ဆေးလိပ် ဆေးရွက်ကြီးနှင့် နီကိုတင်းစွဲလမ်းမှုပြဿနာ

Posted_Date

Image

ဆေးလိပ် ဆေးရွက်ကြီးနှင့် နီကိုတင်းစွဲလမ်းမှုပြဿနာ

Body

     ဆေးလိပ်၊ ဆေးရွက်ကြီး၊ ကွမ်း၊ ဆေးငုံခြင်းများ ကို စွဲလမ်းကြရသည့် အကြောင်းရင်းသည် ဆေးရွက် ကြီးတွင်ပါရှိသော  နီကိုတင်းဓာတ်၏   အာနိသင် ကြောင့်ဖြစ်သည်။ မြန်မာနိုင်ငံ၌ ဆေးလိပ်သောက် ခြင်းနှင့် ကွမ်းစားခြင်းတို့ လျော့နည်းပပျောက်ရေး၊ ယင်းနှင့်ဆက်စပ်သည့်ရောဂါများ ဖြစ်ပွားမှုလျှော့ချ နိုင်ရေး စသည်တို့အတွက် ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း  သောက်သုံးမှု ထိန်းချုပ်ရေးဥပဒေကို ၂၀၀၆ ခုနှစ်က ပြဋ္ဌာန်းခဲ့သည်။ ယင်းဥပဒေအရ ဆေးလိပ်ဘူးများတွင် ဆေးလိပ်သောက်ခြင်းကြောင့် ကျန်းမာရေးဆိုးရွားစွာ ထိခိုက်စေနိုင်ကြောင်း သတိပေး စာတန်း၊ အဆုတ်နှင့် ပါးစောင်တို့တွင် ကင်ဆာရောဂါ ဖြစ်ပွားပုံများ ဖော်ပြထားသည်။ နိုင်ငံပိုင်သတင်းစာ များ၊ ရုပ်မြင်သံကြားနှင့်   ရေဒီယိုစသည့် သတင်း မီဒီယာများမှ သတိပေးနှိုးဆော်ထားသည့်အတွက် ပြည်သူလူထုအကြား နီကိုတင်းအဆိပ်ဆိုးကျိုးများ ကို အထိုက်အလျောက် အသိပညာ၀င်ရောက်နေကြ ပြီဖြစ်သော်လည်း စွဲလမ်းမှုကို ဖြတ်တောက်မရဖြစ် နေကြသည်။ 

မြန်မာနိုင်ငံတွင်    မကူးစက်နိုင်သောရောဂါများ ဖြစ်ပွားရခြင်း အကြောင်းရင်းများအနက် ဆေးလိပ် (စီးကရက်သောက်ခြင်း)၊ ကွမ်း(ဆေးရွက်ကြီးငုံခြင်း) တို့မှာ အဓိကအကြောင်းရင်းများဖြစ်သည်။ ပညာရှင် များ၏ လေ့လာဆန်းစစ်မှုမှတ်တမ်းများအရ   မြန်မာနိုင်ငံတွင် လူ ၁၀၀ လျှင် ပျမ်းမျှ ၂၆ ဦးကျော်က ဆေးလိပ်သောက်ကြပြီး ၄၃ ဦးက ဆေးပါသည့်ကွမ်း ကို စားနေကြကြောင်း၊ ဆေးလိပ်သောက်၊ ကွမ်းစားကြရာတွင် အမျိုးသားများသာမက အမျိုးသမီးများ လည်း ပါ၀င်နေကြောင်း တွေ့ရသည်။ 

နီကိုတင်း သို့မဟုတ် အဆိပ်ငွေ့

    နီကိုတင်းဆိုသည်မှာ ဓာတုဒြပ်ပေါင်းတစ်မျိုးဖြစ် ပြီး နီကိုတင်းဓာတ်သည် ခန္ဓာကိုယ်အတွင်း နာရီ ၂၀ ကြာသည်အထိ   အာနိသင်မပြယ်ဘဲရှိနေတတ်ပြီး ယင်းဓာတ်၀င်ရောက်မှုပမာဏ၏ ရာခိုင်နှုန်းအနည်း ငယ်ကိုသာ ဆီးအဖြစ် ကျောက်ကပ်က အဆိပ်ဖယ်ရှား နိုင်သည်။ မိမိကိုယ်တိုင်  ဆေးလိပ်မသောက်သော် လည်း    တစ်ဆင့်ခံဆေးလိပ်ငွေ့ကြောင့်   နီကိုတင်း အဆိပ်သင့်နိုင်သည်။  ဆေးလိပ်ငွေ့ထဲတွင်  ကင်ဆာရောဂါဖြစ်စေနိုင်သည့် ဓာတုပစ္စည်း ၅၀ ကျော်နှင့် တခြားဓာတ်ပစ္စည်းအမျိုးပေါင်း ၄၀၀၀ ကျော်ပါ၀င် သည်။  ရာပေါင်းများစွာသောပစ္စည်းများသည် အဆိပ်အတောက်ဖြစ်စေပြီး ၇၀ ခန့်မှာ ကင်ဆာရောဂါဖြစ်စေနိုင်သည်။ ရုံးခန်း၊ အိမ်ခန်း၊ အိမ်စီးကားများအတွင်း ဆေးလိပ်သောက်ပါက ဆေးလိပ်မှုန်များသည် ကြမ်းပြင်၊ ကြမ်းခင်း၊ ကော်ဇော၊ ဆိုဖာဆက်တီ၊ ဗီရို စသည်တို့ပေါ်တွင်   စွဲတင်ကျန်နေပြီး  နီကိုတင်း ဓာတ်မှာ ရက်ပေါင်းများစွာ တည်ရှိနေသည်။ လေလုံ သည့် အခန်းတစ်ခုထဲတွင် ဆေးလိပ်ငွေ့၏ အကြွင်း အကျန်များမှာ ငါးနာရီခန့်ကြာသည်အထိ ရှိနေတတ် သည်။ ကျန်းမာရေးအတွက် လွန်စွာအန္တရာယ်များပြီး  ယင်းပြဿနာကို Third  Hand Smoke   ဟုခေါ်သည်။

နီကိုတင်းဆိုးကျိုးများ

    နီကိုတင်းဓာတ်သည် လူကိုစွဲလမ်းစေတတ်သော ဂုဏ်သတ္တိရှိပြီး  စိတ်ကိုပါ ပြောင်းလဲစေတတ်သည်။   လေ့လာမှုမှတ်တမ်းများအရ နီကိုတင်းစွဲလမ်းမှုသည် အရက်စွဲလမ်းမှုထက် ၆ ဆမှ ၈ ဆအထိ ပိုကြောင်း သိရသည်။ ထို့ကြောင့် နီကိုတင်းကို  သုံးစွဲမိသွားသူ များမှာ  ၉၅   ရာခိုင်နှုန်းမှ  ၁၀၀  ရာခိုင်နှုန်းအထိ ဖြစ်သွားကြသည်။      ဆေးလိပ်ထဲတွင်ပါရှိသော နီကိုတင်းဓာတ်သည်      ကောင်းစွာအိပ်စက်မှုကို နှောင့်ယှက်ရုံသာမက အဆုတ်ထဲရောက်သွားသော နီကိုတင်းအဆိပ်ဓာတ်တို့သည်     အိပ်ပျော်နေစဉ် အသက်ရှူလမ်းကြောင်းကို   အဟန့်အတားဖြစ်စေ သည်။ ထိုမျှမက နှလုံးသွေးကြောကျဉ်း၊ သွေးကြော ပိတ်၊ လေဖြတ်၊ အဆုတ်ပြွန်ရောင်၊ အဆုတ်ပွ၊ သွေး တိုး၊ ခြေပုပ်လက်ပုပ်၊ ပန်းသေပန်းညှိုး၊ ပါကင်ဆန် (ခေါ်) ခြေတုံလက်တုံရောဂါ၊ အယ်လ်ဇိုင်းမား (ခေါ်) ဦးနှောက်ဇရာကြိုရောဂါ၊ အူရောင်ရောဂါ၊ သတိမေ့လျော့ခြင်း၊   စိတ်ကျရောဂါ၊  အဝလွန်ခြင်း၊ အဆစ် အမျက်ရောင်နာ   စသည့်ရောဂါများစွာ   ခံစားရနိုင် သည်။ နီကိုတင်းဓာတ်ကြောင့် ခံတွင်း၊ ဆီး၊ ချွေးနံ့ဆိုးများထွက်စေသည်။       ကိုယ်၀န်ဆောင်များကိုယ်တိုင်ဆေးလိပ်သောက်၍ဖြစ်စေ၊   ကိုယ်၀န်ဆောင်စဉ် Second Hand Smoke အဖြစ် နီကိုတင်း ဓာတ်ကို   မကြာခဏရှူရှိုက်မိ၍ဖြစ်စေ   မိခင်ရော သန္ဓေသားပါ ဆိုးကျိုးများစွာ ခံစားရနိုင်သည်။

နီကိုတင်းစွဲလမ်းခြင်း ပုံစံသစ်များ

    တစ်ကမ္ဘာလုံးတွင် ဆေးလိပ်၊ ဆေးရွက်ကြီးသုံးစွဲမှု ထိန်းချုပ်လျှော့ချနိုင်ရန် အရှိန်အဟုန်မြှင့် ကြိုးပမ်း လာသောအခါ စီးပွားရေးလုပ်ငန်းရှင်တချို့က လူကို စွဲလမ်းစေသည့် နီကိုတင်းကို တခြားနည်းလမ်းများ ဖြင့်   သုံးစွဲမှုပျံ့နှံ့လာစေရန်  ကြိုးပမ်းလာကြသည်။ အီးစီးကရက်နှင့်  အီလက်ထရောနစ်သုံး အငွေ့ရှူ ကိရိယာများသာမက ရေပြောင်း (water pipe) နှင့် Shisha  ကဲ့သို့သော    အငွေ့ရှူကိရိယာများသည်   နီကိုတင်း၏ ပုံစံသစ်များဖြစ်သည်။    နီကိုတင်းကို အီလက်ထရောနစ်နည်းဖြင့်  သုံးစွဲသည့် ပုံစံပြောင်း သွားပြီး ခေတ်မီစတိုင်ကျသည့် ပုံစံအဖြစ် လူငယ်ထု အတွင်း ထိုးဖောက်၀င်ရောက်လာသည်။ နီကိုတင်း သာမက   တခြားဓာတုပစ္စည်းများ၊  အနံ့၊  အရသာများဖြင့်   ထုတ်လုပ်ထားသည့်    အီးစီးကရက်အမျိုးမျိုးတို့ကို    စျေးကွက်ထဲတွင်   ကျယ်ကျယ်ပြန့်ပြန့်၀ယ်ယူသုံးစွဲနေကြသည်။ တရုတ်၊ မလေးရှား၊ ဂျပန်၊ ဗြိတိန်၊ အမေရိကန်နိုင်ငံတို့မှထုတ်လုပ်သည့် အီးစီးကရက်တို့ကို    စျေးကြီးကြီးပေး၀ယ်ကာ စတိုင်ထုတ်သုံးစွဲခြင်းဖြင့်   ခေတ်မီသည်၊  အဆင့်အတန်းရှိသည်ဟု အတွေးမှား၊ အမြင်မှားနေကြခြင်း မှာ ငွေကိုမီးရှို့၍ မိမိကိုယ်ကို အသက်တိုစေခြင်းသာ ဖြစ်ပေသည်။ 

နီကိုတင်း အဆိပ်ဖြေနည်း

ဆေးလိပ်၊  ဆေးရွက်ကြီးမှ   နီကိုတင်းဓာတ်က လူ့သက်တမ်းကို    တိုစေနိုင်ကြောင်း  ကျန်းမာရေး အသိရှိနေကြသော်လည်း    လူအများစုက  ဖြတ်တောက်ရန် ခက်ခဲနေကြသည်။ ထို့ကြောင့် နီကိုတင်း အဆိပ်များပြေပျောက်စေမည့်    အောက်ဖော်ပြပါ အစားအစာများကို စားသုံးနိုင်သည်။

-       လက်ဖက်ခြောက်ခတ်ထားသော    ရေနွေးပူပူ၊ ပူရှိန်းဓာတ်ပါသော ပီကေ သို့မဟုတ် အချိုဓာတ် လျော့သော ပူရှိန်းသကြားလုံးများ၊ ပူရှိန်းငုံဆေးပြားများက ဆေးလိပ်သောက်ချင်စိတ်ကို ချိုးနှိမ်ကာ ခံတွင်းချဉ်ခြင်းမှလည်း သက်သာစေ သည်။ 

-          ရေများများသောက်သင့်သည်။

-          ဆေးလိပ်ဖြတ်ခြင်းကို အထောက်အကူပြုသည့် Bupropion (Zyban) နှင့် Varenicline (Chantix) စသည့်ဆေးဝါးများ မှီဝဲသောက်သုံးနိုင်သည်။

-          မုန်လာဥနီက ဆေးလိပ်သောက်သုံးသူများနှင့် ရှူရှိုက်မိသူများအတွက် နီကိုတင်းအဆိပ်ငွေ့ ဖြေလျှော့ပေးနိုင်သည်။

-          ပန်းဂေါ်ဖီစိမ်း၊ ပန်းဂေါ်ဖီ၊ ဂေါ်ဖီထုပ်၊ လိမ္မော်သီး၊ ကီဝီသီး၊  ပန်းသီး၊ တလည်းသီး၊   သံပရာသီး၊ ဘယ်ရီသီးအမျိုးမျိုး၊   ပူဒီနာရွက်၊  ကိုက်လန်၊ 

ချင်း၊ နနွင်း၊ ကြက်သွန်ဖြူ၊ လက်ဖက်နှင့် ဟင်းနု နယ်ရွက် စသည်တို့ကလည်း ခန္ဓာကိုယ်တွင်းရှိ နီကိုတင်းအဆိပ်အတောက်များကို ဖယ်ရှားပေးနိုင်သည်။

အချုပ်အားဖြင့်ဆိုသော်  ဆေးလိပ်ဖြတ်သူတစ်ဦး အနေဖြင့် ၁၂ နာရီအတွင်း သွေးထဲတွင် ကာဗွန်မို နောက်ဆိုဒ်ပမာဏ   ပုံမှန်ဖြစ်သွားပြီး   နှစ်ပတ်မှ ၁၂ ပတ်အကြာတွင် အဆုတ်၏ လုပ်ဆောင်မှုများ တိုးတက်လာမည်ဖြစ်သည်။ ထို့ပြင် တစ်နှစ်မှ လေးနှစ်အတွင်း သေဆုံးနိုင်ခြေကို ထက်ဝက်မျှလျှော့ချ

နိုင်မည်ဖြစ်သည်။ ဆေးလိပ်သောက်သုံးခြင်းကြောင့် ကမ္ဘာပေါ်တွင် နှစ်စဉ် လူဦးရေရှစ်သန်းမျှ အရွယ်မတိုင်မီ  သေဆုံးကြကြောင်း  လေ့လာတွေ့ရှိရသည့်အတွက်   မိမိနှင့်တကွ မိမိနှင့်  အနီးဆုံးလူများကို နီကိုတင်းအဆိပ်သင့်ရောဂါဆိုးများ ကျရောက်လာ နိုင်သည်ဟူသော    ကျန်းမာရေးအသိတရားဖြင့် ဆင်ခြင်ကြရန် လိုအပ်သည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ အဆိုအရ ကိုဗစ်-၁၉   ရောဂါလူနာများ    ရောဂါလက္ခဏာ ပြင်းထန်စွာခံစားရခြင်းနှင့်   သေဆုံးမှုမြင့်တက်ခြင်းတို့သည်  ဆေးလိပ်၊ ဆေးရွက်ကြီး သောက်သုံးခြင်းနှင့် ဆက်စပ်မှုရှိသည်ဟု သိရသည်။ နီကိုတင်းအဆိပ်က နှလုံးနှင့် အဆုတ်ရောဂါဖြစ်နိုင်ခြေကို မြင့်တက်စေ သောကြောင့် ဆေးလိပ်ဖြတ်ရန် အကြံပြုရေးသား လိုက်ရပါသည်။

MWD