TRIPP ပါဝါ - ထရမ့် ပုံဖော်နေသော လဲလှယ်ညှိနှိုင်းရေး သံတမန်ရေး အခင်းအကျင်း

Posted_Date

Image

TRIPP ပါဝါ - ထရမ့် ပုံဖော်နေသော လဲလှယ်ညှိနှိုင်းရေး သံတမန်ရေး အခင်းအကျင်း

Body

အမေရိကန်ပြည်ထောင်စုက အာမေးနီးယားနှင့် အဇာဘိုင်ဂျန်အကြား ဖြတ်သန်းသွားလာရေးလမ်းကြောင်း (transit corridor) တစ်ခု ညှိနှိုင်းစီမံဖန်တီးရန် ဆုံးဖြတ်လိုက်ခြင်းသည် အပြင်ပန်းကြည့်လိုက်လျှင် ဒေသတွင်းဆိုင်ရာ အကန့်အသတ်တစ်ခုကို ဝင်ရောက် စွက်ဖက်မှုတစ်ခုလို ထင်ရနိုင် ပါသည်။ သို့သော် အမှန်တကယ်အားဖြင့် ယင်းဆုံးဖြတ်ချက်သည် ထရမ့်ခေတ် သံတမန်ရေးရာ၏ အတွေးအမြင်နှင့် လုပ်ထုံးလုပ်နည်းကို နက်နက် ရှိုင်းရှိုင်း ဖော်ထုတ်ပြသပေးနေပါသည်။ 

“Trump Route for International Peace and Prosperity (TRIPP)” ဟု ခေါ်ဆိုသည့် အဆိုပါ အစီအစဉ်သည် ကော်ကေးရှပ်တောင်ပိုင်းဒေသရှိ အခြေခံအဆောက်အအုံ စီမံကိန်းတစ်ခုသာမက သံတမန်ရေးရာကို စီးပွားရေးဆိုင်ရာ အရောင်းအဝယ်အဖြစ် မြင်မြင်သာသာခံယူထားပြီး အပြည်ပြည် ဆိုင်ရာစည်းမျဉ်းစနစ်ကို ပူးပေါင်းလိုက်နာရမည့် စည်းမျဉ်းများအဖြစ်မဟုတ်ဘဲ အပြန်အလှန် အကျိုးအမြတ်ပေးချေရမည့် စုစည်းမှုအဖြစ် မြင်နေသော ထရမ့်၏ ကမ္ဘာ့အမြင်ကို ဖော်ပြနေခြင်းဖြစ်ပါသည်။ 

အဇာဘိုင်ဂျန်နှင့် အာမေးနီးယားတို့သည် အဇာဘိုင်ဂျန်၏ အထူးဒေသ (exclave) ဖြစ်သော နာချီဗန် (Nakhchivan) ကို အဇာဘိုင်ဂျန်၏အဓိကပြည်နယ်နှင့် ချိတ်ဆက်ပေးမည့် ဖြတ်သန်းလမ်းကြောင်းအပေါ် အချိန်အတော်ကြာအငြင်းပွားနေခဲ့ကြသည်။ နာချီဗန်သည် အာမေးနီးယား၏ Syunik ပြည်နယ် (သမိုင်းဝင်အမည်မှာ ဇန်ဂေဇူးရ် (Zangezur) ဖြစ်ပါသည်။) ဖြင့် ခွဲခြားထားခြင်းဖြစ်ပြီး အဇာဘိုင်ဂျန်၏ အနီးစပ်ဆုံး မဟာမိတ်ဖြစ်သည့် တူရကီနှင့် နယ်စပ်ချင်းထိစပ်နေပါသည်။ 

အဇာဘိုင်ဂျန်၏ တောင်းဆိုချက်မှာ ရိုးရှင်းပြတ်သားပါသည်။ အာမေးနီးယား တောင်ပိုင်းကို ဖြတ်သန်းသွားလာနိုင်ပြီး အာမေးနီးယား၏ နယ်စပ်ထိန်းချုပ်မှုများမှ ကင်းလွတ်သည့် လမ်းကြောင်းတစ်ခုဖြစ်ရမည်ဟု တောင်းဆိုခြင်းဖြစ်ပါသည်။ ဘာကူအစိုးရက ယင်းကို “ဇန်ဂေဇူးရ် လမ်းကြောင်း” ဟု ခေါ်ဆိုပြီး တူရကီမှ အဇာဘိုင်ဂျန် ထို့မှတစ်ဆင့် အာရှအလယ်ပိုင်းသို့ ဆက်သွယ်ပေးနိုင်သော တူရကီ ဘာသာစကားပြောနိုင်ငံများအကြား အတားအဆီးမဲ့ ချိတ်ဆက်ရေးလမ်းကြောင်းအဖြစ် ယူဆထားပါသည်။

 အာမေးနီးယားဘက်ကမူ ကိုယ်ပိုင်နယ်မြေအပေါ် အထိရောက်ဆုံးအုပ်ချုပ်ခွင့်ကို လက်လွတ်မလုပ်လိုသောကြောင့် ယင်းတောင်းဆိုချက်ကို တင်းမာစွာ တုံ့ပြန်ခဲ့ပါသည်။ ထို့နောက် အစားထိုးအစီအစဉ်တစ်ခုအဖြစ် ငြိမ်းချမ်းရေးလမ်းဆုံ (Crossroads of Peace) ဟုခေါ်သော စီမံကိန်းကို တင်ပြ ခဲ့သည်။ ယင်းအစီအစဉ်မှာ ဒေသတွင်းသယ်ယူပို့ဆောင်ရေး လမ်းကြောင်းများကို ပြန်လည် ဖွင့်လှစ်ပေးမည်ဖြစ်သော်လည်း အာမေးနီးယား၏ အချုပ်အခြာအာဏာကို မထိခိုက်စေရန် ရည်ရွယ်ထားပါသည်။ 

ဒေသဆိုင်ရာ ပထဝီနိုင်ငံရေးရှုပ်ထွေးမှုအစမှာ ၂၀၂၀ ပြည့်နှစ် စစ်ပွဲအပြီး အာမေးနီးယား–အဇာဘိုင်ဂျန် သဘောတူညီချက်အရ အဆိုပါဖြတ်သန်းလမ်းကြောင်းကို ကြီးကြပ်ရန် ရုရှားဖက်ဒရယ် လုံခြုံရေးဝန်ဆောင်မှု (FSB) ၏ နယ်စပ်ကာကွယ်ရေးတပ်များကို တာဝန်ပေးအပ်ခဲ့ခြင်းကဟု ဆိုရပေမည်။ ယနေ့ထိ ရုရှားတပ်ဖွဲ့များသည် အာမေးနီးယား–အီရန်နှင့် အာမေးနီးယား–တူရကီ နယ်စပ်များကိုစောင့်ကြပ်လျက်ရှိပြီး အာမေးနီးယား၏ ရထားလမ်းကွန်ရက်ကိုလည်း ရုရှားအစိုးရပိုင် Russian Railways က ထိန်းချုပ်လည်ပတ်နေပါသည်။ အီရန်နိုင်ငံကလည်း ၎င်း၏ မြောက်ပိုင်းနယ်စပ်အနီးတွင် အထူးသဖြင့် အမေရိကန်အပါအဝင် နိုင်ငံခြားတပ်ဖွဲ့များ ရှိလာမည်ကို ပြင်းထန်စွာ သတိပေးထားပါသည်။ ထို့ကြောင့် ယင်းလမ်းကြောင်း၏ ပထဝီဝင်အနေအထားသည် ရုရှား၊ အီရန်နှင့် တူရကီတို့၏ မဟာဗျူဟာ စိုးရိမ်မှုများနှင့် တိုက်ရိုက် ဆက်စပ်နေပါသည်။ 

ထိုကဲ့သို့ ရှုပ်ထွေးပွေလီနေသော ပထဝီနိုင်ငံရေးပတ်ဝန်းကျင်ထဲသို့ ဒေါ်နယ်ထရမ့် က ရုတ်တရက်ဝင်ရောက်လာပါသည်။ ယမန်နှစ် ဩဂုတ်လတွင် ထရမ့်သည် အာမေးနီးယားနှင့် အဇာဘိုင်ဂျန် ခေါင်းဆောင်များကို ဝါရှင်တန်သို့ ဖိတ်ခေါ်ခဲ့ပါသည်။  နယ်မြေအချုပ်အခြာ အာဏာကို အပြန်အလှန် အသိအမှတ်ပြုမှုအပေါ် အခြေခံသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တစ်ရပ်ကို ကတိပြုသည့် ပူးတွဲ ကြေညာချက်တစ်ရပ်ကို လက်မှတ်ရေးထိုးစေခဲ့ပါသည်။ နှစ်နိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီးများကလည်း အနာဂတ်ငြိမ်းချမ်းရေးစာချုပ်ကို အကြမ်းဖျင်း လက်မှတ်ရေးထိုးခဲ့ကြသည်။ အရေးအကြီးဆုံးမှာ TRIPP ကို ဖန်တီးရန် နှစ်ဖက်စလုံးက သဘောတူခဲ့ကြပါသည်။ ယင်းလမ်းကြောင်းကို အမေရိကန် ထိန်းချုပ်သော ကုမ္ပဏီတစ်ခုက ဖွံ့ဖြိုးတိုးတက်ရေးနှင့် စီမံခန့်ခွဲရေးတာဝန်ယူမည်ဖြစ်ကာ အမေရိကန်အတွက် သီးသန့်အခွင့်အရေးများ ရရှိထားပါသည်။ ယင်းက ရုရှားကို မဟာဗျူဟာအရ အရေးကြီးသော စီမံကိန်းတစ်ခုမှ လုံးဝဖယ်ရှားလိုက်သည့် သဘောလည်း ဖြစ်ပါသည်။ ထိုအစီအစဉ်သည် ထရမ့်၏ နိုင်ငံခြားရေးမူဝါဒ အမှတ်အသားများဖြစ်သည့် နှစ်ဖက်သဘောတူညီချက်များကို ဦးစားပေးခြင်း၊ စီးပွားရေးအကျိုးအမြတ်ကို ရှာဖွေခြင်းနှင့် အပြန်အလှန် အကျိုးရှိသော သံတမန်ရေးကို အသုံးချခြင်းတို့ကို ပြသနေပါသည်။ 

၂၀၁၇ ခုနှစ် ထရမ့်၏ ပထမသမ္မတ သက်တမ်းအစမှစ၍ ၎င်း၏ နိုင်ငံခြားရေးမူဝါဒကို transactional ဟု မကြာခဏ ဖော်ပြခဲ့ဖူးပါသည်။ ယင်းမူဝါဒသည် ရေရှည်မဟာမိတ်ဆက်ဆံရေးများနှင့် လစ်ဘရယ်အပြည်ပြည်ဆိုင်ရာစည်းမျဉ်းစနစ်ကို ထိန်းသိမ်းရန် ကြိုးပမ်းခဲ့သည့် အမေရိကန် ရိုးရာ အစဉ်အလာမူဝါဒများမှ ကွဲပြားနေပါသည်။ ချက်ချင်း လက်ငင်းရရှိမည့် အမေရိကန်၏အကျိုးစီးပွားကို ဦးစားပေးထားပါသည်။ TRIPP သဘောတူညီချက်သည် ယင်းအတွေးအမြင်ကို အချက်အလက်အမျိုးမျိုးဖြင့် ထင်ဟပ်ပြသနေပါသည်။ 

ပထမအချက်အနေဖြင့် TRIPP ကို အမေရိကန်က ဦးဆောင်ကာ အစဉ်အလာများပြားသော မူလအဖွဲ့အစည်းများကို ကျော်လွန်သွားခဲ့ပါသည်။ ဒေသဆိုင်ရာ သို့မဟုတ် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများကိုမသုံးဘဲ အမေရိကန်သမ္မတကိုယ်တိုင် သက်သေဖြစ်သည့်ပူးတွဲကြေညာချက်နှင့် ဝါရှင်တန်–ဘာကူ၊ ဝါရှင်တန်–ယေရေဗန် နှစ်ဖက်သဘောတူညီချက်များအပေါ် အခြေခံထားပါသည်။ ယင်းက ရုရှားနှင့် ဥရောပသမဂ္ဂကဲ့သို့ ယခင်က ညှိနှိုင်းပေးသူများ၏ အခန်းကဏ္ဍကို ဘေးဖယ်ထားလိုက်ခြင်းဖြစ်ပါသည်။ ထူးခြားစရာကောင်းသည်မှာ ၁၉၉၀ ပြည့်နှစ်များကတည်းက အာမေးနီးယား–အဇာဘိုင်ဂျန် ငြိမ်းချမ်းရေးညှိနှိုင်းမှုကို တာဝန်ယူခဲ့သည့် OSCE Minsk Group ကို လုံးဝ ဖယ်ရှားခဲ့ခြင်းဖြစ်ပါသည်။ ယင်းအဖွဲ့ကို ထိရောက်မှုမရှိဟု ဝေဖန်ခဲ့ကြသော်လည်း ဝါရှင်တန်ဆွေးနွေးပွဲများအပြီး အဖွဲ့ကို အပြီးတိုင်ဖျက်သိမ်းလိုက်ခြင်းသည် အပြည်ပြည်ဆိုင်ရာပူးပေါင်းစီမံခန့်ခွဲမှုမှ ပြန်လည် ဆုတ်ခွာသည့် လက္ခဏာတစ်ရပ်ဖြစ်နေပါသည်။ 

ဒုတိယအချက်အနေဖြင့် TRIPP အတွက် သံတမန်ရေးလုပ်ငန်းစဉ်သည် ပုံမှန်ရိုးရာ လမ်းကြောင်းများကို ကျော်လွန်သွားခဲ့ပါသည်။ ထရမ့်သည် နိုင်ငံခြားရေးဝန်ကြီးဌာနကိုအားမကိုးဘဲ ၎င်း၏ အနီးကပ် ယုံကြည်ရသူ အိမ်ခြံမြေလုပ်ငန်းရှင်ဘီလျံနာ Steve Witkoff ကို တာဝန်ပေးခဲ့ပါသည်။ ယင်းအချက်သည် အဖွဲ့အစည်းများထက် ပုဂ္ဂိုလ်ရေးဆက်ဆံမှုနှင့် စီးပွားရေးကျွမ်းကျင်မှုကို ယုံကြည်သည့် ထရမ့်၏ အမြင်ကို ထင်ဟပ်စေပါသည်။ 

တတိယအချက်အနေဖြင့် TRIPP သည် အမေရိကန်၏ စီးပွားရေးအကျိုးစီးပွားကို တိုးမြှင့်ရန် ရည်ရွယ်သည့် ကုန်သွယ်ရေးအခြေပြု စီမံကိန်းဖြစ်ပါသည်။ ယင်းလမ်းကြောင်းသည် ရုရှား ထိန်းချုပ်ထားသော သယ်ယူပို့ဆောင်ရေးလမ်းကြောင်းများကို အစားထိုးနိုင်ပြီး ကာစပီယံပင်လယ်ကို ဖြတ်သန်းကာ ဥရောပမှ အာရှအလယ်ပိုင်းနှင့် တရုတ်နိုင်ငံသို့ ချိတ်ဆက်သည့် Middle Corridor အတွင်း သင့်လျော်စွာ ဝင်ရောက်နိုင်ပါသည်။ ယူကရိန်း စစ်ပွဲကြောင့် မြောက်ဘက် သယ်ယူပို့ဆောင်ရေးလမ်းကြောင်းများ ပိတ်ဆို့ခံရပြီးနောက် ယင်းလမ်းကြောင်း၏ မဟာဗျူဟာအရေးပါမှုသည် အထူးသဖြင့် တူရကီနှင့် အနောက်နိုင်ငံ များအတွက် တိုးမြင့်လာခဲ့ပါသည်။ 

ယခုကဲ့သို့ ပထဝီစီးပွားရေးတွက်ချက်မှု၏ အလယ်ဗဟိုတွင် အရေးပါလှသော သတ္တုအရင်းအမြစ် များရှိနေပါသည်။ တရုတ်နိုင်ငံနှင့် ယှဉ်ပြိုင်မှု ပြင်းထန်လာသည်နှင့်အမျှ ယုံကြည်စိတ်ချရသော ထောက်ပံ့ရေးကွန်ရက်များကို ထိန်းချုပ်နိုင်ခြင်းသည် အမေရိကန်၏ အဓိကရည်မှန်းချက်တစ်ရပ် ဖြစ်လာ ပါသည်။ မကြာသေးမီက ထုတ်ပြန်သည့် အမေရိကန် အမျိုးသားလုံခြုံရေးမူဝါဒတွင်လည်း အရေးပါသော သတ္တုများနှင့်ပစ္စည်းများအတွက် အမေရိကန်၏ လက်လှမ်းမီမှု တိုးချဲ့ရန် အလေးပေး ဖော်ပြထားပါသည်။ အဇာဘိုင်ဂျန်၏ ကြေးနီ၊ အလူနိုက် (အလူမီနီယမ်)နှင့် မိုလစ်ဘ်ဒနမ်၊ အာမေးနီးယား၏ ကြေးနီ၊ ငွေ၊ အန်တီမိုနီ စသည့် သတ္တုအရင်းအမြစ်များသည် TRIPP ကို ပိုမိုဆွဲဆောင်မှုရှိစေပါသည်။ အာရှအလယ်ပိုင်းတွင်လည်း အရေးပါသော သတ္တုအရင်းအမြစ်များစွာရှိနေပြီး အမေရိကန် က C5+1 ပလက်ဖောင်းမှတစ်ဆင့် အာရှအလယ်ပိုင်း နိုင်ငံငါးနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုတွင် “Critical Minerals Dialogue” ကို ထည့်သွင်းထားပါသည်။ 

အာမေးနီးယားနှင့် သဘောတူထားသည့် အကောင်အထည်ဖော်မှု မူဘောင်တွင်လည်း အမေရိကန် ရင်းနှီးမြှုပ်နှံမှု၊ စျေးကွက်ဝင်ရောက်ခွင့်နှင့် အမေရိကန်စက်မှုလုပ်ငန်းများသို့ အရင်းအမြစ်များ စီးဆင်းလာစေရေးကို အထူးအလေးထားထားသည်ကို တွေ့ရှိရပါသည်။  ထိုအစီအစဉ်၏ အပြန်အလှန်အကျိုးပေးသဘောကို အိမ်ဖြူတော်၌ လက်မှတ်ရေးထိုးခဲ့သည့် နှစ်ဖက်သဘောတူညီချက်များတွင် ထင်ဟပ်နေပါသည်။ အာမေးနီးယား သည် အခြေခံအဆောက်အအုံ ၊ စွမ်းအင်၊ ဉာဏ်ရည်တုနည်းပညာ (AI) နှင့် ဆီမီးကွန်ဒတ်တာနယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှုကို တိုးချဲ့နိုင်ခဲ့ပါသည်။ အဇာဘိုင်ဂျန်ကမူ ၁၉၉၂ ခုနှစ် Freedom Support Act ၏ Section 907 ကို ယာယီလွတ်လပ်ခွင့်ပေးထားမှုကို ဆက်လက်ရရှိခဲ့ပြီး အမေရိကန်မှ ကာကွယ်ရေးဆိုင်ရာ ကုန်ပစ္စည်းများ တင်ပို့နိုင်မည့် လမ်းကို ဖွင့်လှစ် နိုင်ခဲ့ပါသည်။ နှစ်ဖက်စလုံးက ၎င်းတို့အတွက် ရလဒ်တစ်ခုစီ ရရှိခဲ့ကြပါသည်။

TRIPP စီမံကိန်းသည် မူလရည်ရွယ်ချက်အတိုင်း အောင်မြင်စွာ အကောင်အထည် ဖော်နိုင်မလား။ ထိုမေးခွန်းမှာ လက်ရှိအချိန်အထိ မသေချာသေးပါ။ အာမေးနီးယားတွင် ဝန်ကြီးချုပ် Nikol Pashinyan သည် အရေးပါသော ရွေးကောက်ပွဲများကို ရင်ဆိုင်နေရပါသည်။ နိုင်ငံရေးအခြေအနေ မှာလည်း မတည်ငြိမ်သေးသည့် အနေအထားတွင် ရှိနေဆဲ ဖြစ်ပါသည်။ ထိုအခြေအနေကြောင့် TRIPP ကဲ့သို့ ဒေသလုံးဆိုင်ရာ စီမံကိန်းကြီးများကို ဆက်လက် အားပေးထောက်ခံနိုင်မလား ဆိုသည်မှာ မေးခွန်းတစ်ခု ဖြစ်နေပါသည်။

တစ်ဖက်တွင် ရုရှားသည် အာမေးနီးယား၏ ပြည်တွင်းနိုင်ငံရေး၊ စီးပွားရေးနှင့် လုံခြုံရေးဆိုင်ရာ အသက်သွေးကြောများအပေါ် သြဇာသက်ရောက်နိုင်သည့်အချက်များကို ဆက်လက် ထိန်းချုပ်ထားဆဲဖြစ်ပါသည်။ နယ်စပ်လုံခြုံရေး၊ လမ်းတံတားအခြေခံအဆောက်အအုံများနှင့် စွမ်းအင်မှီခိုမှု စသည့် အချက်များကြောင့် အာမေးနီးယား၏ ဆုံးဖြတ်ချက်များအပေါ် လွှမ်းမိုးခြယ်လှယ်နိုင်သည့် အခွင့်အရေးကို မော်စကိုအနေဖြင့် လက်ရှိအချိန်ထိ မဆုံးရှုံးသေးပါ။ ထို့ကြောင့် TRIPP သည် အမေရိကန်၏ စီမံကိန်း ဖြစ်သော်လည်း ရုရှား၏ လက်ရှိသြဇာကို လုံးဝ ဖယ်ရှားနိုင်မည် မဟုတ်သေးပါ။

အာဇာဘိုင်ဂျန်အတွကမူ TRIPP သည် စီးပွားရေးနှင့် မဟာဗျူဟာအရ အခွင့်အလမ်း တစ်ရပ် ဖြစ်လာနိုင်ပါသည်။ ဘာကူအစိုးရသည် ရေနံနှင့်ဓာတ်ငွေ့အပေါ် အလွန်အမင်း မှီခို နေဆဲဖြစ်ပါသည်။ စီးပွားရေးကို ပုံစံမျိုးစုံပြောင်းလဲရန် ကြိုးပမ်းနေပြီး သယ်ယူပို့ဆောင်ရေးနှင့် ကုန်သွယ်ရေးလမ်းကြောင်း အသစ်များမှာလည်း ထိုရည်မှန်းချက်နှင့် ကိုက်ညီနေသည်ကို တွေ့ရပါသည်။ သို့ရာတွင် စီးပွားရေးအကျိုးအမြတ်ရရှိခြင်းက ဒေသတွင်း နိုင်ငံရေး တည်ငြိမ်မှုကို အလိုအလျောက် အာမခံပေးနိုင်မည်တော့ မဟုတ်ပါ။

တစ်ဖက်တွင် စီးပွားရေးသဘောတူညီချက်များကို ဦးစားပေးသည့် ဒေါ်နယ်ထရမ့်၏ ချဉ်းကပ်မှုသည် နိုင်ငံအတွင်း အုပ်ချုပ်ရေးကောင်းမွန်မှု၊ ဥပဒေအာဏာစိုးမိုးမှုနှင့် ဒီမိုကရေစီအဖွဲ့အစည်းများကို မြှင့်တင်ရန် အားပေးမှုများတွင် အကန့်အသတ်ရှိနေပါသည်။ ထရမ့်သည် အခြေခံအဆောက်အအုံများနှင့် ကုန်သွယ်မှုကိုသာ အာရုံစိုက်ထားပြီး အစိုးရ ပြုပြင်ပြောင်းလဲမှုလုပ်ငန်းစဉ်ကို အဓိကထားမည် မဟုတ်မှာ သေချာနေပါသည်။

အမေရိကန်အတွက် အရေးကြီးဆုံး မေးခွန်းမှာ TRIPP ကို အကောင်အထည်ဖော်နိုင်မလားဆိုသည်ထက် ယင်းစီမံကိန်းအပေါ် ကိုယ်စားပြုမည့် ဩဇာအာဏာအသုံးချမှု ပုံစံကဘာလဲ ဆိုသည့်အချက် ဖြစ်ပါသည်။ ထရမ့်သည် မိမိကိုယ်ကို ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းရေးဖော်ဆောင်သူအဖြစ် ကြွေးကြော်နိုင်သော်လည်း ယင်းစီမံကိန်းကို အပြည့်အဝ အကောင်အထည်ဖော်ရန်မှာ နှစ်ပေါင်းများစွာ လိုအပ်မည်ဖြစ်ပါသည်။ ၎င်း၏ သမ္မတတာဝန် ကာလကိုပင် ကျော်လွန်သွားနိုင်ပါသည်။

နောက်ဆုံးတွင် ကျန်ရစ်နိုင်သည့်အရာမှာ TRIPP စီမံကိန်းတစ်ခုတည်းမဟုတ်ဘဲ ယင်းစီမံကိန်းကို ကိုယ်စားပြုသည့် သံတမန်ရေးရာပုံစံဖြစ်ပါသည်။ ယင်းပုံစံသည် အဖွဲ့အစည်းများနှင့် စည်းမျဉ်းစည်းကမ်းများအစား လဲလှယ်ညှိနှိုင်းမှုများကို ဦးစားပေးပြီး အယူအဆပိုင်းထက် အကျိုးအမြတ်ကို အလေးထားသည့် နည်းလမ်းဖြစ်လာပါမည်။ ထိုနည်းလမ်းသည် အချို့နေရာများတွင် သဘောတူညီချက်များကို ဖြစ်ပေါ်စေနိုင်သော်လည်း အမေရိကန်ဦးဆောင်သော လွတ်လပ်ရေးကို အခြေခံသည့် နိုင်ငံတကာစနစ်က ရေရှည်တွင် အားကောင်းစေနိုင်ပါ့မလားဆိုသည်မှာ မရေရာမသေချာသည့် မေးခွန်းတစ်ခုအဖြစ် ကျန်ရစ်နေဆဲဖြစ်ပါသည်။