လက်ဘနွန်တောင်ပိုင်းရှိ အစ္စရေးတပ်ဖွဲ့များကို သုံးကြိမ်တိုင်တိုင် တိုက်ခိုက်ခဲ့ကြောင်း ဟစ်ဇဘိုလာအဖွဲ့ သတင်းထုတ်ပြန်
တနင်္လာနေ့ (မေ ၁၁) က လက်ဘနွန်တောင်ပိုင်းရှိနေရာနှစ်ခုမှ အစ္စရေး တပ်ဖွဲ့များကို သုံးကြိမ်တိုင်တိုင် တိုက်ခိုက်ခဲ့ကြောင်း ဟစ်ဇဘိုလာ အဖွဲ့က ပြောကြားခဲ့သည်။ အဆိုပါတိုက်ခိုက်မှုများသည် ပြီးခဲ့သည့်လက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ကြေညာခဲ့သည့် အပစ်အခတ်ရပ်စဲရေးအပေါ် ဖိအားများ ပိုမိုသက်ရောက်စေခဲ့သည်။
လက်ဘနွန်လက်နက်ကိုင်အဖွဲ့ဖြစ်သော ဟစ်ဇဘိုလာ၏ထုတ်ပြန်ချက်အရ တနင်္လာနေ့ (မေ ၁၁) နံနက်ပိုင်းတွင် တိုင်ဟာဖာ (Tayr Harfa) မြို့ ရှိ အစ္စရေးစစ်သုံးယာဉ်များနှင့် စစ်သားများကို ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်းသိရှိရသည်။ ထိုတိုက်ခိုက်မှုကြောင့် အခင်းဖြစ်ပွားရာနေရာရှိ လောင်စာဆီ တင်ယာဉ်တစ်စီး မီးလောင်ပျက်စီးခဲ့သည်ဟုလည်း ဆိုသည်။
ယင်းနောက် သုံးနာရီအကြာတွင် အဆိုပါမြို့ရှိ အစ္စရေးတပ်စခန်းတစ်ခုကို နောက်ထပ်ဒရုန်းတစ်စင်းဖြင့် ထပ်မံတိုက်ခိုက်ခဲ့ပြီး အစ္စရေးစစ်သုံး Humvee ကားတစ်စီးကို ပစ်မှတ်ထားခဲ့ခြင်းဖြစ်ကြောင်း ဟစ်ဇဘိုလာ က ပြောကြားခဲ့သည်။ ထိုနေ့ မွန်းလွဲပိုင်းတွင်လည်း ဒီယာဆာယန် (Deir Seryan) မြစ်ကမ်းအနီးရှိ အစ္စရေးစစ်သားများ စုဝေးနေသည့်နေရာကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
လက်ဘနွန်တောင်ပိုင်းရှိ အစ္စရေးတပ်ဖွဲ့များကို ဟစ်ဇဘိုလာဘက်မှ ရော့ကက်များနှင့် ဒရုန်းများစွာဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း အစ္စရေး ကာကွယ်ရေးတပ်ဖွဲ့ (IDF) က အတည်ပြုခဲ့သည်။ တနင်္ဂနွေနေ့ (မေ ၁၀) က လက်ဘနွန်နယ်စပ်အနီး ဒရုန်းဖြင့် တိုက်ခိုက်ခံရမှုကြောင့် အစ္စရေး စစ်သား တစ်ဦး သေဆုံးခဲ့ပြီးနောက် ယခုကဲ့သို့ ထပ်မံတိုက်ခိုက်ခံခဲ့ရခြင်း ဖြစ်သည်။
ကိုးကား- CNN
Photo: aa.com.tr
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး
