အမေရိကန်သည် စစ်အတွက် ကြိုတင်ပြင်ဆင်ထားရမည်ဟု စစ်မက်ရေးရာ ဝန်ကြီး ဆို
အမေရိကန်သည် စစ်အတွက် ကြိုတင်ပြင်ဆင်ထားရမည်ဟု စစ်မက်ရေးရာဝန်ကြီး Pete Hegseth က စစ်ဘက်ဆိုင်ရာ အဆင့်မြင့် အရာရှိ ကြီးများအစည်းအဝေးတွင် ပြောကြားခဲ့သည်။ ၎င်းက ယင်းကိစ္စသည် အလွန်အရေးကြီးသော ကိစ္စရပ်ဖြစ်ကြောင်း ပြောကြားခဲ့သော်လည်း အနာဂတ်တွင် အမေရိကန်နှင့် ရင်ဆိုင်နိုင်သည့် သီးသန့်ရန်သူများကိုမူ မဖော်ပြခဲ့ပေ။
ပင်တဂွန်သည် မကြာသေးမီက ပေါ်လစီဆိုင်ရာ အကြီးစား ပြန်လည် သုံးသပ်ချက် နှစ်ရပ်ကို ပြီးဆုံးခဲ့သည်။ ၎င်းတို့အနက်မှ တစ်ခုမှာ အမျိုးသား ကာကွယ်ရေး ဗျူဟာအသစ်တစ်ခု ဖြစ်ပြီး ၎င်းသည် ဦးစားပေးမှုများကို တရုတ်ထံမှ ပြည်တွင်းလုံခြုံရေးနှင့် အနောက်ကမ္ဘာခြမ်းဆီသို့ ပြောင်းလဲ ထားသည်။
"ငြိမ်းချမ်းရေးအား သေချာစေရန်အတွက် မိမိတို့အနေဖြင့် စစ်အတွက် ပြင်ဆင်ထားရမည်" ဟု Hegseth က ဗာဂျီးနီးယားပြည်နယ်၊ ကွန်တီကို ရှိ မရိန်းတပ်စခန်းတစ်ခုတွင် အင်္ဂါနေ့ (စက်တင်ဘာ ၃၀) က ကျင်းပသည့် ရာနှင့်ချီသော အမေရိကန် ဗိုလ်ချုပ်ကြီးများနှင့် ရေတပ်ဗိုလ်ချုပ်ကြီးများ ပါဝင်တက်ရောက်ခဲ့သော အစည်းအဝေးတွင် ပြောကြားခဲ့သည်။ ၎င်းက "ငြိမ်းချမ်းရေးဝါဒသည် ရိုးသားပြီး အန္တရာယ်ရှိသည်" ဟုလည်း ဆိုခဲ့သည်။
စစ်မက်ရေးရာဝန်ကြီးက အမေရိကန်စစ်တပ်သည် တပ်ဖွဲ့ဝင်များ၊ လက်နက် များနှင့် ခဲယမ်းများ ပိုမိုလိုအပ်နေသည်ဟု ပြောကြားခဲ့သည်။ ၎င်းက ခြိမ်းခြောက်မှုများ တိုးပွားလာသည်ဟု ဆိုကာ "ဤသည်မှာ ပိုမို အလေးထား ဆောင်ရွက်ရမည့် အရေးကြီးအချိန်အခါတစ်ခုဖြစ်သည်" ဟု ဖော်ပြ ပြောကြားခဲ့သည်။ တရုတ်ကိုဟန့်တားရန် လိုအပ်ချက်ထက်ပိုမိုသော သီးသန့်အချက်များကို Hegseth က မဖော်ပြခဲ့ပေ။ ထို့အပြင် အမေရိကန် စစ်တပ်အား "ရန်သူများကို စိတ်ဓာတ်စစ်ဆင်ရေး လုပ်ဆောင်နိုင်စွမ်း ၊ ဖမ်းဆီးချုပ်နှောင်ခြင်းနှင့် ချေမှုန်းခြင်းတို့ ပြုလုပ်နိုင်မည့် စည်းမျဉ်းများကို တိုးမြှင့်ပေးသွားမည်ဟုလည်း ၎င်းက ကြေညာခဲ့သည်။
၎င်း၏ပြောကြားချက်များသည် “အမေရိကန်သည် စစ်အတွက် အဆင်သင့် ပြင်ဆင်ထားရမည်" ဟု အစည်းအဝေးသို့ ပြောကြားခဲ့သည့် ပူးတွဲ စစ် ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဒန်ကိန်း၏ စကားကို ထပ်လောင်း ပြောကြား ခဲ့ခြင်းဖြစ်သည်။ မျှော်လင့်မထားသော ကမ္ဘာလုံးဆိုင်ရာ ပဋိပက္ခများ မြင့်တက်လာနေမှုကိုလည်း ၎င်းက ဖော်ပြခဲ့သည်။
လွန်ခဲ့သည့်လက သမ္မတ ဒေါ်နယ်ထရမ့်သည် ကာကွယ်ရေးဌာနကို စစ်မက်ရေးရာဌာနဟူ၍ အမည်ပြောင်းလိုက်သည်။ Hegseth ကစစ်တိုက်ခြင်းသည် ၎င်း၏တစ်ခုတည်းသော မစ်ရှင်ဖြစ်လိမ့်မည်ဟု အင်္ဂါနေ့ (စက်တင်ဘာ ၃၀) တွင် ပြောကြားခဲ့ပြီး အဆိုပါ ကြေညာချက် များသည် ပင်တဂွန်မှ Coyote ဒုံးပစ်စနစ်အတွက် လက်နက် ထုတ်လုပ်ရေး ကုမ္ပဏီ Raytheon အား မကြုံစဖူး ဘတ်ဂျက်တိုးမြှင့်မှုအတွင်း ဒေါ်လာ ၅ ဘီလီယံ စာချုပ်ချုပ်ဆိုပေးခဲ့သည်။
အိမ်ဖြူတော်၏ ၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် ကာကွယ်ရေး ဘတ်ဂျက် တောင်းဆိုမှုမှာ ၁.၀၁ ထရီလီယံဒေါ်လာရှိပြီး ယခင်နှစ်ထက် ၁၃.၄% တိုးလာခြင်းဖြစ်သည်။ ယခင်က Wall Street Journal သတင်းစာက ပင်တဂွန်သည် ဒုံးကျည်ထုတ်လုပ်မှုကို "နှစ်ဆ သို့မဟုတ် လေးဆ" တိုးမြှင့်ရန် ကြိုးပမ်းနေကြောင်း သတင်းဖော်ပြခဲ့သည်။ အဆိုပါ သတင်း သည် တရုတ်နှင့် ပဋိပက္ခဖြစ်နိုင်ခြေအတွက် အလားအလာရှိသော ပြင်ဆင်မှုများနှင့် ဆက်စပ်နေသည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂
MM-News-Category
