အပေးအယူကိုသာ လိုချင်နေတဲ့အမေရိကန်နဲ့ စနစ်ကိုလိုချင်နေတဲ့ရုရှား

Posted_Date

Image

အပေးအယူကိုသာ လိုချင်နေတဲ့အမေရိကန်နဲ့ စနစ်ကိုလိုချင်နေတဲ့ရုရှား

Body

      ပြီးခဲ့သည့်နှစ် သြဂုတ်လအတွင်းက အလက်စကာပြည်နယ်တွင် ရုရှားနှင့်အမေရိကန် သမ္မတနှစ်ဦးတွေ့ဆုံပြီးနောက် အန်ကာရေ့စိတ်ဓာတ် (Spirit of Anchorage) ဆိုသည့် စကားရပ်အသစ်တစ်ခု သံတမန်လောကအတွင်း ပျံ့နှံ့လာသည်။ ဆွေးနွေးပွဲအနှစ်သာရကို တရားဝင်ထုတ်ဖော်ပြောထားခြင်းမရှိသော်လည်း ပေါက်ကြားလာသည့် သတင်းအချက်အလက်များ အပေါ်မူတည်၍ ခန့်မှန်းကြည့်နိုင်သည်။

သို့သော် သူတို့တွေ့ဆုံပွဲပုံစံမှာမူ ထူးခြားလှသည်။ လူကိုယ်တိုင်နှုတ်ဆက်ခြင်း၊ ဂုဏ်ပြုတပ်ဖွဲ့ဖြင့်ကြိုဆိုခြင်းနှင့် ကားတစ်စီးတည်းအတူစီးခြင်း စသည်တို့ဖြစ်သည်။ ထိုသို့သော ပြကွက်များကအရေးပါသည်။ ၎င်းမှာ ကိစ္စရပ်များနှင့်ပတ်သက်၍ အလေးအနက်ထားကြောင်း ပြသရန် ရည်ရွယ်ခြင်းဖြစ်သည်။

သို့တိုင်အောင် မေးစရာမေးခွန်းတစ်ခုရှိသည်မှာအန်ကာရေ့တွင် မည်သည့်အရာကို အမှန်တကယ်မွေးဖွားပေးခဲ့သနည်းဆိုသည့် မေးခွန်းပင်ဖြစ်သည်။

ထိုတွေ့ဆုံပွဲသည် ယခင်အချိန်များဆီက ခေတ်တစ်ခေတ်ကို အဓိပ္ပာယ်ဖွင့်ဆိုခဲ့ဖူးသည့် သံတမန်ရေးရာ စိတ်ဓာတ်များ၏ မျိုးဆက်တွင် အကျုံးဝင်ပါမည်လားဟုသိချင်လာရသည်။

ဤစကားရပ်မှာ အသစ်အဆန်းတော့မဟုတ်ပေ။ အန်ကာရေ့မတိုင်မီက ယောတာစိတ်ဓာတ် (Spirit of Yalta)၊ ဟယ်ဆင်ကီ စိတ်ဓာတ် (Spirit of Helsinki) နှင့် ခဏတာရှင်သန်ခဲ့သည့် မော်တာစိတ်ဓာတ် (Spirit of Malta) ဟူ၍ ရှိခဲ့ဖူးသည်။ ထိုသုံးကြိမ်စလုံးသည် ၂၀ရာစု ဒုတိယဝက်ကာလအတွင်း အင်အားကြီးနိုင်ငံများကြားဆက်ဆံရေး၏ အလှည့်အပြောင်းမှတ်တိုင်များဖြစ်ခဲ့ဖူးသည်။

၁၉၄၅ ခုနှစ် ယောတာဆွေးနွေးပွဲသည် ဆိုဗီယက်နှင့် အမေရိကန်ကို ဗဟိုမဏ္ဍိုင်များအဖြစ် အသိအမှတ်ပြုကာ စစ်ပြီးကာလ ကမ္ဘာ့စနစ်အသစ်၏အုတ်မြစ်ကို ချပေးခဲ့သည်။ ၁၉၇၅ ခုနှစ် ဟယ်ဆင်ကီဆွေးနွေးပွဲသည် ထိုစနစ်ကို တရားဝင်ပြဋ္ဌာန်းခဲ့ပြီး တစ်ဖက်တွင်လည်း ယင်းစနစ် တဖြည်းဖြည်းပျက်စီးလာစေရန် လမ်းစဖော်ပေးသလိုဖြစ်သည်။ ၁၉၈၉ ခုနှစ် မော်တာဆွေးနွေးပွဲကမူ စစ်အေးတိုက်ပွဲအဆုံးသတ်ခြင်းနှင့်အတူ ဥရောပတိုက်ကြီး နှစ်ခြမ်းကွဲနေမှုကို  အဆုံးသတ်စေသည့် ပြယုဂ်တစ်ခုဖြစ်လာသည်။

ဤတွေ့ဆုံပွဲများသည် ပုံစံနှင့်ရလဒ်ချင်းကွဲပြားမှုရှိသည်။ ယောတာသည် အောင်ပွဲရ အင်အားကြီးသုံးနိုင်ငံက သြဇာလွှမ်းမိုးမှုနယ်ပယ်များကို ခွဲဝေယူခြင်း ဖြစ်သည်။ ဟယ်ဆင်ကီမှာ တင်းမာမှုဖြစ်ပေါ်နေသည့်အခြေအနေကိုတည်ငြိမ်လာစေရန် ရည်ရွယ်သည့် ဘက်ပေါင်းစုံမှဆွေးနွေးပွဲများ၏ ရလဒ်ဖြစ်သည်။ မော်တာမှာမူ ကမ္ဘာ့စနစ်အသစ် ဆိုသည့် ခေါင်းစဉ်အောက်တွင် တစ်ဖက်၏ဆုတ်ခွာပေးမှုကို အတည်ပြုပေးသည့် နှစ်နိုင်ငံတွေ့ဆုံမှုဖြစ်သည်။ သို့သော် ၎င်းတို့အားလုံးတွင် တူညီသည့် ဝိသေသတစ်ခုရှိသည်။

ထိုဝိသေသမှာ တွေ့ဆုံဆွေးနွေးမှုတစ်ခုချင်းစီသည်နိုင်ငံတကာစနစ်၏ မူဘောင်များကိုသတ်မှတ်ရန် ကြိုးပမ်းခဲ့ကြခြင်းပင်ဖြစ်သည်။

တရားဝင်ထုတ်ပြန်ချက်များအရ ပြောရမည်ဆိုလျှင် အလက်စကာဆွေးနွေးပွဲသည် ယူကရိန်းအရေးကိုအာရုံစိုက်သည်ဟုဆိုရမည်ဖြစ်သည်။ ထိုနေရာတွင်မေးခွန်းတစ်ခုကို ချက်ချင်းပေါ်ထွက်လာစေသည်။ စစ်ဖြစ်နေသည့် အဖွဲ့အစည်းတစ်ခု၏ တိုက်ရိုက်ပါဝင်မှု မရှိဘဲ ရေရှည်တည်တံ့မည့် ပြေလည်မှုတစ်ခုရရှိရန် မည်မျှလက်တွေ့ကျနိုင်မည်နည်းဆိုသည့် မေးခွန်းပင်ဖြစ်သည်။ ထိုသို့သော ချဉ်းကပ်မှုမျိုးသည် ဆွေးနွေးသူများထဲမှ တစ်ဦးဖြစ်သည့်အမေရိကန်က ယူကရိန်းနိုင်ငံအနေဖြင့် ၎င်းမပါဘဲ ချမှတ်ထားသည့်ဆုံးဖြတ်ချက်များကို လက်ခံလာစေရန် ဖိအားပေးနိုင်စွမ်းနှင့် ဆန္ဒရှိမှသာဖြစ်နိုင်မည်ဖြစ်သည်။

သြဂုတ်လနောက်ပိုင်းဖြစ်ရပ်များအရ အမေရိကန်တွင် ထိုသို့လုပ်ဆောင်နိုင်စွမ်းမရှိနေသည်ကို တွေ့ရှိရသည်။ ခိုင်လုံသော အကြောင်းပြချက်မှာ အမေရိကန်၌ ထိုသို့လုပ်ဆောင်ရန်တွန်းအား မရှိခြင်းပင်ဖြစ်သည်။ ဒေါ်နယ်ထရမ့်သည် ယူကရိန်းပဋိပက္ခဖြေရှင်းရေးကို ကိုယ်ရေးကိုယ်တာ ဂုဏ်သိက္ခာအဖြစ် မှတ်ယူထားသည်။ သို့သော် ဂုဏ်သိက္ခာသည် မဟာဗျူဟာမြောက်လိုအပ်ချက်နှင့်မတူပေ။ ထရမ့်နှင့် ၎င်း၏ လူယုံများအတွက်ဆိုပါက ရုရှားအနေဖြင့်လုံးဝဥဿုံအောင်ပွဲမရသွားစေရန် တားဆီးနိုင်ဖို့ကသာ အဓိကဖြစ်ပြီး ကျန်ရှိသည့် နယ်နိမိတ်သတ်မှတ်ချက်များနှင့် ထိန်းသိမ်းရမည့် စည်းကမ်းချက်များသည် အရေးမကြီးလှပေ။

အဆိုပါဆွေးနွေးပွဲများသည် ကမ္ဘာ့စနစ်အသစ်တစ်ခုကို ပုံဖော်ပေးလိမ့်မည်ဟု အမေရိကန်အနေဖြင့် ယူဆမှသာ ၎င်း၏နိုင်ငံရေးနှင့် စီးပွားရေးအင်အားအားလုံးကို အသုံးချမည်ဖြစ်သည်။ ယောတာ၊ ဟယ်ဆင်ကီနှင့် မော်တာတို့တွင် ထိုသို့ဖြစ်ခဲ့သော်လည်း ယနေ့တွင်မူ ထိုသို့မဟုတ်တော့ပေ။

ရုရှားကမူ အန်ကာရေ့ကို ထိုထက်ပို၍ ကျယ်ပြန့်သည့်အဓိပ္ပာယ်ဖွင့်ဆိုထားသည်။ စစ်ဆင်ရေးစတင်ကတည်းက ရုရှားသည် ထိုပဋိပက္ခကို နယ်မြေလုပွဲထက် ဥရောပလုံခြုံရေးဗိသုကာပုံစံဆိုင်ရာ ပြဿနာအဖြစ်ပုံဖော်ခဲ့သည်။ အချိန်ကြာလာသည်နှင့်အမျှ နယ်မြေကိစ္စက အရေးပါလာသည်မှာ မှန်သော်လည်း

အဓိကပြဿနာမှာ ဥရောပတိုက်၏လုံခြုံရေးကို စိုးမိုးမည့် မူဝါဒများပင်ဖြစ်သည်။

ယနေ့တွင် အဆိုပါအချက်ကို ယူကရိန်းအတွက် လုံခြုံရေးအာမခံချက်များဟူသည့် မေးခွန်းအဖြစ် ဖော်ပြလေ့ရှိသည်။ လက်တွေ့တွင်မူ ယင်းသည် ထိုအာမခံချက်များတည်ရှိမည့် ပိုမိုကျယ်ပြန့်သော စနစ်နှင့် သက်ဆိုင်နေသည်။ ဤအချက်သည်ပင် မည်သည့်သဘောတူညီချက်အတွက်မဆို အကြီးမား ဆုံး အဟန့်အတားဖြစ်လာနိုင်သည်။

အမေရိကန်၏ ကမ္ဘာ့စနစ်အမြင်မှာ အစိတ်စိတ်အမြွှာမြွှာဖြစ်နေပြီး လက်တွေ့ကျကျအသုံးချနိုင်မှုကိုသာ အလေးထားသည်။ စီးပွားရေးဖိအားပေးမှု၊ စစ်ရေးအရတည်ရှိနေမှုနှင့် နိုင်ငံရေးအရအသာစီးရမှုတို့ကို သတ်မှတ်ထားသော ဒေသနှင့်ပြဿနာများပေါ်တွင်သာ ရွေးချယ်အသုံးချပြီး ထိန်းချုပ်ထားသည်။

ယင်းသည် စနစ်တစ်ခုလုံးကို ပုံဖော်ခြင်းထက် လိုအပ်သည့်နေရာကိုသာ ပစ်မှတ်ထားဝင်ရောက်စွက်ဖက်သည့် ပုံစံမျိုးဖြစ်သည်။ တစ်နည်းအားဖြင့် အင်အားသုံးအပ်စိုက်ကုထုံး ပုံစံမျိုးပင်ဖြစ်သည်။

ဤအခြေအနေမျိုးတွင် သဘောတူညီချက်များသည် မူဝါဒများအပေါ် အခြေမခံဘဲ အပြန်အလှန် အကျိုးအမြတ်လဲလှယ်မှုများသာ ဖြစ်လာသည်။ ယင်းတို့သည် ရေရှည်တည်တံ့မည့် ဆက်ဆံရေးစည်းကမ်းများကို တည်ဆောက်ရန်ထက် လက်ငင်းရလဒ် သို့မဟုတ် စီးပွားရေးအရ အမြတ်ထွက်ရေးကိုသာဦးတည်သည်။     အမေရိကန်၏အမြင်တွင် ယူကရိန်းက  ပြဿနာပေါင်းများစွာထဲမှတစ်ခုသာဖြစ်ပြီး   စနစ်အသစ်တစ်ခုတည်ဆောက်နိုင်မည့် ဗဟိုချက်မဟုတ်ပေ။

အကယ်၍ ရည်ရွယ်ချက်မှာ ယူကရိန်းပဋိပက္ခကို နိုင်ငံရေးအရ ဖြေရှင်းရန်သက်သက်ဆိုလျှင် ရုရှား-အမေရိကန် ဆွေးနွေးပွဲပုံစံတစ်ခုတည်းဖြင့် လုံလောက်မှုမရှိပေ။ ယူကရိန်းကိုယ်တိုင်နှင့် ဥရောပတို့ပါဝင်ရန် လိုအပ်မည်ဖြစ်သည်။ ဥရောပ၏ မဟာဗျူဟာမြောက် အင်အားသည် အကန့်အသတ်ရှိသော်လည်း ၎င်းတို့ လက်မခံနိုင်သည့် မည်သည့်ပြေလည်မှုကိုမဆို ဟန့်တားနိုင်စွမ်း ရှိနေသေးသည်။ ဤအချက်ကို လျစ်လျူရှုခြင်းက မှားယွင်းမှုတစ်ခုဖြစ်သွားစေမည်ဖြစ်သည်။

အန်ကာရေ့စိတ်ဓာတ်ကို ယောတာ၊ ဟယ်ဆင်ကီ၊ မော်တာတို့နှင့် တန်းတူထားရန်ဆိုလျှင် ဒုတိယကမ္ဘာစစ်အပြီး ပေါ်ပေါက်လာပြီး နှစ်ပေါင်း ၈၀ နီးပါး တည်တံ့ခဲ့သည့် စနစ်ဟောင်းကို အစားထိုးနိုင်မည့် တစ်ကမ္ဘာလုံးဆိုင်ရာ နိုင်ငံရေးစနစ်အသစ်တစ်ခုကို တည်ဆောက်ရန်အထိ ပစ်မှတ်ထားရမည်ဖြစ်သည်။

အမေရိကန်သည် ယင်းကဲ့သို့သော စီမံကိန်းမျိုးတွင် ရုရှားနိုင်ငံအား အဓိကဆွေးနွေးဖက်အဖြစ် မရှုမြင်ပေ။ အလွန်ဆုံးရှိမှ တရုတ်ကိုသာ ထိုနေရာတွင် ခေတ္တသတ်မှတ်ထားသည်။ သို့သော် ယင်းမှာလည်း မရေရာသေးပေ။ ရလဒ်အနေဖြင့် အန်ကာရေ့စိတ်ဓာတ်သည် ဆွေးနွေးပွဲ၏ တကယ့်အကြောင်းအရာနှင့် ကိုက်ညီမှုမရှိသော  အဓိပ္ပာယ်ဖွင့်ဆိုချက်နှစ်ခုကြားတွင် မတည်မငြိမ် လွင့်မျောနေရသည်။

ရုရှား၏အမြင်တွင် ယင်းသည် ဥရောပနှင့် ကမ္ဘာ့လုံခြုံရေး အခြေခံအုတ်မြစ်များကို ပြန်လည်အဓိပ္ပာယ်ဖွင့်ဆိုခြင်းဖြစ်သည်။ အမေရိကန်ဘက်ကမူ ပိုမိုကျယ်ပြန့်သည့် အာဏာတည်ဆောက်ပုံကို မပြောင်းလဲဘဲ သတ်မှတ်ထားသော ပဋိပက္ခပုံစံတစ်ခုကိုသာ ကိုင်တွယ်ဖြေရှင်းခြင်းဖြစ်သည်။  နှစ်ဖက်စလုံးက အကြောင်းအရာတစ်ခုတည်းကိုပင် ဆွေးနွေးနေခြင်း မဟုတ်သည့်အခါတွင်   ဘေးထွက်ဆိုးကျိုးများက သိသာလှသည်။

ဤသို့သော အခြေအနေမျိုးတွင် စိတ်ဓာတ် ဆိုသည်မှာ တဖြည်းဖြည်းမှေးမှိန်သွားပြီး လမ်းပြပေးမည့်အင်အားဆိုသည်ထက် စကားလုံးအလှသက်သက်သာဖြစ်လာကာ ဘယ်သောအခါမှ ပေါ်ပေါက်မလာသည့် သဘောတူညီချက်၏ ဝိညာဉ်တစ်ခုဖြစ်သွားပေလိမ့်မည်။

ထိုအခြေအနေက ပြောင်းလဲသွားနိုင်သလားဟု မေးလာလျှင် ဖြစ်ကောင်းဖြစ်နိုင်သည်ဟုဆိုရမည်။

သို့သော် နှစ်ဖက်စလုံးကို ဒေသတွင်းတွက်ချက်မှုများမှကျော်လွန်၍ ပိုမိုအခြေခံကျသောစနစ်ပြန်လည်တည်ဆောက်ရေးကို မဖြစ်မနေရင်ဆိုင်လာစေမည့် ဖြစ်ရပ်များ ပေါ်ပေါက်လာမှသာ ဖြစ်ပါလိမ့်မည်။ ယင်းအချိန်မတိုင်မီအထိတော့ အန်ကာရေ့သည် မျှော်လင့်ချက်နှင့် လက်တွေ့ဘဝကြားတွင် လွင့်မျောနေဦးမည်ဖြစ်ပြီး ၎င်း၏ ကတိကဝတ်များမှာလည်း ပြည့်ဝလာဦးမည်မဟုတ်ပေ။

အန်ကာရေ့စိတ်ဓာတ်သည် ကမ္ဘာ့အင်အားကြီးနှစ်နိုင်ငံကြား ဆွေးနွေးမှုအသစ်တစ်ခုကို လမ်းဖွင့်ပေးသော်လည်း တစ်ဖက်နှင့်တစ်ဖက် မျှော်လင့်ချက်ချင်းလွဲမှားနေဆဲဖြစ်သည်။ အမေရိကန်က ယူကရိန်းပဋိပက္ခကို လက်ငင်းအကျိုးအမြတ်အတွက် အပေးအယူလုပ်ရမည့် ကိစ္စရပ်တစ်ခုအဖြစ် ရှုမြင်နေချိန်ရုရှားကမူ ၎င်းကိုကမ္ဘာ့လုံခြုံရေးစနစ်တစ်ခုလုံးကို ပြန်လည်ပြင်ဆင်ရေးဆွဲရမည့် အခြေခံအုတ်မြစ်အဖြစ် သတ်မှတ်ထားသည်။ ဤသို့သော မတူကွဲပြားသည့် အမြင်များကြောင့်ပင် အန်ကာရေ့ဆွေးနွေးပွဲသည် သမိုင်းဝင် ယောတာ သို့မဟုတ် ဟယ်ဆင်ကီတို့ကဲ့သို့ ခိုင်မာသည့်စနစ်သစ်တစ်ခုကို   ပုံဖော်ပေးနိုင်ခြင်း မရှိသေးဘဲ  မရေရာသည့် သံတမန်ရေးရာ အရိပ်အယောင်တစ်ခုအဖြစ်သာ ဆက်လက်တည်ရှိနေပါတော့သည်။     ။                         

MWD