ဘက်စုံအသုံးဝင်သစ်အယ်ပင်၏ ကျန်းမာရေးအကျိုးကျေးဇူးများ
Posted_Date
Image
Body
သစ်အယ်ပင်သည် မျိုးခွဲမျိုးစိတ်များပြားသော ရွက်ကြွေပင်မျိုးဖြစ်သည်။ ကမ္ဘာအရပ်ရပ်ရှိ သမပိုင်းဇုန်များ၌ပေါက်ရောက်သော သစ်အယ်ပင်အမျိုးမျိုး ရှိသည့်အနက် စားသုံးရန်အဆန်ကောင်းစွာ ရရှိသော သစ်အယ်ပင်မျိုးရှိသည်။ သစ်အယ်ပင်သည် ဝက်သစ်ချ
ပင်မျိုးနှင့်မျိုးတူဖြစ်၍ Fagaceae မျိုးရင်းတွင်ပါဝင်သည်။ သစ်တောများတွင် ပေါက်ရောက်သောသစ်အယ်ပင်သည် အမြင့်ပေ ၁၀၀ အထိမြင့်ပြီး ကွင်းပြင်၌ ပင်စည်အချင်း ၆ ပေမှ ၈ ပေအထိရှိသော သစ်အယ်ပင်များတွေ့ရကာ ပင်စည်အချင်း ၁၂ ပေအထိရှိသော အပင်များလည်းရှိသည်။
သစ်အယ်သီးဆန်
ဝက်သစ်ချပင်မျိုးနှင့်မျိုးတူဖြစ်ပြီး သေးသွယ်ရှည်လျား၍ ကြောင်မြီးနှင့်တူသော အဝါရောင်ပွင့်တံနှစ်မျိုးပွင့်ရာ တစ်မျိုးတွင် ပွင့်တံတစ်ခုလုံး အဖိုပွင့်များသာပွင့်ပြီး တခြားတစ်မျိုးမှာ ပွင့်တံ၏အပေါ်ပိုင်းတွင် အဖိုပွင့်များပွင့်၍ အောက်ခြေတွင် အမပွင့်များပွင့်သည်။ ထိုအမပွင့်များသည် ဆူးကဲ့သို့သော အမွေးများ ထူထပ်စွာပါဝင်သည့် အသီးအဖြစ်ကြီးထွားလာကာ အတွင်း၌ အဆန်ချောင်သောတစ်စေ့သီး တစ်ခုမှသုံးခုအထိပါပြီး တချို့သောအသီးမျိုးများတွင် တစ်ဆန်တည်းသာ အဖတ်တင်လေ့ရှိသည်။ ထိုသို့တစ်ဆန်တည်းသာကျန်သောမျိုးများမှာ အဆန်စားရန် ကောင်းမွန်သောမျိုးများဖြစ်သည်။
စပိန်သစ်အယ်၊ သစ်အယ်ချိုဟုလည်းခေါ်သော ဥရောပသစ်အယ်သီးဆန်သည် ဥရောပနှင့်အမေရိကတို့၌စားသုံးကြသည့် သစ်အယ်သီးဆန်ဖြစ်ပြီး စပိန်၊ အီတလီနှင့် ပေါ်တူဂီနိုင်ငံတို့သည် ပြည်ပသို့ သစ်အယ်သီးဆန် အများဆုံး တင်ပို့သောနိုင်ငံများဖြစ်သည်။
အမေရိကန်သစ်အယ်သီးဆန်သည် ဥရောပသစ်အယ်သီးဆန်နှင့်နှိုင်းယှဉ်ပါက သေးငယ်ပြီး အရောင်မွဲသောအမွေးနုများနှင့် ဖုံးလွှမ်းနေသောကြောင့် အမြင်မလှသော်လည်း အရသာတွင် အမေရိကန်သစ်အယ်သီးဆန်က သာသည်။
သစ်အယ်သီးစားသုံးမှုပုံစံ
ပထမတန်းစား သစ်အယ်သီးဆန်များကို အစိမ်းအတိုင်းဖြစ်စေ၊ လှော်၍ဖြစ်စေ၊ ပြုတ်၍ဖြစ်စေ စားကြသည်။ ဒုတိယတန်းစားသစ် အယ်သီးဆန်များကို အခြောက်ခံကာ မာအောင်ပြုလုပ်ပြီး အမှုန့်ကြိတ်၍ ဂျုံ၊ ပြောင်းတို့အစား စွပ်ပြုတ်၊ ပေါင်မုန့်နှင့် တခြားအစားအသောက်များတွင် ထည့်သွင်းအသုံးပြုကြသည်။ အသေးစားသစ်အယ်သီးဆန်များကို နွားစာ၊ ဝက်စာ စသည်ဖြင့် တိရစ္ဆာန်အစာအဖြစ် အသုံးပြုကြသည်။
တရုတ်ကြိမ်စေ့ (Roasted Chestnut) ဟုခေါ်သည့် သစ်အယ်သီးလှော်နည်းကို ဖော်ပြလိုပါသည်။ သစ်အယ်သီး၏ ခုံးသည့်ဘက်အခြမ်း၏ အလယ်မှအခွံကိုဓားနှင့်ခွဲပြီး အိုးထဲသို့ထည့်ကာ မီးပြင်းပြင်းဖြင့် ၁၀ မိနစ်ခန့်ပြုတ်ရမည်။ သစ်အယ်သီးကိုပြုတ်ပေးပါက လှော်သည့်အချိန်ကို သက်သာစေပြီး အထဲမှအသားများ ခြောက်မသွားစေရန်ဖြစ်သည်။ ၁၀ မိနစ်
ခန့်ကြာပြုတ်ပြီးနောက် ဆယ်၍ရေစစ်ပြီး လှော်ပေးရသည်။ အလုပ်ရှုပ်သက်သာစေရန်အတွက် Oven ထဲထည့်ကင်ရန် ငွေစက္ကူခင်းထားသောဗန်းထဲသို့ထည့်ပြီး ကွဲကြောင်းပါသည့်ဘက်ကို လှန်ထားရမည်။
မုန့်ဖုတ်စက်ထဲတွင် အပူချိန် ၂၀၀ ဒီဂရီစင်တီဂရိတ်ဖြင့် မိနစ် ၂၀ ခန့်ကင်ပြီးနောက် အသင့်စားသုံးနိုင်ပြီဖြစ်သည်။
သစ်အယ်သီးတွင်ပါဝင်သောအာဟာရဓာတ်များ
အာဟာရပြည့်ဝသောအခွံမာသီးများသည် အရသာရှိရုံသာမက ကျန်းမာရေးအတွက်လည်း အထူးကောင်းမွန်သည်။ ထို့အတူ သစ်အယ်သီးသည် ခန္ဓာကိုယ်အတွက်လိုအပ်သည့် ဗီတာမင်-E ၊ ဗီတာမင်-C၊ ကျန်းမာရေးကောင်းစေသောအဆီ၊ ပရိုတင်း၊ အစာကြေစေသောအမျှင် စသည့်အာဟာရဓာတ်များအပြင် သတ္တုဓာတ်များ၊ ရှုပ်ထွေးသောကစီဓာတ်မော်လီကျူးများနှင့် Lipid ပါဝင်မှုမြင့်မားသည်။
သစ်အယ်သီး ၁၀၀ ဂရမ်တွင်ပါဝင်သော အာဟာရဓာတ်များ
သစ်အယ်သီး ၁၀၀ ဂရမ်တွင် ဗီတာမင်-B1 ၀.၂၂ မီလီဂရမ်၊ ဗီတာမင်-B2 ၀.၁၂ မီလီဂရမ်၊ ဗီတာမင်-PP ၂ မီလီဂရမ်၊ ဗီတာမင်-C ၅၁ မီလီဂရမ်တို့ပါဝင်ပြီး အဓိကသတ္တုဓာတ်များဖြစ်သည့် ဖော့စဖရပ်စ် ၈၀.၈၈ မီလီဂရမ်၊ ပိုတက်ဆီယမ် ၄၉၄.၃၈ မီလီဂရမ်၊ ထုံးဓာတ်
၂၆.၂၃ မီလီဂရမ်၊ ဆိုဒီယမ် ၇.၈၈ မီလီဂရမ်၊ မဂ္ဂနိစ် ၂၁.၇၅ မီလီဂရမ်၊ ဇင့် ၆၂ မီလီဂရမ်၊ ကြေးနီ ၁၆၅ မီလီဂရမ်တို့ ကြွယ်ဝစွာပါဝင်သည့်အပြင် ကာဗိုဟိုက်ဒရိတ် ၁၆၂ ကယ်လိုရီ ၆၅ ရာခိုင်နှုန်း၊ ပရိုတင်း ၁၃.၂၄ ကယ်လိုရီ ၁၀ ရာခိုင်နှုန်းနှင့် Lipitor ၈.၂၈ ကယ်လိုရီ ၂၅ ရာခိုင်နှုန်းပါဝင်သည်။ သစ်အယ်သီးသည် ကိုလက်စထရောကိုကျစေပြီး အင်ဆူလင်ပမာဏကိုတိုးစေသည်။ သစ်အယ်သီးကို စားခြင်းအားဖြင့် လူ့ခန္ဓာကိုယ်အတွက် ရရှိနိုင်သည့်အကျိုးကျေးဇူးများစွာကို ဆက်လက်တင်ပြလိုပါသည်။
အူမကြီးလှုပ်ရှားမှုကောင်းမွန်စေသောသစ်အယ်သီး
Dietary Fiber ပါဝင်မှုကြောင့် အူမကြီးလုပ်ဆောင်ချက်ကိုကောင်းမွန်စေပြီး ဝမ်းချုပ်ခြင်းကို ကာကွယ်နိုင်သည်။
ကိုယ်အလေးချိန်ကျစေသော သစ်အယ်သီးလေ့လာချက်များအရ သစ်အယ်သီးတွင် ကိုယ်အလေးချိန်ကျစေသောအချက်များကို တွေ့ရှိရပြီး အဝလွန်ခြင်းကိုကာကွယ်နိုင်သည်။
ကင်ဆာရောဂါဖြစ်ပွားမှုအန္တရာယ်ကိုလျော့ကျစေသော သစ်အယ်သီးသစ်အယ်သီးတွင် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ (Antioxidants)နှင့် ဗီတာမင်-E ပါဝင်ခြင်းကြောင့် ကင်ဆာရောဂါဖြစ်ပွားစေသည့်ဆဲလ်များကို တိုက်ဖျက်နိုင်ပြီး ကင်ဆာရောဂါဖြစ်ပွားနိုင်ခြေကို လျော့ကျစေသည်။
ကိုလက်စထရောလျော့ကျစေသော သစ်အယ်သီး
၂၀၁၃ ခုနှစ်လေ့လာချက်အရ သစ်အယ်သီးသည် နှလုံးနှင့်ပတ်သက်သောရောဂါများဖြစ်ပွားနိုင်သည့် Lipoprotein Cholesterol ကိုလျော့ကျစေသည်ဟုဆိုကြပါသည်။ ထို Lipoprotein Cholesterol က သစ်အယ်သီးစားပေးခြင်းဖြင့် နှလုံးကိုထိခိုက်စေသည့် ကိုလက်စထရောလျော့ကျစေသောကြောင့် နှလုံးနှင့်ပတ်သက်သောရောဂါများဖြစ်ပွားမှုကို လျော့ကျ စေသည်။
အင်ဆူလင်ပမာဏကိုတိုးစေသော သစ်အယ်သီး
သစ်အယ်သီးစားပေးခြင်းဖြင့် အင်ဆူလင်ပမာဏကိုတိုးစေသောကြောင့် အမျိုးအစား-၂ ဆီးချိုရောဂါဖြစ်ပွားနိုင်ခြေကို လျော့ကျစေသည်။
နှလုံးကျန်းမာစေသောသစ်အယ်သီး
သစ်အယ်သီးက နှလုံးကျန်းမာရေးအတွက် ကောင်းမွန်စေသည်။ သစ်အယ်သီးတွင်ပါဝင်သည့် အာဟာရဓာတ်များက နှလုံးသွေးကြောဆိုင်ရာ ရောဂါဖြစ်ပွားမှုကို လျော့ကျစေနိုင်သည်။
ရောင်ရမ်းမှုကိုလျော့ကျစေသောသစ်အယ်သီးသစ်အယ်သီးစားပေးခြင်းဖြင့် ရောင်ရမ်းမှုကို လျော့ကျစေရန် ကူညီနိုင်သည်။
သတိပြုရန်
သစ်အယ်သီးနှင့် ဓာတ်မတည့်သူများလည်းရှိနိုင်သောကြောင့် သတိထားသင့်သည်။ သို့သော် အရာအားလုံးသည် အလယ်အလတ်တွင် ကောင်းမွန်ပြီး သစ်အယ်သီးကို အလွန်အကျွံစားသုံးပါက ခန္ဓာကိုယ်ကို ဒုက္ခပေးနိုင်ကြောင်း သတိပြုသင့်သည်။
သစ်အယ်သီးသည် အူမကြီးလှုပ်ရှားမှုကောင်းမွန်စေခြင်း၊ ကိုယ်အလေးချိန်ကျစေခြင်း၊ ကင်ဆာရောဂါဖြစ်ပွားမှု အန္တရာယ်ကို လျော့ကျစေခြင်း၊ ကိုလက်စထရောလျော့ကျစေခြင်း၊ အင်ဆူလင်ပမာဏကိုတိုးစေခြင်း၊ နှလုံးကျန်းမာစေခြင်းနှင့် ရောင်ရမ်းမှုကို လျော့ကျစေခြင်း စသည့် ကျန်းမာရေးအကျိုးကျေးဇူးများ ရရှိစေကြောင်း တင်ပြလိုက်ရပါသည်။
MWD
