ပလတ်စတစ်ရေဘူးများ၏ မမြင်ရသောအန္တရာယ်
Posted_Date
Image
Body
တစ်ခါသုံးပလတ်စတစ်ရေဘူးများကို ခေတ်သစ်လူ့အဖွဲ့အစည်း၏ နေရာတိုင်းတွင် ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲလာကြသောကြောင့် အမှိုက်ပုံများ၊ မြစ်များ၊ သမုဒ္ဒရာများနှင့် သဘာဝနေရင်းဒေသများ တွင် ပလတ်စတစ်စွန့်ပစ်ပစ္စည်းများ၏ ပြဿနာမှာ ကြီးထွားလာနေပြီး အရေး တကြီးဖြေရှင်းရမည့် ကမ္ဘာလုံးဆိုင်ရာပြဿနာတစ်ခုဖြစ်နေသည်။ ပလတ်စတစ် ရေဘူးများ၏ မမြင်ရသောအန္တရာယ်နှင့် ပတ်သက်၍ သိပ္ပံပညာရှင်များက သတိပေးချက် ထုတ်ပြန်ခဲ့သည်။
သိပ္ပံပညာရှင်များသည် ခရမ်းလွန်ရောင်ခြည်ကို မိုက်ခရိုပလတ်စတစ်အမှုန် များ ဖြစ်ပေါ်လာစေသည့် ပလတ်စတစ် ပြိုကွဲမှု၏ အဓိကအကြောင်းရင်း တစ်ခုအဖြစ် ရှုမြင်ခဲ့ကြသည်။ Science Advances တွင်ထုတ်ဝေသော သိပ္ပံပညာရှင်များ၏ လေ့လာမှုအသစ်တစ်ခုအရ ရေထဲရှိ အလွန် သေးငယ်သော ပူဖောင်းလေးများသည် ရေထဲရှိ ပလတ်စတစ်များကို တိုက်စားပြီးမိုက်ခရိုပလတ်စတစ်နှင့် နာနိုပလတ်စတစ် အမှုန်များထုတ်လွှတ်မှုကို အထောက်အကူပြုကြောင်း တွေ့ရှိခဲ့သည်။
မိုက်ခရိုနှင့် နာနိုပလတ်စတစ်အမှုန်များ ထုတ်လွှတ်မှုသည် နှလုံးသွေးကြောနှင့် အာရုံကြောဆိုင်ရာရောဂါများနှင့် ဆက်စပ်နေကြောင်း သိပ္ပံပညာရှင်များရှာဖွေတွေ့ရှိခဲ့ကြသည်။ ၂၀၂၅ ခုနှစ်က Journal of Hazardous Materials တွင် ထုတ်ဝေသော သုံးသပ်ချက်ဆောင်းပါးသည် တစ်ခါသုံးပလတ်စတစ်ရေဘူးများ မှ နာနိုနှင့် မိုက်ခရိုပလတ်စတစ်အမှုန် များနှင့်ဆက်စပ်နေသော နာတာရှည်ကျန်းမာရေးအန္တရာယ် သက်ရောက်မှုများကို အလေးပေးဖော်ပြထားသည်။ ယခုအခါ လူ့အဖွဲ့အစည်းသည် နေရာတိုင်းတွင် ပလတ်စတစ်အသုံးပြုမှုကြောင့်ဖြစ် ပေါ်လာသည့် ကြီးမားသောစိန်ခေါ်မှုကို တိတ်တဆိတ်ရင်ဆိုင်နေရကြောင်း သုတေသနပညာရှင်များက အသိပေးချက် ထုတ်ပြန်ခဲ့သည်။
၂၀၂၅ ခုနှစ်တွင်Trinity College Dublin မှ သုတေသနအဖွဲ့တစ်ဖွဲ့သည် သမုဒ္ဒရာ များနှင့် တခြားရေများရှိ ပလတ်စတစ်များ အပေါ် သေးငယ်သောပူဖောင်းလေးများ ၏ အကျိုးသက်ရောက်မှုကို ဖော်ထုတ်ခဲ့ သည်။ ရေထဲတွင် မမြင်နိုင်သော သေးငယ် သည့်လေပူဖောင်းလေးများကြောင့် ဖြစ် ပေါ်လာသော ပလတ်စတစ်မျက်နှာပြင် တိုက်စားမှုသည် မိုက်ခရိုနှင့် နာနိုပလတ် စတစ်အမှုန်အမွှားများကို ရေထဲသို့ပိုစိမ့် ဝင်စေကြောင်းကို သိပ္ပံပညာရှင်များကတွေ့ရှိခဲ့ကြသည်။ ထို့ကြောင့် ပလတ်စတစ်ဘူးသည် အမြင်အားဖြင့်ကောင်း မွန်နေပါကလည်း ရွေ့လျားမှုနှင့် အထူး သဖြင့် အပူ၊ နေရောင်ခြည်နှင့် အချိန် ကြာမြင့်စွာထိတွေ့သောအခါ အဏုကြည့် မှန်ပြောင်းဖြင့်သာမြင်ရသော ပြိုကွဲမှုများတိတ်တဆိတ်ဖြစ်ပေါ်ကြောင်း တွေ့ရသည်။ မိုက်ခရိုပလတ်စတစ်အမှုန်အမွှားများကို မျက်စိဖြင့်မမြင်နိုင်ပေ။ ပလတ် စတစ်ပြိုကွဲမှုသည် ပတ်ဝန်းကျင်နှင့်လူ သားများ၏ကျန်းမာရေးအတွက် မမြင်ရ သော ခြိမ်းခြောက်မှုတစ်ခုဖြစ်သည်ဟု Trinity College မှ ဦးဆောင်သုတေသီ ပါမောက္ခ John Boland က ပြောကြားခဲ့ သည်။
မိုက်ခရိုပလတ်စတစ်အမှုန်အမွှားတစ် ခုသည် ၁ မိုက်ခရိုမီတာ(တစ်မီလီမီတာ၏တစ်ထောင်ပုံတစ်ပုံ) မှ ၅ မီလီမီတာအထိရှိနိုင်သည်။ နာနိုပလတ်စတစ်များ သည် ၁ မိုက်ခရွန်ထက်သေးငယ်သည်။ တစ်ခါသုံးပလတ်စတစ်ရေဘူးများမှ ထုတ် လုပ်သော နာနိုနှင့်မိုက်ခရိုပလတ်စတစ်များ၏ ကမ္ဘာလုံးဆိုင်ရာလူ့ကျန်းမာရေးအပေါ်သက်ရောက်မှုကို သိပ္ပံဆောင်းပါး ၁၄၁ ခုကျော်မှ အတွေးအမြင်များကို ရယူ ကာ လေ့လာသုံးသပ်ခဲ့သည်။ လူတစ်ဦး ချင်းစီသည် တစ်နှစ်လျှင် ပျမ်းမျှအားဖြင့် မိုက်ခရိုပလတ်စတစ်အမှုန်အမွှား ၃၉၀၀၀ မှ ၅၂၀၀၀ အထိ စားသုံးကြပြီး ရေသန့်ဘူး အသုံးပြုသူများသည် တစ်နှစ်လျှင် အမှုန် အမွှား ၉၀၀၀၀ ပိုမိုစားသုံးမိနိုင်သည်ဟုခန့်မှန်းရသည်။ မိုက်ခရိုပလတ်စတစ် အမှုန်အမွှားများသည် ရေဘူးများပြုလုပ် ခြင်း၊ သိမ်းဆည်းခြင်း၊ သယ်ယူပို့ဆောင် ခြင်းနှင့် သက်တမ်းတစ်လျှောက်ပြိုကွဲသွားခြင်းနှင့်အတူ ဖြစ်ပေါ်လာသည်။
ပလတ်စတစ်ရေဘူးများကို အရည်အသွေးနိမ့်ပလတ်စတစ်ဖြင့် မကြာခဏ ပြုလုပ်လေ့ရှိသောကြောင့် ကိုင်တွယ်တိုင်း၊ နေရောင်ခြည်နှင့် အပူချိန်အတက်အကျ များနှင့်ထိတွေ့တိုင်း သေးငယ်သောပလတ် စတစ်အပိုင်းအစများ ကွာကျသည်။ ထို့ပြင် အစားအစာကွင်းဆက်မှတစ်ဆင့် လူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သော တခြားပလတ် စတစ်အမှုန်အမွှားများနှင့်မတူဘဲ ရေသောက်ခြင်းဖြင့် တိုက်ရိုက်မျိုချမိနိုင်သည်။
မိုက်ခရိုပလတ်စတစ်အမှုန်အမွှားနှင့် ကျန်းမာရေးဆိုင်ရာ အကျိုးဆက်များ
သေးငယ်သောပလတ်စတစ်အမှုန် အမွှားများသည် ခန္ဓာကိုယ်အတွင်းသို့ရောက်ရှိသွားသည်နှင့် ဇီဝအတားအဆီး များကိုဖြတ်ကျော်ပြီး သွေးကြောထဲသို့ ဝင်ရောက်ကာ အရေးကြီးသောအင်္ဂါများ ထံ ပျံ့နှံ့ရောက်ရှိ နိုင်သောကြောင့် ပြင်းထန် သောကျန်းမာရေးဆိုင်ရာ အကျိုးဆက်များ ဖြစ်ပေါ်လာနိုင်သည်။ နာတာရှည်ရောင် ရမ်းခြင်း၊ ဆဲလ်များဓာတ်တိုးဖိစီးမှု၊ ဟော်မုန်းထုတ်လုပ်မှုပျက်စီးခြင်း၊ မျိုးပွားမှုချို့ယွင်းခြင်း၊ အာရုံကြောဆိုင်ရာပျက်စီးခြင်းနှင့် ကင်ဆာအမျိုးမျိုးကို ဖြစ်စေနိုင် သည်။ သွေးကြောများတွင် မိုက်ခရိုပလတ် စတစ်အမှုန်အမွှားများ စုပုံလာခြင်းသည် အဓိကနှလုံး သွေးကြောဆိုင်ရာဖြစ်ရပ်များနှင့် သေဆုံးနိုင်ခြေတိုးလာခြင်းတို့ ဆက်စပ်နေပြီး ဦးနှောက်တစ်သျှူးများတွင် မိုက်ခရိုပလတ်စတစ်အမှုန်အမွှားများ စုပုံခြင်းနှင့် အာရုံကြောဆိုင်ရာရောဂါများ ဆက်စပ်မှုရှိကြောင်း တွေ့ရသည်။ သုတေသီများသည် နာနိုနှင့်မိုက်ခရိုပလတ် စတစ်အမှုန်အမွှားများကို တိုင်းတာရန်နည်းလမ်းများစွာကို ဖော်ထုတ်ခဲ့ကြသည်။ သို့သော်ကျယ်ပြန့်သောစမ်းသပ်မှုနှင့်စံသတ်မှတ်ထားသောတိုင်းတာခြင်းနည်း လမ်းများမရှိခြင်းကြောင့် ရေရှည်အကျိုး သက်ရောက်မှုများကို အသေးစိတ်မဖော် ထုတ်နိုင်သေးကြောင်း တွေ့ရှိရသည်။
အကောင်းဆုံးကာကွယ်မှုဖြစ်သော ပညာပေးခြင်း
ပတ်ဝန်းကျင်မှ ပလတ်စတစ်စွန့်ပစ်ပစ္စည်းများကို ဖယ်ရှားခြင်းသည် အရေးကြီးသော ပထမခြေလှမ်းတစ်ခုဖြစ်သော်လည်း မလုံလောက်နိုင်ပေ။ မိုက်ခရိုပလတ် စတစ်အမှုန်အမွှားအဖြစ် အများဆုံးမှာ တစ်ခါသုံးပလတ်စတစ်အိတ်များ၊ ပိုက် များနှင့် ထုပ်ပိုးမှုများဖြစ်ကြောင်း၊ ချက် ချင်းအဆိပ်သင့်ခြင်းထက် ရေရှည်စုပုံခြင်း ကြောင့် နာတာရှည်အဆိပ်သင့်ခြင်းဖြစ်ကြောင်း သိရှိနားလည်ရန်အတွက် လူထု ၏အမြင်ကိုပြောင်းလဲရန် လိုအပ်သည်။ အဓိကအချက်မှာ ပလတ်စတစ်ရေဘူးများ သည် ကျွန်ုပ်တို့သောက်သုံးသောရေထဲသို့မမြင်ရသောအမှုန်အမွှားများကို အဆက်မပြတ်စွန့်ထုတ်နေသောကြောင့် အပူနှင့် ရိုးရှင်းသောရုပ်ပိုင်းဆိုင်ရာကိုင် တွယ်မှုကြောင့် ပိုမိုဆိုးရွားလာသည့်ဖြစ် စဉ်ကို နားလည်သဘောပေါက်ရန်လိုအပ် သည်။
လေ့လာမှု၏ အရေးကြီးသောတွေ့ရှိချက်များ
သိပ္ပံပညာရှင်များသည် မိုက်ခရိုပလတ် စတစ်အမှုန်အမွှားများ၏ အန္တရာယ်ရှိသော အကျိုးသက်ရောက်မှုများကို ဖော်ထုတ် နေဆဲဖြစ်ပြီး မျိုးပွားမှုပြဿနာများ၊ ကင်ဆာဖြစ်နိုင်ခြေ မြင့်တက်လာခြင်း၊ အသည်းအမာရွတ်ဖြစ်ခြင်းနှင့် ခန္ဓာကိုယ် အတွင်း သွေးစီးဆင်းမှုလျော့ကျခြင်းတို့နှင့် ဆက်စပ်နေကြောင်း တွေ့ရှိခဲ့သည်။ သမုဒ္ဒရာများတွင် မိုက်ခရိုပလတ်စတစ်အပိုင်းအစပေါင်း၂၄ ဒသမ ၄ ထရီလီယံ ခန့်ရှိပြီး အရေအတွက်မှာ ပိုမိုမြင့်မားနိုင် သည်။ နှစ်စဉ်ပလတ်စတစ်တန်ချိန် ၈ ဒသမ ၈ သန်းခန့်သည် သမုဒ္ဒရာထဲသို့ဝင် ရောက်နေသောကြောင့် အရေအတွက်မှာ မြင့်တက်လာဖွယ်ရှိသည်။ လေ့လာမှုတွင် ပူဖောင်းများတိုက်စားခြင်းဖြင့် သမုဒ္ဒရာ ထဲသို့ဝင်ရောက်လာသော မိုက်ခရိုပလတ် စတစ်များ ပိုမိုများပြားလာနိုင်ပြီး မိုက်ခရို ပလတ်စတစ်များ ပိုမိုပျံ့နှံ့စေနိုင်ကြောင်း မီးမောင်းထိုးပြထားသည်။ သိပ္ပံပညာရှင် များသည် အပူချိန်မြင့်မားသောအခါ ပူဖောင်းများဖြစ်ပေါ်မှုနှုန်း မြင့်မားလာသည်ကို မှတ်တမ်းတင်ခဲ့သည်။ လေ့လာမှု အရ အပူချိန်မြင့်မားသောအခါ ရေအမျိုး အစားအမျိုးမျိုးတွင် ရေပူဖောင်းသိပ်သည်း ဆများ အဆမတန်တိုးလာခြင်းကိုလည်း တွေ့ရှိမှတ်တမ်းတင်ခဲ့သည်။ အမျိုးသား သမုဒ္ဒရာနှင့် လေထုစီမံခန့်ခွဲရေးဌာန၏ အဆိုအရ ကမ္ဘာဂြိုဟ်သည် ၁၈၀၀ ပြည့် နှစ်များကတည်းက ၂ ဒီဂရီဖာရင်ဟိုက်ပူနွေးလာခဲ့သည်။ သမုဒ္ဒရာသည် ကမ္ဘာ ဂြိုဟ်၏ပိုလျှံသောအပူ၏ ၉၀ ရာခိုင်နှုန်း ကိုစုပ်ယူပြီး ပူဖောင်းများတိုက်စားခြင်းကြောင့် မိုက်ခရိုပလတ်စတစ်များဖြစ်ပေါ် လာစေရန် အခွင့်အလမ်းပိုမိုများပြားစေ သည်။ သုတေသနပြုချက်များအရ ပလတ် စတစ်သည် ရေနှင့်ထိတွေ့တိုင်း ပလတ် စတစ်မျက်နှာပြင်များပေါ်တွင် ဖြစ်ပေါ်လာသော လေပူဖောင်းများမှာ တိုက်စား ခြင်းနှင့် မမြင်ရသောမိုက်ခရိုပလတ်စတစ် အမှုန်အမွှားများ ထုတ်လွှတ်ခြင်းကို ဖြစ် စေကြောင်း ပြသထားသည်။
မိုက်ခရိုပလတ်စတစ်များနှင့်ပတ်သက်၍လုပ်ဆောင်ရန်အကြံပြုချက်များ
ပတ်ဝန်းကျင်မှ ပလတ်စတစ်စွန့်ပစ်ပစ္စည်းများကို ဖယ်ရှားခြင်းသည် အရေးကြီး သော ပထမခြေလှမ်းတစ်ခုဖြစ်သော် လည်း မလုံလောက်နိုင်ပေ။ Ocean Clean-up နှင့် Seabin အပါအဝင် အဖွဲ့တချို့သည် သမုဒ္ဒရာထဲမှ ပလတ်စတစ်များကို ဖယ်ရှား ရန် ကြိုးပမ်းလျက်ရှိသည်။ ပြန်လည် အသုံးပြုနိုင်သောရေဘူးများနှင့် ပြန်လည် အသုံးပြုနိုင်သော ကုန်စုံအိတ်များကို အသုံးပြုခြင်းဖြင့် လူတစ်ဦးချင်းစီ၏ ကိုယ်ပိုင်ပလတ်စတစ်အသုံးပြုမှုကို လျှော့ချရန်နှင့် ပတ်ဝန်းကျင်ထဲသို့ ဝင်ရောက်လာသော ပလတ်စတစ်ပမာဏကို လျှော့ချရန် ကူညီပေးနိုင်သည်။ အရေးပေါ်အခြေ အနေများတွင်သာ ပလတ်စတစ်ဘူးမှ ရေကိုသောက်သုံးရန်နှင့် နေ့စဉ်ဘဝ အတွက် ပြန်လည်အသုံးပြုနိုင်သော ဖန် သို့မဟုတ် သံမဏိပုလင်းများကိုအသုံးပြုရန် ကျွမ်းကျင်သူများက အကြံပြုထားကြသည်။
MWD
