ကျန်းမာရေး ကောင်းကျိုးများစွာရရှိနိုင်သည့် သခွားမွှေးသီး
Posted_Date
Image
Body
သခွားမွှေးသီး (Muskmelon)
အရည်ရွှမ်းပြီး အရသာရှိသည့် လူ ကြိုက်များသောအသီးများတွင် သခွားမွှေး သီးလည်းအပါအဝင်ဖြစ်သည်။ သခွားမွှေးသီးသည် သခွားသီး၊ ဖရဲသီး၊ ဖရုံသီးတို့နှင့် မျိုးနွယ်တူပြီး အရောင်နှင့်ပုံစံကွဲပြားကာ ကမ္ဘာတစ်ဝန်းတွင် သခွားမွှေးသီးအမျိုး အစားများစွာရှိသည်။ Cucurbitaceae မျိုးရင်းဝင် သခွားမွှေးသီး၏ အင်္ဂလိပ်အမည်မှာ Muskmelon ဖြစ်ပြီး ရုက္ခဗေဒ အမည်အားဖြင့် Cucumis Melo ဟုခေါ်သည်။
ရေဓာတ်ဖြည့်ပေးသောသခွားမွှေးသီး
အရည်ရွှမ်းသည့် သခွားမွှေးသီးသည် ရေဓာတ်ကို အပြည့်အဝဖြည့်တင်းပေး နိုင်သည်။ သခွားမွှေးသီးတွင် ပိုတက် ဆီယမ်၊ မဂ္ဂနီဆီယမ်တို့ပါဝင်ပြီး ရေဓာတ် ကိုထိန်းညှိပေးကာ ရေဓာတ်ခန်းခြောက် ခြင်းမှ ကာကွယ်ပေးသည်။
အသားအရေကိုကျန်းမာလှပနိုင်
သခွားမွှေးသီးတွင် ဗီတာမင်-A ပါဝင် မှုများသည့်အတွက် လွန်ကဲစွာမစားသင့် သော်လည်း သင့်တင့်မျှတစွာစားခြင်းဖြင့် အန္တရာယ်ကင်းသော အာဟာရဓာတ်များ ကိုရရှိစေပြီး အဖုအပိမ့်၊ ဝက်ခြံနှင့်အရေး အကြောင်းများကို သက်သာစေသည်။ သခွားမွှေးသီးတစ်ခွက်စာပမာဏကို စားရုံ ဖြင့် တစ်နေ့တာစားသင့်သည့် ဗီတာမင်- A ပမာဏ၏ ၁၀၀ ရာခိုင်နှုန်းကျော် ရရှိနိုင် သည်။ အရေပြားနှင့်ဆံကေသာကိုလည်း ကောင်းမွန်စေသည်။
အမြင်အာရုံကောင်းစေနိုင်
သခွားမွှေးသီးတွင် ပါဝင်သောအာဟာရ ဓာတ်များသည် အမြင်အာရုံကိုထိန်းပေး ကာ မျက်စိကိုကြည်လင်ကောင်းမွန်စေပြီး Beta-Carotene ဓာတ်က ခန္ဓာကိုယ် ထဲတွင် ဗီတာမင်- A အဖြစ် ပြောင်းလဲသွားနိုင်သောကြောင့် မျက်စိ၏လုပ်ငန်း ဆောင်တာများကို အားကောင်းစေသည်။
ကူးစက်ပိုးများကိုတွန်းလှန်နိုင်
သခွားမွှေးသီးတွင် ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးနိုင်သည့် ဗီတာမင်- A ပါဝင်ပြီး သွေးဖြူဥဆဲလ်များ ကြီးထွားဖွံ့ဖြိုးရန် ကူညီပေးသောကြောင့် ခန္ဓာကိုယ်ကို ရောဂါပိုးမွှားများ၏အန္တရာယ်မှ ကာကွယ် ပေးသည်။
သခွားမွှေးသီးကို ဖျော်ရည်အဖြစ် သောက်သုံးပါက ကလေးများ၏ကိုယ်ခံ စွမ်းအားစနစ်ကို အားကောင်းစေပြီး ဗိုင်းရပ်စ်များကို တွန်းလှန်ပေးသောကြောင့် ဖျားနာခြင်းမဖြစ်နိုင်ပေ။
နာတာရှည်ရောဂါများကိုကာကွယ်ပေးနိုင်
သခွားမွှေးသီးတွင် Caffeic Acid နှင့် Ellagic Acid ကဲ့သို့သော အရေးကြီးသည့် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ (Antioxi-dants) ကြွယ်ဝစွာပါရှိသည်။ ထို Antioxi-dants က ဆဲလ်များကို Free Radicals ဟုခေါ်သည့် အန္တရာယ်ရှိသောမော်လီကျူး များမှ ကာကွယ်ပေးရုံသာမက နှလုံး ရောဂါကဲ့သို့ နာတာရှည်ရောဂါများကိုလည်း ကာကွယ်ပေးနိုင်သည်။
သွားနှင့်သွားဖုံးကိုကျန်းမာစေနိုင်
သခွားမွှေးသီးတွင် ဗီတာမင်-C ပေါကြွယ်ဝစွာပါဝင်သောကြောင့် သွားနဲ့ခြင်း၊ သွားဖုံးမှသွေးထွက်ခြင်းကဲ့သို့ သွားနှင့် ပတ်သက်သော ဝေဒနာများကို သက်သာ ပျောက်ကင်းစေသည်။ သွားအတွင်း သွေးထွက်ခြင်းနှင့် သွားဖုံးပြည်တည်ခြင်း တို့အတွက် သခွားမွှေးသီးကိုစားပေးခြင်းဖြင့် သက်သာစေနိုင်သည်။
သွေးအားနည်းခြင်းမဖြစ်အောင်ကာကွယ်ပေးနိုင်
သခွားမွှေးသီးတွင် ဗီတာမင်-K (Phy-tonadione)၊ ဗီတာမင်-B6 (Pyridoxine)၊ ဗီတာမင်-B3 (Niacin)၊ အမျှင်ဓာတ်၊ မဂ္ဂနီဆီယမ်၊ ဗီတာမင်-B1 (Thiamine) တို့များစွာပါဝင်သောကြောင့် ဗီတာမင် B9 (Folate) နှင့် ဗီတာမင်-B12 (Cyano-cobalamin) ချို့တဲ့မှုကြောင့်ဖြစ်တတ်သည့် သွေးအားနည်းရောဂါကို ကာကွယ်ပေးသည်။ ဗီတာမင်-B9 (Folate) ဓာတ်ချို့တဲ့ပါက သွေးနီဥများ ပုံမှန်အရွယ် အစားထက် ကြီးမားများပြားခြင်းဖြစ် ပေါ်စေခြင်းကို သခွားမွှေးသီးစားပေးခြင်းဖြင့် ထိရောက်စွာ ကာကွယ်ပေးနိုင်သည်။
အနာကျက်မြန်စေနိုင်
သခွားမွှေးသီးတွင် အန္တရာယ်အကင်း ဆုံးနှင့် အထိရောက်ဆုံးအာဟာရဓာတ် တစ်မျိုးဖြစ်သည့် ဗီတာမင်-C ကြွယ်ဝမှု ကြောင့် ကော်လာဂျင်ဖြစ်ပေါ်မှုများစေပြီး အရေပြားနှင့်အမာရွတ်တစ်သျှူးများ ကို အားကောင်းစေသည်။
သွေးဖိအားကိုလျော့ကျစေနိုင်
သခွားမွှေးသီးတွင် ရေဓာတ်များစွာ ပါဝင်ပြီး ကယ်လိုရီပါဝင်မှုနည်းပါးသည့် အပြင် ငှက်ပျောသီးတွင်ပါဝင်သော ပိုတက် ဆီယမ်ဓာတ်နီးပါး ၁၄ ရာခိုင်နှုန်းခန့် ပါဝင်သောကြောင့် ခန္ဓာကိုယ်တွင်းမှ ဆိုဒီ ယမ်ဓာတ်ကိုလျော့ကျစေကာ သွေးဖိအား ကိုထိန်းချုပ်ပေးပြီး သွေးတိုးရောဂါကို လျှော့ချနိုင်သည်။ သခွားမွှေးသီး၏ သွေးဖိအားကို ထိန်းချုပ်ပေးနိုင်ခြင်းသည် ကင်ဆာဖြစ်ပွားမှုကိုပါ ကာကွယ်ပေးနိုင်သည်။ သွေးလည်ပတ်မှုကောင်းမွန်မှသာ ကိုလက်စထရောပမာဏကို လျှော့ချ ပေးနိုင်မည်ဖြစ်သည်။
ခြေထောက်ကြွက်တက်ခြင်းကိုကာကွယ်ပေးနိုင်
သခွားမွှေးသီးတွင်ပါဝင်သော ပိုတက် ဆီယမ်ဓာတ်သည် ကြွက်သားနှင့် နာဗ့် ကြောများကို အားကောင်းစေသောကြောင့် သခွားမွှေးသီးကို အသီးအတိုင်းဖြစ်စေ၊ ဖျော်ရည်ပြုလုပ်၍ဖြစ်စေ သောက်သုံးခြင်းဖြင့် ခြေထောက်ကြွက်တက်ခြင်းကို ကာကွယ်ပေးနိုင်သည်။
ခန္ဓာကိုယ်တွင် ပိုတက်ဆီယမ်ဓာတ် ချို့တဲ့ပါက ကြွက်သားအားနည်းခြင်းနှင့် ကြွက်တက်ခြင်းတို့ ဖြစ်ပေါ်စေနိုင်သည်။
ကိုယ်ဝန်ဆောင်များအတွက်အားကောင်းနိုင်
သခွားမွှေးသီးတွင် ဖောလစ်အက်စစ်ဟုခေါ်သည့် ဖောလိတ်ဓာတ် (Folate) များပြားစွာပါဝင်သောကြောင့် ကိုယ်ဝန် ဆောင်ချိန်အတွက် အထူးအရေးပါပြီး ကလေးမွေးဖွားရာတွင် လွယ်ကူစေသည်။ အထူးသဖြင့် မွေးဖွားလာမည့်ကလေး များ၏ နာဗ့်ကြောစနစ်ပြဿနာများကို လျော့ကျစေသည်။ ထို့ပြင် သခွားမွှေးသီး တွင် ဗီတာမင်-C ပါဝင်သောကြောင့် ကလေးနှင့်မိခင်ကို ကျန်းမာစေသည်။ ကလေးမွေးဖွားနှုန်းတိုးတက်စေရန် သခွားမွှေးသီးကို စားပေးသင့်ကြောင်း လေ့လာ မှုများအရ သိရသည်။
ရောင်ရမ်းမှုကိုလျှော့ချပေးနိုင်
သခွားမွှေးသီးတွင် ရောင်ရမ်းမှုကို လျှော့ချပေးနိုင်သော အစွမ်းသတ္တိများပါရှိ သည်။ ပြင်းထန်သောရောင်ရမ်းမှုသည် ခန္ဓာကိုယ်မှရောဂါပိုးများကို တိုက်ထုတ်ပြီး ပြန်လည်ကောင်းမွန်လာစေရန် ကူညီပေးသည့် ပုံမှန်ကိုယ်ခံအား တုံ့ပြန်မှုတစ်ခု ဖြစ်သော်လည်း နာတာရှည်ရောင်ရမ်း မှုသည် နှလုံးရောဂါ၊ ဆီးချိုရောဂါနှင့် ကင်ဆာကဲ့သို့သောရောဂါများကို ကြီးထွား စေနိုင်သည်။ သခွားမွှေးသီးက နှလုံးရောဂါ ကို ကာကွယ်ပေးနိုင်သည့်အပြင် ကင်ဆာရောဂါဖြစ်ပွားနိုင်ခြေကိုလည်း လျှော့ချပေးနိုင်သည်။
ရုတ်တရက်နှလုံးဖောက်ခြင်းကို ကာကွယ်ပေးနိုင်
သခွားမွှေးသီးတွင်ပါဝင်သည့် Adeno-sine ဓာတ်က သွေးကြောများပိတ်ခြင်း၊ သွေးဆဲလ်များ စီးဆင်းမှုကိုရပ်တန့်ခြင်းတို့ကြောင့် ရုတ်တရက်နှလုံးဖောက်ခြင်း (Heart Attack) ကို ကာကွယ်ပေးနိုင်သည်။
ကင်ဆာရောဂါကိုကာကွယ်ပေးနိုင်
သခွားမွှေးသီးတွင် Carotenoids ဓာတ် ပါဝင်သောကြောင့် ကင်ဆာရောဂါကို ကာကွယ်ပေးနိုင်ပြီး Carotenoids ပါဝင် မှုများသည့် အသီးအနှံများ၊ အစားအစာ များက အထူးသဖြင့် အဆုတ်ကင်ဆာနှင့် ရင်သားကင်ဆာကို ပိုပြီးကာကွယ်ပေးနိုင်သည်။ သခွားမွှေးသီးတွင် Antioxidants Flavoids ဓာတ်ပါဝင်သဖြင့် ဆဲလ်များ ကိုကာကွယ်ပေးနိုင်ပြီး Free Radical များကိုဖယ်ရှားပေးနိုင်သည်။
ဆီးလမ်းကြောင်းပိုးဝင်မှုမဖြစ်အောင် ကာကွယ်ပေးနိုင်
သခွားမွှေးသီးတွင် ရေဓာတ်ပါဝင်မှု မြင့်မားသည့်အတွက် ခန္ဓာကိုယ်တွင်းစနစ် မှ ဗက်တီးရီးယားများကို ဖယ်ထုတ်နိုင် သည့်အပြင် ဗီတာမင်- C ပါဝင်မှုများ သောကြောင့်လည်း ဆီးတွင်းရှိ အက်စစ် အဆင့်ကိုတိုးစေပြီး ဆီးလမ်းကြောင်းရှိပိုးမွှားများကို လျော့ကျစေသည်။
ကိုယ်ခံအားကိုမြှင့်တင်ပေးနိုင်
သခွားမွှေးသီးတွင် ဗီတာမင်-A၊ ဗီတာမင်-C နှင့် ဗီတာမင်-B တို့ ကြွယ်ဝ စွာပါဝင်သောကြောင့် ကိုယ်ခံအားကို မြှင့်တင်ပေးသည်။ သခွားမွှေးသီးသည် ကိုယ်ခံအားစနစ်အတွက် မရှိမဖြစ်လိုအပ် သော ဗီတာမင်-C ၏ အကောင်းဆုံးအရင်း အမြစ်ဖြစ်သည်။ ဗီတာမင်-C လုံလောက် စွာရရှိခြင်းသည် သာမန်အအေးမိခြင်း ကဲ့သို့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါများ၏ ပြင်းထန်မှုနှင့် ကြာချိန်ကို လျှော့ချပေးနိုင်သည်။
ဝမ်းချုပ်ခြင်းကိုကာကွယ်ပေးနိုင်
သခွားမွှေးသီးတွင် အမျှင်ဓာတ်ပေါ များစွာပါဝင်ခြင်းကြောင့် ပုံမှန်စားသုံးခြင်း ဖြင့် အစာကြေစေကာ ဝမ်းချုပ်ခြင်းကို ကာကွယ်ပေးပြီး အစာခြေစနစ်ကို ကောင်း မွန်စေသည်။
နာတာရှည်ရောဂါတချို့ကိုကင်းဝေးစေနိုင်
သခွားမွှေးသီးတွင် ဓာတ်တိုးဆန့်ကျင် ပစ္စည်းများ၊ ဘီတာကယ်ရိုတင်းနှင့် ဗီတာမင်-C တို့ ကြွယ်ဝစွာပါဝင်သော ကြောင့် နှလုံးရောဂါ၊ ကင်ဆာရောဂါကဲ့သို့ နာတာရှည်ရောဂါများ ကင်းဝေးစေသည်။
ကိုယ်အလေးချိန်ထိန်းသိမ်းပေးနိုင်
သခွားမွှေးသီးတွင် ရေဓာတ်ပါဝင်မှု မြင့်မားသောကြောင့် ရေဓာတ်လိုအပ်ချက် ကို ဖြည့်ဆည်းပေးနိုင်ပြီး ကိုယ်အလေးချိန် လျော့ကျစေနိုင်သည်။ သခွားမွှေးသီးသည် ကယ်လိုရီနှင့်အဆီဓာတ်ပါဝင်မှု နည်းပါးသောကြောင့် ကိုယ်အလေးချိန် ထိန်းသိမ်းရာတွင် အထောက်အကူဖြစ် စေသည့်အပြင် အမျှင်ဓာတ်ပါဝင်ခြင်း ကြောင့် အစားအစာစားသုံးမှုကို ကန့်သတ် နိုင်သည်။
သခွားမွှေးသီးများများမစားသင့်သူများ
သခွားမွှေးသီးတွင် သကြားဓာတ်နှင့် ကာဗိုဟိုက်ဒရိတ်ပါဝင်မှု များသည့်အတွက် ဆီးချိုဝေဒနာရှင်များအနေဖြင့် များများစားပါက ဆီးချိုတက်နိုင်သောကြောင့် ချင့်ချိန်၍သာစားသုံးသင့်သည်။
အချုပ်အားဖြင့်ဆိုရသော် သခွားမွှေး သီးသည် အင်ဆူလင်ဓာတ်ကိုညီမျှစေခြင်း၊ ခုခံအားစနစ်ကိုကောင်းစေပြီး ကင်ဆာရောဂါကိုကာကွယ်ပေးနိုင်ခြင်း၊ ကျောက် ကပ်နှင့်ပတ်သက်သည့် ရောဂါများကို ကာကွယ်ပေးခြင်း၊ မျက်စိကိုကျန်းမာ စေခြင်း၊ စိတ်ဖိစီးမှုနှင့်စိတ်ပူပန်မှုကို သက်သာစေနိုင်ခြင်း၊ အဆစ်အမျက်ရောင် ရမ်းမှုများကို သက်သာစေခြင်း၊ အဆိပ်အတောက်များကိုပြယ်စေပြီး အရွယ်မတိုင်မီ အိုမင်းရင့်ရော်ခြင်းများကို သက် သာစေနိုင်ခြင်း စသည်တို့ကြောင့် စားသုံးပေးသင့်ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။
MWD
