ကမ္ဘာတည်သရွေ့အတူရှိနေမည့်သင်္ကေတတစ်ခု
Posted_Date
Image
Body
(၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အကြို ဂုဏ်ပြုဆောင်းပါး
မြန်မာနိုင်ငံသည် ပြည်ထောင်စုဖွားတိုင်းရင်းသားများဖြင့် စုစည်းထားသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်ပေသည်။ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်း တိုင်းရင်းသားများ၏ ချစ်စရာရိုးရာဓလေ့၊ ယဉ်ကျေးမှု အစရှိသော အလှကိုယ်စီဖြင့် ကမ္ဘာ့အလယ်တွင် ဝင့်ထည်စွာတည်ရှိမှုက သမိုင်းသက်သေခံလျက်ရှိသည်။ လွတ်လပ်သော နိုင်ငံတစ်နိုင်ငံအဖြစ် တည်ရှိနေခြင်းသည် အလွန်ဂုဏ်ယူဖွယ်ကောင်းလှသည်။ တိုင်းရင်းသားအားလုံးသည် အထွတ်အမြတ်လွတ်လပ်ရေး ရယူလိုစိတ်ဖြင့် နယ်ချဲ့ရန်စွယ်အန္တရာယ်မှန်သမျှကို ရွပ်ရွပ်ချွံချွံ အသက်စွန့်လွှတ်တိုက်ပွဲဝင်ဆောင်ရွက်မှုဖြင့် နိုင်ငံ့သမိုင်းကို ဂုဏ်တက်စေခဲ့သည်။ တိုင်းတစ်ပါးသားတို့၏ ရန်စွယ်များကို ပြည်ထောင်စုသားအားလုံး လက်တွဲကာကွယ်နိုင်စွမ်းအားဖြင့် ရိုက်ချိုးပြသနိုင်ခဲ့သည်။
သို့တိုင် နယ်ချဲ့တို့၏ ပရိယာယ်သုံးလက်တစ်လုံးခြား အစီအမံများဖြစ်သည့် မြေပြန့်၊ တောင်တန်းဒေသ သွေးခွဲထားရှိမှုပြဿနာသည် ယနေ့တိုင် မငြှိမ်းနိုင်သည့် မီးတောက်တစ်ခုပမာတည်ရှိနေဆဲဖြစ်သည်။
ခွဲထွက်လိုစိတ်များဖြင့် ပဲ့ထွက်အောင်ကြံဆောင်သူများ၏ မီးလောင်ရာလေပင့်မှုကြောင့် ပြည်ထောင်စုကြီး ဒဏ်ရာအနာတရ မဖြစ်ရန်လိုပေသည်။ သွေးချင်းတို့ပေါင်းစုအားဖြင့်ရယူခဲ့သည့် လွတ်လပ်ရေးကြီးလည်းရရှိခဲ့ပြီဖြစ်သည်။ ခွဲနေ၍မရ အတူယှဉ်တွဲနေထိုင်မှသာ ပြည့်အင်အားအဖြစ် ရှုမြင်ရမည်ဖြစ်သည်။ သားစဉ်မြေးမြစ် အသိအမြင်မမှားရေး၊ နိုင်ငံတော်ကြီးစဉ်ဆက်မပြတ် တိုးတက်ရေး တိုင်းရင်းသားအားလုံး၏ပူးပေါင်းအင်အားဖြင့် ဦးတည်ဆောင်ရွက်ကြရမည့် အချိန်ကာလလည်းဖြစ်သည်။
စုစည်းခြင်းသည်သာအောင်မြင်မှုကိုဖြစ်စေသည်။ ကမ္ဘာ့နိုင်ငံအသီးသီးသည် သမိုင်းနောက်ခံအချက်အလက် ပုံစံအမျိုးမျိုးဖြင့် မိမိနိုင်ငံရေရှည်ဖွံ့ဖြိုး တိုးတက်ရေးကိုသာ ဦးတည်ဖော်ဆောင်ခဲ့ကြသည်။
မတူကွဲပြားမှုအလွှာများကို အတတ်နိုင်ဆုံးလျှော့ချ၍ သင့်တော်သောနည်းလမ်းများကို ရွေးချယ်အသုံးပြုသွားကြသည်။ နိုင်ငံတကာ အားကစားပြိုင်ပွဲများကိုကြည့်ပါလျှင် မိမိနိုင်ငံအောင်မြင်မှု ရရှိရေး အမျိုးသားရေးစိတ်ဓာတ်ဖြင့် ရေကုန်ရေခန်းကြိုးပမ်းကြသည်။
ပေါင်းစည်းသောပုံစံဖြင့် နိုင်ငံကိုကိုယ်စားပြုခဲ့ကြသည်။ စနစ်ကောင်းကိုချီတက် အရောက်သွားရာတွင် နည်းစနစ်မှန်ကန်သော အရွေ့ဖြင့်စတင်၍ ငြိမ်းချမ်းသောလူ့ဘောင်သစ်ကို ရွေးချယ်အသုံးပြု သွားရမည်ဖြစ်ပေသည်။ အားနည်းချက်များကို အဖြေရှာ၍ အားသာချက်ဖြစ်အောင် ကြိုးစားကြရမည်ဖြစ်ပြီး မျိုးဆက်သစ်တို့ အနာဂတ်လှပရေး ဆောင်ရွက်ရမည်ဖြစ်သည်။
စနစ်ကောင်းဟုဆိုရာတွင် ခေတ်စနစ်အလိုက် တိကျရေရာသော ဥပဒေပြဋ္ဌာန်းမှု၊ စီမံဆောင်ရွက်မှုများကို လေးစားလိုက်နာရန်လိုသည်။
နိုင်ငံတစ်နိုင်ငံဘက်စုံ ဖွံ့ဖြိုးတိုးတက်ခြင်းသည် နိုင်ငံ၏စီမံအုပ်ချုပ်ပုံ ကောင်းမွန်မှုကို ဖော်ညွှန်းသော်လည်း လူတစ်ဦးချင်းစီ၏ စည်းကမ်းလိုက်နာမှုအပေါ်တွင် တည်မှီနေလေ့ရှိသည်။ ဖွံ့ဖြိုးမှုနောက်မကျစေရေး စည်းကမ်းလိုက်နာမှုကိုရှေးရှုရမည်ဖြစ်သည်။ လူ့တန်ဖိုး၊ စံသတ်မှတ်ချက်များကိုမြှင့်တင်ပြီး တစ်ပြေးညီဖွံ့ဖြိုးရေး လမ်းမထက်ဆီသို့ ဦးတည်ကြရမည်ဖြစ်သည်။ နိုင်ငံတစ်နိုင်ငံ၏ အင်အားသည် နိုင်ငံတစ်ဝန်းလုံးကိုကိုယ်စားပြုပြီး စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး အစရှိသောကဏ္ဍအားလုံး တစ်ပြေးညီဖွံ့ဖြိုးစေနိုင်သည်။
နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကြိုးပမ်း ဆောင်ရွက်ကြရာတွင် သဘောထားအမြင်များပေါင်းစပ်၍ အလှဆုံးဆေးရောင်ခြယ်သ ရမည်ဖြစ်သည်။ သဘောထားတင်းမာမှု၊ ငြင်းခုံမှုဟူသည် နေရာတိုင်းတွင်တည်ရှိနေမည်ဖြစ်သော်လည်း နိုင်ငံ့အရေးအလေးပေး စဉ်းစားသူတိုင်း၏ နှလုံးအိမ်တွင် ငြိမ်းချမ်းရေးအုတ်မြစ် တည်ရှိနေလေ့ရှိသည်။ ဘိုးဘွားစဉ်ဆက်လက်ဆင့်ကမ်းလာသည့် သမိုင်းပေးတာဝန်နှင့်အညီ အခက်အခဲ၊ အကျပ်အတည်းများမှ ရုန်းထွက်နိုင်စွမ်းရှိသည်။ တာဝန်ဝတ္တရားအရပ်ရပ်သည် အလုပ်တစ်ခုအောင်မြင်ပြီးမြောက်စေရန်အတွက် နေရာပေးခြင်းသာဖြစ်ပြီး မိမိတာဝန်ကိုကျေပွန်အောင် ထမ်းဆောင်ကြရမည်ဖြစ်သည်။
နိုင်ငံတစ်နိုင်ငံ၏ ခိုင်မာတောင့်တင်းမှုကိုကြည့်လိုလျှင် စည်းလုံးညီညွတ်မှုပေတံဖြင့်သာ တိုင်းတာသိရှိနိုင်သည်။ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စည်းလုံးညီညွတ်မှုသည် လွန်စွာအရေးကြီးသည်။ ထင်းစည်းပမာဥပမာပြုထားသည့် စည်းလုံးမှု၏အင်အားကို အထူးနားလည်သိရှိရမည်ဖြစ်သည်။ ထင်းစည်းပြေလျှင် တစ်ချောင်းချင်းအချိုးခံရမည်ဖြစ်သည်။ ပြည်ပ၏ ခြိမ်းခြောက်မှု ရန်စွယ်အန္တရာယ်အမျိုးမျိုး၊ ကျူးကျော်မှုပုံစံ အမျိုးမျိုးခံရနိုင်ဖွယ်ရှိသည်။
သို့ဖြစ်ရာ ပြည်ထောင်စုဖွားတိုင်းရင်းသား အချင်းချင်း အတွေးအမြင်ချင်းဖလှယ်၍ ညှိနှိုင်းအဖြေရှာသည့်နည်းလမ်းကို အသုံးပြုသင့်သည်။
တစ်ကွက်တိုး၍ တစ်ကွက်ဆုတ်သင့်က ဆုတ်ရမည်ဖြစ်သည်။ အနိုင်နှင့်အရှုံးဆုံးဖြတ်ရမည့်အခြေအနေ၊ မာန်မာနများမထားရှိဘဲ မိမိတို့၏လိုလားတောင့်တမှုကို တစ်ချက်ချင်းညှိ၍ ဖြေရှင်းဆောင်ရွက်သင့်လှသည်။
ရှုထောင့်အမြင်မှန်ကန်စွာ နိုင်ငံ့အကျိုးရှေးရှု တည်ဆောက်ကြလျှင် ပြည်ထောင်စုကြီး အမြန်ဆုံးအေးချမ်းသာယာ လာမည်ဖြစ်သည်။
အမျိုးဂုဏ်၊ ဇာတိဂုဏ်သည် ထိန်းသိမ်းအပ်သော ယဉ်ကျေးမှုအမွေဖြစ်ပေသည်။ ပြည်ထောင်စုဖွား တိုင်းရင်းသားများ၏ ယဉ်ကျေးမှု၊ စရိုက်လက္ခဏာများသည် လွန်စွာချစ်စရာကောင်းပေသည်။ မြန်မာနိုင်ငံသည် ပြည်ထောင်စုတိုင်းရင်းသားများ မှီတင်းနေထိုင်သည့် နိုင်ငံတစ်နိုင်ငံဖြစ်ခြင်းက ဂုဏ်ယူဖွယ်ရာကောင်းလှပေသည်။ တိုင်းရင်းသားတစ်မျိုးချင်းစီသည် ကိုယ်ပိုင်ယဉ်ကျေးမှု၊ ဓလေ့စရိုက်များစွာရှိပေသည်။ အပြန်အလှန်လေးစားစိတ်၊ ချစ်ခင်တန်ဖိုးထားစိတ်များလည်း အသီးသီးပိုင်ဆိုင်ထားရှိကြသည်။ အများအားဖြင့် ယဉ်ကျေးပျူငှာသော ပြည်ထောင်စုဖွား တိုင်းရင်းသားများဖြစ်ကြသည်။
အမျိုးကိုချစ်သည်။ အမျိုးထိလျှင် နာကျင်ကြရသည်မှာအမှန်ပင်ဖြစ်သည်။
ကိုလိုနီနယ်ချဲ့ဝါဒတစ်ရပ်ဖြင့် မြန်မာ့မြေကိုသိမ်းပိုက်ရယူမှုအပေါ် အမျိုးချစ်သူ၊ မျိုးချစ်စိတ်ရှိသူများ၏ သူ့ကျွန်မခံပြန်လည်တွန်းလှန်တိုက်ထုတ်ခဲ့မှုကြောင့် ရရှိခဲ့သည့်နိုင်ငံ့လွတ်လပ်ရေးကြီးက သက်သေထူလျက်ရှိပေသည်။ လူသူလက်နက် အစစအရာရာသာလွန်သည့်နယ်ချဲ့တို့အား တွန်းလှန်တိုက်ထုတ်ရာတွင် မျိုးချစ်သူရဲကောင်းများစွာ၏ အသက်သွေးချွေးတို့သည် ရက်၊ လ၊ နှစ်တိုင် မမေ့နိုင်အောင်ရှိခဲ့ကြသည်။ လွတ်လပ်ရေးရရှိရန် ဘဝပေးအပ်ရင်းနှီး ပေးဆပ်မှုသည်ကြီးမားခဲ့သည်။ မိမိတို့၏ဘိုးဘေးဘီဘင်တို့ မျှော်လင့်တောင့်တကြိုးပမ်း ရယူဆောင်ရွက်ခဲ့သည့် လွတ်လပ်ရေးကြီးကို မြတ်နိုးတန်ဖိုးထားကြရမည်သာဖြစ်သည်။ တည်ဆဲလွတ်လပ်ရေး တစ်ရပ်မဆုံးရှုံးစေရန်နှင့် ရေရှည်တည်တံ့သည့် လွတ်လပ်ရေး တစ်ရပ်ဖြစ်ရန် ပြည်သူအားလုံးမှ ဝိုင်းဝန်းကာကွယ်စောင့်ရှောက် သွားကြရမည်ဖြစ်သည်။
ယနေ့မြန်မာနိုင်ငံသည် နယ်ပယ်ကဏ္ဍ အသီးသီးဖွံ့ဖြိုးတိုးတက်ရေးအတွက် တက်ကိုဖွင့် ရွက်ကိုလွှင့်၍ အလေးပေးဖော်ဆောင်နေချိန်ဖြစ်ပေသည်။ ဒီမိုကရေစီနည်းလမ်းတကျ လွတ်လပ်စွာရေးသားခွင့်၊ ပြောဆိုခွင့်ဆိုင်ရာ အခွင့်အရေးများရခွင့်၊ ဖော်ထုတ်ခွင့်လည်းရှိပေသည်။ အဆိုပါအခွင့်အရေးများကို နည်းမှန်လမ်းမှန် အသုံးချရန်လိုအပ်ပြီး အများပြည်သူအကျိုးကိုဖြစ်စေသော လုပ်ဆောင်မှု၊ အများဆန္ဒဖြင့်ဆောင်ရွက်မှုများ ပါဝင်သည်။ အတူတကွ လိုက်ပါဆောင်ရွက်လျှင် သာတူညီမျှအကျိုးခံစားခွင့်များလည်း တစ်ပါတည်းရရှိမည်ဖြစ်သည်။ ငြိမ်းချမ်းရေးကို ပြည်သူအားလုံးလိုလား တောင့်တကြသည်။ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများ အမြန်ဆုံးချုပ်ငြိမ်းစေချင်သည်။ ငြိမ်းချမ်းမှုနှင့်မငြိမ်းချမ်းမှုဖြစ်စဉ်များသည် ဆီနှင့်ရေပမာ တန်ဖိုးအားဖြင့်ကွာဟခြင်းကြောင့် အချိန်တိုင်းငြိမ်းချမ်းရေး ရရှိရေးကိုလိုချင်သည်။
လွတ်လပ်ရေး၏အနှစ်သာရကို ပီပြင်စွာထုဆစ်ဖော်ဆောင် ရမည်ဖြစ်သည်။ နိုင်ငံအများစုသည် အချုပ်အခြာအာဏာ သက်ရောက်မှုကိုတန်ဖိုးထားရှိသည်။ နိုင်ငံအချင်းချင်း ဆက်ဆံရာပင်လျှင် အချုပ်အခြာအာဏာပိုင်ဆိုင်မှု၊ ဂုဏ်ဒြပ်သည် ထင်ရှားသောပြယုဂ်တစ်ခုဖြစ်သည်။ စည်းလုံးခြင်းသည်အင်အားဖြစ်သည်။ ညီညွတ်မှုအင်အားဖြင့် ဝိုင်းဝန်းထိန်းသိမ်း၍ ပိုမိုကောင်းမွန်သော အနာဂတ်ကို ငြိမ်းချမ်းစွာတည်ဆောက်လျက် လွတ်လပ်သောနိုင်ငံတစ်နိုင်ငံအဖြစ် အစဉ်သက်သေထူကြရမည်ဖြစ်သည်။
တိုင်းရင်းသားအချင်းချင်း ဘေးပယောဂများ၏ သွေးခွဲသပ်လျှိုမှုအမျိုးမျိုးကြောင့် သွေးမကွဲသင့်ပေ။ ပင်လုံစာချုပ်ကြီးနှင့် ပြည်ထောင်စုနေ့ကိုလည်းမမေ့သင့်ပေ။ ပြည်ထောင်စုနေ့သည် တိုင်းရင်းသားအားလုံး၏ စည်းလုံးညီညွတ်မှု၊ ယုံကြည်ချက်ခိုင်မာမှုကို ထင်ဟပ်စေသော သမိုင်းဝင်နေ့စွဲတစ်ခုဖြစ်ပြီး ကမ္ဘာတည်သရွေ့ တည်ရှိနေမည့်သင်္ကေတတစ်ခုလည်းဖြစ်သည်။ တိုင်းရင်းသားတို့၏ညီညွတ်သော စည်းလုံးမှုကိုလိုလားသူတိုင်း၊ ငြိမ်းချမ်းရေးကိုလိုလားသူတိုင်း နိုင်ငံတော်အဓွန့်ရှည်တည်တံ့ရေး ကာကွယ်စောင့်ရှောက်ရာတွင် အတူလက်တွဲကြိုးပမ်းမှုစွမ်းပကားဖြင့် နိုင်ငံတစ်ဝန်းလုံးတွင် အကြားအလပ်မရှိ ခေတ်မီဖွံ့ဖြိုးတိုးတက်မှုများ ဖော်ဆောင်နိုင်လိမ့်မည်ဟု ယုံကြည်မျှော်လင့်လျက် ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင်ကျရောက်မည့် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ကိုကြိုဆိုဂုဏ်ပြု ရေးသားလိုက်ရပါသည်။ ။
MWD
