အမေရိကန်–အီရန် တင်းမာမှုများကြောင့်ပေါ်လာသော အရှေ့အလယ်ပိုင်း ပထဝီနိုင်ငံရေးအပြစ်အနာသစ်များ

Posted_Date

Image

အမေရိကန်–အီရန် တင်းမာမှုများကြောင့် ပေါ်လာသော အရှေ့ အလယ်ပိုင်း ပထဝီနိုင်ငံရေး အပြစ်အနာသစ်များ

Body

ပြီးခဲ့သည့် ဒီဇင်ဘာလကုန်ပိုင်းက အီရန်နိုင်ငံအတွင်း လူထုဆန္ဒပြပွဲများကို အကြမ်းဖက် ဖိနှိပ်နေသည် ဟု ပြောဆိုကာ အမေရိကန်က စစ်ရေးတိုက်ခိုက်မှု ပြုလုပ်ရန် ခြိမ်းခြောက်လိုက်ခြင်း သည် အရှေ့အလယ်ပိုင်း ပထဝီနိုင်ငံရေးတွင် အရေးပါသော ပြောင်းလဲမှုတစ်ရပ်ဖြစ်လာပါသည်။ ယင်းပြောင်းလဲမှုမှာ ယခင်က ပြိုင်ဆိုင်မှုပြင်းထန်ကြသော ပြိုင်ဘက်များဖြစ်ခဲ့ကြသည့် အီရန် ၊ ဆော်ဒီအာရေဗျ၊ တူရကီကဲ့သို့ ဒေသတွင်း အင်အားကြီး နိုင်ငံများအကြား ဆက်ဆံရေးအခြေအနေများ မမျှော်လင့်ဘဲ ရုတ်တရက် ပြောင်းလဲသွားခြင်းပင်ဖြစ်ပါသည်။ 

၂၀၂၅  ခုနှစ် ဒီဇင်ဘာ ၂၈ ရက်နေ့တွင် အီရန်၌ ဆန္ဒပြပွဲများ ပေါက်ကွဲဖြစ်ပွားလာချိန်တွင် ယင်းဖြစ်ရပ် များက ရီယာဒ်နှင့် အန်ကာရာတို့အကြား နက်နက်ရှိုင်းရှိုင်းစွာ ရှိနေကြသည့် ပထဝီ နိုင်ငံရေးဆိုင်ရာ စိုးရိမ် ပူပန်မှုများ ဖြစ်လာလိမ့်မည်ဟု အနည်းငယ်တော့ မျှော်လင့်ထားခဲ့ကြပါသည်။ ဆန္ဒပြပွဲများ နိုင်ငံအနှံ့ ပျံ့နှံ့ လာပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဆန္ဒပြသူများ ကို ထောက်ခံသည့်အနေဖြင့် စစ်ရေးအရေးယူမှု ပြုလုပ်နိုင်ကြောင်း သတိပေးလာသည်နှင့်အမျှ ဆော်ဒီအာရေဗျနှင့် တူရကီတို့သည် ကာတာ၊ အိုမန်တို့နှင့် အတူ မမျှော်လင့်ဘဲ အီရန်အစိုးရဘက် ကို ထောက်ခံရပ်တည်လာကြပါသည်။ အဓိကအကြောင်းရင်းမှာ အီရန် တွင် အစိုးရပြောင်းလဲမှု ဖြစ်ပေါ်လာပါက ဖြစ်လာနိုင်သည့် အကျိုးဆက်များကို စိုးရိမ်ပူပန်ခြင်းကြောင့် ဖြစ်ပါ သည်။ 

အမှန်တကယ်တွင် ဆန္ဒပြပွဲများ မဖြစ်ပွားမီက အီရန်နှင့် ၎င်း၏ ပြိုင်ဘက်များ ဖြစ်သော ဆော်ဒီ အာရေဗျ နှင့် တူရတီတို့ ဆက်ဆံရေးမှာ တင်းမာနေခြင်း မရှိပါ။ ယခင်ကထက် ပိုမိုနီးကပ်လာသည့်အဆင့်ပင် ရောက်နေ ပါပြီ။ တရုတ်၏ ကြားဝင်ညှိနှိုင်းမှုဖြင့် ဆော်ဒီအာရေဗျသည် အီရန်နှင့်ချုပ်ဆိုခဲ့သော သဘောတူညီချက်ကို ဆက်လက်အကောင်အထည်ဖော် နေခဲ့သလို တူရကီကလည်း သမ္မတအဆင့် အလည်အပတ် ခရီးစဉ် တစ်ရပ် ကိုပင် စီစဉ်နေခဲ့ပါသည်။ သို့ရာတွင် ဆန္ဒပြပွဲများက အီရန်၏ နိုင်ငံရေးစနစ် အားနည်းချက်ကို ထင်ဟပ် ပြသလိုက်ခြင်းကြောင့် ဆော်ဒီအာရေဗျနှင့် တူရကီတို့အတွက် အန္တရာယ်အမြင်သစ်များ မြင်လာကြပြီး နှစ်နိုင်ငံ စလုံးက အီရန်အပေါ် စစ်ရေးအရေးယူမှု မပြုလုပ်ရန် ထရမ့်အစိုးရကို ဖိအားပေး တောင်းဆိုလာကြပါသည်။

တူရကီနှင့် ဆော်ဒီအာရေဗျတို့သည် အီရန်အပေါ် အမြင်ချင်း မတူညီကြသော်လည်း ၎င်းတို့အတွက် အမြဲတစေ ဖော်ပြလေ့မရှိသည့် စိုးရိမ်မှုတစ်ရပ် ကိုယ်စီ ရှိကြပါသည်။ ၎င်းမှာ အီရန်အစ္စလာမ်မစ်သမ္မတနိုင်ငံ ပြိုကွဲသွားပါက ဒေသတွင်း၌ အစ္စရေး၏ သြဇာလွှမ်းမိုးမှု တိုးလာနိုင်ခြေပင် ဖြစ်ပါသည်။

အစပိုင်းတွင် အီရန်အတွင်း ဖြစ်ပွားလာသော ဆန္ဒပြပွဲများသည် အစိုးရကို ချက်ချင်းပြိုလဲစေမည်မဟုတ်ဟု အများက သုံးသပ်ခဲ့ကြပါသည်။ သို့သော် ပါလဗီမင်းဆက် (Pahlavi Dynasty) အမွေဆက်ခံသူ ဖြစ်သည့် ရေဇာပါလဗီ (Reza Pahlavi) ရုတ်တရက် ပေါ်ထွက်လာခြင်းနှင့် ၎င်းက ဇန်နဝါရီ ၈ ရက်မှ ၁၁ ရက် အထိ လူထုကို ခေါ်ယူခဲ့ခြင်းကြောင့် အခြေအနေမှာ တစ်မျိုးတစ်ဖုံ ပြောင်းလဲခဲ့ပါသည်။ ၎င်း၏ စည်းရုံးမှု ကြောင့် လူအုပ်ကြီးများ လမ်းမများပေါ်သို့ ထွက်လာကြကာ ဆန္ဒပြပွဲများတွင် ပါလဗီမင်းဆက် ပြန်လည် တည်ထောင်ရေးကို တောင်းဆိုသည့် သံချပ်များလည်း ကျယ်ကျယ်လောင်လောင် ထွက်လာခဲ့ပါသည်။  

အီရန်နိုင်ငံ၏ နောက်ဆုံးဘုရင်ဟောင်း မိုဟာမက်ရေဇာရှာပါလဗီ၏ သားဖြစ်သူ ရေဇာ ပါလဗီသည် အစ္စရေးနှင့် နီးကပ်သော ဆက်ဆံရေးရှိသူ ဖြစ်ပါသည်။ သူသည် အီရန်အတွင်း အမြင်ကွဲပြားသည့် နိုင်ငံရေး အဖွဲ့အစည်းများအားလုံးကို စုစည်းစေနိုင်မည့် ပုဂ္ဂိုလ်တစ်ဦး မဟုတ်ကြောင်းကို အများစုက သဘောတူ လက်ခံထားကြပါသည်။ ၎င်း၏ ပေါ်ထွက်လာမှုသည် ပါရှား မဟုတ်သည့် လူမျိုးစုများနှင့် ဘာသာရေး အယူအဆ ပြင်းထန်သူများအတွက် စိုးရိမ်မှုများ ဖြစ်ပေါလာပါသည်။ 

သို့ရာတွင် ဆော်ဒီအာရေဗျနှင့် တူရကီတို့အမြင်အရ အီရန်အနှံ့တွင် ပါလဗီကို ထောက်ခံ သည့်အသံ များပေါ်ပေါက်လာခြင်းမှာ အရေးကြီးသော အချက်ပြမှုတစ်ခု ဖြစ်နေပါသည်။ အကယ်၍ အီရန်အစိုးရ ပြိုလဲ သွားခဲ့ပါက အစ္စရေးနှင့် အမေရိကန်တို့၏ သြဇာလွှမ်းမိုးမှုသည် ဒေသအတွင်း ပိုမိုတိုးချဲ့လာနိုင်ကြောင်း ယင်း အခြေအနေက ထောက်ပြနေပါသည်။ 

ထိုကြောင့်ပင် အီရန်၏ အတွင်းရေး မတည်ငြိမ်မှုများကို တူရကီနှင့် ဆော်ဒီအာရေဗျတို့က ကိုယ်ပိုင် အမျိုးသားအကျိုးစီးပွားနှင့် ဒေသတည်ငြိမ်ရေးအတွက် စိုးရိမ်စိတ်ဖြင့် အနီးကပ် စောင့်ကြည့်နေကြခြင်း ဖြစ်ပါသည်။

ပါလဗီမင်းဆက် ပြန်လည်ထူထောင်နိုင်ခြေကို စိုးရိမ်ခြင်းသည်သာ ဆော်ဒီအာရေဗျနှင့် တူရကီတို့က အီရန်အစိုးရအပေါ် ထောက်ခံရသည့် အကြောင်းရင်းတစ်ခုတည်းတော့ မဟုတ်ပါ။ အီရန်နိုင်ငံသည် လူမျိုးရေး ကွဲပြားမှု လွန်စွာများပြားသည့်နိုင်ငံတစ်နိုင်ငံဖြစ်ပါသည်။ Azerbaijani Turks, Arabs, Baluch, Turkmen နှင့် Kurds ကဲ့သို့သော လူမျိုးစုများသည် ၁၉၂၅ ခုနှစ်မှစ၍ အာဏာပိုင်များ၏ ဖိနှိပ်မှုကို စဉ်ဆက်မပြတ် ခါးခါး သီးသီး ကြုံတွေ့လာခဲ့ရပါသည်။

၁၉၇၉ ခုနှစ် အီရန်တော်လှန်ရေးကာလတွင် လူမျိုးရေးအခြေခံပဋိပက္ခများ အကြီးအကျယ် ဖြစ်ပွား ခဲ့ပြီး ပါလဗီမင်းဆက် ပြိုလဲသွားပြီးနောက်တွင်လည်း အာရပ်များ၊ ကာဒ်များနှင့် တူကမန်များ၏ လှုပ်ရှားမှု များကို အစ္စလာမ်မစ်သမ္မတနိုင်ငံ အီရန်အစိုးရက ကြမ်းကြမ်း တမ်းတမ်း ဖိနှိပ်ကိုင်တွယ်ခဲ့ပါသည်။ ထိုဖိနှိပ်မှု များကြောင့် လူမျိုးရေးဆန့်ကျင်ရေးလှုပ်ရှားမှုများ ကာလအတန်ကြာ ငြိမ်သက်သွားသလို ထင်ရသော်လည်း အမှန်တကယ်တွင် ထိုပြဿနာများသည် အောက်ခြေလူထုအတွင်း အချိန်မရွေး ထပေါက်နိုင်သော ပူဖောင်း သဖွယ် ရှိနေဆဲဖြစ် ပါသည်။

အီရန်၏ ခိုင်မာသော လုံခြုံရေးအာဏာချုပ်ကိုင်မှု ပျက်စီးသွားပါက သို့မဟုတ် အစိုးရ ပြိုလဲသွားပါက သို့မဟုတ် ပြင်ပနိုင်ငံများ၏ စစ်ရေးဝင်ရောက်လာပါက လူမျိုးရေးပဋိပက္ခများ ပြန်လည်ပေါက်ကွဲလာနိုင်ပြီး ပြည်တွင်းစစ်တစ်ရပ်အထိ ရောက်ရှိသွားနိုင်ပါသည်။ ထိုအန္တရာယ် မှာ ဆော်ဒီအာရေဗျနှင့် တူရကီတို့အတွက် အဓိက စိုးရိမ်ရသည့် အချက်ဖြစ်လာပါသည်။

အထူးသဖြင့် တူရကီအတွက် အီရန်အတွင်း ဖြစ်ပေါ်လာနိုင်သည့် လူမျိုးရေး မတည်ငြိမ်မှု များသည် မိမိနိုင်ငံအတွင်းရှိ Kurdish ပြဿနာနှင့် တိုက်ရိုက်ဆက်နွှယ်နေသည်ကို သဘောပေါက် လက်ခံထားပါသည်။ ထိုပြဿနာမှာ တူရကီအတွက် အမျိုးသားလုံခြုံရေးခြိမ်းခြောက်မှု တစ်ရပ်ပင် ဖြစ်နေပါသည်။ အီရန်တွင် ကာ့ဒ်လူဦးရေ  ၇ သန်းမှ ၁၅ သန်းကြား ရှိနိုင်ကြောင်း ခန့်မှန်းထားကြပါသည်။  အီရန်တွင် ကာ့ဒ်လှုပ်ရှားမှုများ အားကောင်းလာပါက ယင်း၏ သက်ရောက်မှုသည် တူရကီနိုင်ငံအတွင်းသို့ ချက်ချင်း ပျံ့နှံ့လာမှာ သေချာ နေပါသည်။ အနည်းနှင့် အများသာ ကွာခြားပါလိမ့်မည်။  ထို့ကြောင့် တူရကီသည် ကာ့ဒ်လှုပ်ရှားမှုများ ထိန်းချုပ် နိုင်ရေးအတွက် အီရန်အစိုးရနှင့် လုံခြုံရေးပိုင်းတွင် အနီးကပ် ပူးပေါင်းဆောင်ရွက်နေသည်ဟု လေ့လာ သုံးသပ်နိုင်ပါသည်။

အချုပ်ဆိုရသော် အီရန်တွင် ဖြစ်ပေါ်ခဲ့သည့် လူထုဆန္ဒပြမှုများသည် အရှေ့အလယ်ပိုင်း၏ ဒေသတွင်း ပထဝီနိုင်ငံရေးအတွက် အရေးကြီးသည့် အပြစ်အနာသစ်များကို ဖော်ထုတ်ပြသနေပါသည်။ အကျိုး သက်ရောက်မှု များနှင့် အန္တရာယ်များအားလုံးကို စဉ်းစားကြရမည့်အချိန်တွင် အမေရိကန်–အီရန် တင်းမာမှုများက ဒေသတွင်း နိုင်ငံများ၏ လိုက်လျောညီထွေမှုမရှိခြင်း၊ ရှုပ်ထွေးလှသော လူမျိုးရေးအခြေအနေများနှင့် အားနည်းသော အစိုးရများ၏ အခြေအနေတို့ကို ပိုမိုထင်ဟပ်စေပြီး ဒေသတွင်းနိုင်ငံရေး ရှုမြင်ချက်များ၊ အပြောင်းအလဲသစ် များ ပေါ်လာစေခဲ့သည်ဟု သုံးသပ်ရပါသည်။