုးကျစေသော စားစရာတစ်ခုဖြစ်သည်။
အရိုးကျန်းမာရေးကိုကောင်းမွန်စေနိုင်
အာလူးတွင်ပါဝင်သည့် သံဓာတ်၊ ဖော့စဖရပ်စ်၊ ကယ်လ်စီယမ်၊ ဇင့်နှင့် မဂ္ဂနီဆီယမ်တို့က ခန္ဓာကိုယ် ၏အရိုးဖွဲ့စည်းမှုနှင့် သန်မာမှုကို ထိန်းသိမ်းပေးနိုင် သည့်အတွက် အရိုးများကိုသန်မာစေသည့်အပြင် အရိုးကျန်းမာစေရန်လိုအပ်သည့် ကော်လာဂျင်ထွက် ရှိမှုကို လှုံ့ဆော်ပေးသည်။ အရိုးပွခြင်းမျိုးကဲ့သို့မဖြစ် စေရန် ကယ်လ်စီယမ်နှင့် ဖော့စဖရပ်စ်က အကောင်း ဆုံးအားဖြည့်ပေးသည်။
ဦးနှောက်နှင့်အာရုံကြောအတွက်ကောင်းမွန်စေနိုင်
အာလူးတွင်ပါဝင်သော ဗီတာမင်-B6 သည် အာရုံ ကြောကျန်းမာရေးအတွက် အထူးကောင်းမွန်စေပြီးစိတ်ဓာတ်ကျမှုနှင့် စိတ်ဖိစီးမှုများကို သက်သာ စေရန် အထောက်အကူပြုနိုင်သည်။
ကင်ဆာရောဂါကိုကာကွယ်ပေးနိုင်
အာလူးတွင်ပါဝင်သောဓာတ်များသည် သန္ဓေသားပြောင်းလဲခြင်းကြောင့်ဖြစ်ပေါ်လာသည့် ကင်ဆာ အမျိုးမျိုးကို ကာကွယ်ပေးနိုင်သည်။ အထူးသဖြင့် အာလူးတွင် Folate ပါဝင်နေပြီး ကင်ဆာဆဲလ်များ မပြန့်စေရန် ကာကွယ်ပေးသည်။ အမျှင်ဓာတ်ပါဝင် မှုကြောင့်လည်း အစာခြေစနစ်ကိုကောင်းစေပြီး
အူမကြီးကင်ဆာမဖြစ်စေရန် အကောင်းဆုံးအားဖြည့် ပေးနိုင်သည်။ အာလူးတွင်ပါဝင်သည့် ဗီတာမင်-C နှင့် ကွာစီတင်းဆဲလ်များကို ဓာတ်တိုးဆန့်ကျင်ပစ္စည်းများကြောင့် ထိခိုက်မှုမဖြစ်စေရန် ကာကွယ်ပေးသည်။
အစာခြေစနစ်ကိုကောင်းမွန်စေနိုင်
အာလူးတွင်ပါဝင်သောအမျှင်ဓာတ်က အစာကြေ စေပြီး ဝမ်းမှန်စေကာ ဝမ်းချုပ်ခြင်းကို ကာကွယ်ပေး ပြီး အစာခြေစနစ်ကို ပုံမှန်အတိုင်းဖြစ်စေသည့်အတွက် အစာခြေစနစ်ကို အားကောင်းစေသည်။
ကိုယ်အလေးချိန်ထိန်းညှိပေးနိုင်
အာလူးတွင် ဂလူတန်ကဲ့သို့ စေးကပ်ပြီး ခန္ဓာကိုယ် ကို ဆိုးကျိုးဖြစ်စေသည့် အသားဓာတ် ဓာတ်ပေါင်း မပါဝင်သောကြောင့် ကိုယ်အလေးချိန်လျှော့ချလိုသူများအတွက်လည်း သင့်လျော်သည်။ အာလူး၏အမျှင် ဓာတ်ကြွယ်ဝမှုသည် အစာခြေစနစ်အတွက် အရေးပါ ပြီး ဗိုက်ပြည့်နေစေသည့်အတွက် အစာစားချင်စိတ် ကို လျှော့ချပေးကာ ကိုယ်အလေးချိန်ကို ထိန်းညှိပေးနိုင်သည်။ အာလူးတွင်ပါဝင်သည့် ကယ်လိုရီက များပြားမှုမရှိသောကြောင့် အစားအစာမှရသော ကယ်လိုရီနှင့် ကိုယ်လက်လှုပ်ရှားမှုအတွက် သုံးစွဲရ သည့် ကယ်လိုရီဟန်ချက်ကိုညီမျှစေသည်။ ထို့ကြောင့် ကိုယ်အလေးချိန်ထိန်းညှိလိုသူများ၊ ကိုယ်အလေးချိန် ထိန်းနေသည့် အားကစားသမားများအနေဖြင့် နေ့စဉ်ပုံမှန် အာလူးကို ဖုတ်စားခြင်း၊ ပြုတ်စားခြင်းနှင့်ထောင်းစားပေးခြင်းဖြင့် အားအင်ကိုဖြစ်စေသကဲ့သို့ ကျန်းမာရေးနှင့်လည်း ညီညွတ်စေသည်။ အာလူးကို ဆီ၊ ဆားကဲ့သို့ အငန်ဓာတ်များ လုံးဝမဖြည့်ဘဲစားသုံးပေးခြင်းဖြင့် ကိုယ်အလေးချိန်ကျစေရန် ထောက်ကူပေးသကဲ့သို့ ခန္ဓာကိုယ်အတွက် လိုအပ် သည့်အာဟာရများကို ဖြည့်ပေးနိုင်သည်။ ကိုယ်အလေးချိန်ထိန်းလိုသူများအတွက် အာလူးက အထိရောက်ဆုံးဖြစ်သည်။
ကိုယ်ခံစွမ်းအားကိုကောင်းမွန်စေနိုင်
အာလူးတွင် ဗီတာမင်-C ကြွယ်ဝစွာပါဝင်မှုကြောင့် ကိုယ်ခံစွမ်းအားကို တိုးတက်ကောင်းမွန်စေပြီး အအေးမိ၊ ဖျားနာခြင်းမဖြစ်အောင် ကာကွယ်ပေး သည်။ အာလူးတွင်ပါဝင်သည့်ဓာတ်များစွာက ခန္ဓာကိုယ်ရောင်ရမ်းမှုကို သက်သာစေသည်။
အမည်းစက်များကိုပျောက်ကင်းစေနိုင်
အာလူးကို အမည်းစက်များပျောက်ကင်းစေရန် အသုံးပြုနိုင်သည်။ အာလူးကိုအခွံခွာပြီး ကြေညက် အောင် ကြိတ်ခြေ၍ မျက်နှာပေါ်ရှိ အမည်းစက်များ ပေါ်သို့ ငါးမိနစ်ခန့်လိမ်းပေးထားပြီး ရေအေးဖြင့် မျက်နှာသစ်ပေးခြင်းကို မကြာခဏပြုလုပ်ပေးပါက မျက်နှာပေါ်မှ အမည်းစက်များကို ပျောက်ကင်းစေ သည်။
အသားအရေကြည်လင်စေနိုင်
အသားအရေကြည်လင်ဝင်းပစေရန် အာလူးစိမ်း တစ်လုံးလိုအပ်ပြီး အာလူးစိမ်းကိုပါးပါးလှီးကာ မျက်နှာ ပေါ်တွင် နာရီဝက်ခန့်ကပ်ပေးထား၍ ရေအေးအေး ဖြင့် ပုံမှန်အတိုင်း မျက်နှာသစ်ပေးခြင်းကို ညစဉ်ပြုလုပ် ပေးပါက အသားအရေကို ကြည်လင်လာစေမည်ဖြစ် သည်။
အရေပြားကိုကျန်းမာစေနိုင်
ကော်လာဂျင်က အရေပြားကျန်းမာစေရန် အကောင်းဆုံးအားဖြည့်ပေးသည်။ ဗီတာမင်-C သည် ဓာတ်တိုးဆန့်ကျင်ပစ္စည်းအဖြစ် လုပ်ဆောင်ပေးပြီး နေဒဏ်၊ ညစ်ညမ်းမှုဒဏ်များကြောင့် အရေပြားထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည်။ ဗီတာမင်-C က ကော်လာဂျင်ထွက်ရှိအောင်လှုံ့ဆော် ပေးကာ အသားအရေကို အရေးအကြောင်းကင်း ဝေးပြီး ကျန်းမာလှပစေသည်။
အရေးအကြောင်းဖြစ်ပေါ်ခြင်းကို ကာကွယ်ပေးနိုင်
အရွယ်မတိုင်မီ အရေးအကြောင်းဖြစ်ပေါ်ခြင်းကို အလှအပနှစ်သက်သူတိုင်း မကြိုက်ကြပေ။ ထိုသို့ အရေးအကြောင်းဖြစ်ပေါ်ခြင်းကို ကြိုတင်ကာကွယ် လိုပါက အာလူးကိုကြေညက်အောင်ကြိတ်ခြေကာ ကြက်ဥအကာနှင့်ရောမွှေ၍ မျက်နှာတွင်လိမ်းထားပြီး ခပ်တင်းတင်းလေးဖြစ်လာလျှင် ရေနှင့်ဆေးချခြင်းကို တစ်ပတ်လျှင်သုံးကြိမ်ခန့် ပြုလုပ်ပေးပါက အရွယ်မတိုင်မီ အိုမင်းရင့်ရော်မှုကြောင့် မျက်နှာ တွင် အရေးအကြောင်းဖြစ်ခြင်းကို ကာကွယ်ပေးနိုင်သည်။
ဝက်ခြံများကိုသက်သာပျောက်ကင်းစေနိုင်
အာလူးကို အပြားလိုက်လှီး၍ ဝက်ခြံတွင်ကပ် ပေးထားပြီး မျက်နှာသစ်ပေးခြင်းကို မကြာခဏပြုလုပ် ပေးပါက ဝက်ခြံများကို သက်သာပျောက်ကင်းစေ မည်ဖြစ်သည်။
အာလူး၏အဆိပ်အတောက်ဖြစ်စေသောအစိတ်အပိုင်းများ
အာလူးတွင် ကျန်းမာရေးအတွက် အာဟာရဓာတ် များစွာပါဝင်သည့်အပြင် Solanine နှင့် Chaconine ဟုခေါ်သည့် Glycoalkaloid သဘာဝပစ္စည်းနှစ်မျိုး လည်းပါဝင်သည်။ ထိုပစ္စည်းနှစ်မျိုးကို အနည်းငယ်စားပေးမည်ဆိုပါက ရောဂါပိုးမွှားများကို တိုက်ဖျက် ပေးနိုင်သည့်အစွမ်းသတ္တိရှိပြီး သွေးတွင်းအဆီဓာတ်
နှင့်အချိုဓာတ်များကို ထိန်းညှိပေးနိုင်သည့်သတ္တိများရှိသော်လည်း လွန်ကဲစွာစားမိလျှင် ခန္ဓာကိုယ်အတွက် အဆိပ်အတောက်ဖြစ်စေသည်။ အာလူးတစ်လုံးတွင် Glycoalkaloid များပါဝင်ပြီး အာလူး၏မျက်လုံးဟု ခေါ်ကြသည့် အတက်လေးများ၊ စိမ်းနေသည့်နေရာ များနှင့် အာလူး၏အတွင်းသားများတွင် ပါဝင်ကြောင်း သိရသည်။ ထိုနေရာကို အနည်းငယ်သာစားမိပါက အန်ခြင်း၊ ဝမ်းလျှောခြင်းနှင့်ဗိုက်နာခြင်းသာဖြစ်နိုင်သော်လည်း လွန်ကဲစွာစားမိပါက ဖျားခြင်း၊ ခေါင်း ကိုက်ခြင်း၊ သွေးပေါင်ကျခြင်း၊ သွေးခုန်နှုန်းမြန်ခြင်းနှင့်တချို့သူများတွင် အသက်အန္တရာယ်ရှိသည်အထိ ဖြစ်နိုင်သည်။
အာလူး၏ဆိုးကျိုးများ
ကျန်းမာရေးရှုထောင့်မှကြည့်ပါက အာလူးကြော် သည် အလွန်အကျွံမစားသင့်သော အစားအစာထဲ တွင်ပါဝင်သည်။ အထူးသဖြင့် ပြင်ပတွင် အလွယ် တကူကြော်ရောင်းနေသော အာလူးကြော်များသည် မသန့်သောဆီများ၊ ကြွပ်ရွပြီး တာရှည်အထားခံစေရန် ရေသန့်ဘူးခွံများကို ဆီထဲတွင်ထည့်ကြော်ကြသောကြောင့် လူကိုဘေးဥပဒ်ဖြစ်စေကြောင်းနှင့် တူးအောင်ကြော်စားပါက ကင်ဆာအထိ ဖြစ်စေနိုင်ကြောင်း သိရသည်။ ထို့ပြင် မိုက်ခရိုဝေ့ဖ် မီးဖိုနှင့်ဖုတ် ပါကလည်း အဆိပ်ဖြစ်စေသော ဓာတုဒြပ်ပေါင်းများ ထွက်စေနိုင်သည်။ အာလူးအခွံတွင် အစိမ်းရောင်ဖြစ်နေသည့်နေရာကိုတွေ့ပါက ထိုနေရာသည် အဆိပ်ဖြစ်စေသဖြင့် ယင်းနေရာကိုကွင်း၍ လှီးပစ်ရမည်ဖြစ်ပြီး အာလူးအခွံခွာသည့်အခါတွင် ခြစ်ပစ်ခြင်းမျိုး မပြုလုပ်ဘဲ အသားနည်းနည်းပါအောင် ခွာထုတ်ပြီး ရေစင်စင်ဆေးပြီးမှသာ ချက်ပြုတ်ကြော်လှော်ရမည် ဖြစ်သည်။
အာလူးတွင်ပါဝင်သော Antioxidant များသည် နာတာရှည်ရောဂါများဖြစ်သည့် နှလုံးရောဂါ၊ ဆီးချို ရောဂါနှင့် ကင်ဆာရောဂါများမဖြစ်စေရန် ကာကွယ် ပေးနိုင်ပြီး အသည်းနှင့်အူမကြီးတွင်ရှိသည့် ရောဂါဆဲလ်များကိုလည်း တိုက်ဖျက်ပေးနိုင်သည့်အပြင် အရွယ်မတိုင်မီ အိုမင်းရင့်ရော်ခြင်းကို ကာကွယ် ပေးသည်။ ထိုကဲ့သို့ ကျန်းမာရေးကောင်းကျိုးများစွာ ရှိနေသကဲ့သို့ ဆိုးကျိုးလည်းရှိသောကြောင့် တန်ဆေး လွန်ဘေး၊ သုံးတတ်လျှင်ဆေး၊ မသုံးတတ်လျှင်ဘေး ဟူသော ရှေးပညာရှိများထားခဲ့ကြသည့် ဆိုရိုးစကားများကိုလက်ကိုင်ထားကာ ကြိုက်နှစ်သက်သော်လည်း ဆင်ခြင်စားသုံးနိုင်ကြစေရန် ရေးသားတင်ပြလိုက် ရပါသည်။
MWD
