ဂျာမနီနှင့် ယူကရိန်းတို့ နက်ရှိုင်းစွာထိုးစစ်ဆင်နိုင်သည့် ဒရုန်း နည်းပညာများ ပူးတွဲဖော်ဆောင်မည်
ဂျာမနီကာကွယ်ရေးဝန်ကြီး Boris Pistorius ၏ ကိယက်ဗ်မြို့သို့ ကြေညာခြင်းမရှိဘဲ သွားရောက်ခဲ့သည့်ခရီးစဉ်အတွင်း ဂျာမနီနှင့် ယူကရိန်း တို့သည် ရုရှားနိုင်ငံအတွင်းပိုင်းအထိ နက်ရှိုင်းစွာ ထိုးစစ်ဆင်နိုင်သော (Deep Strike) တာဝေးပစ် ဒရုန်းစနစ်များကို ပူးတွဲ ဖော်ဆောင်သွားမည်ဖြစ်ကြောင်း သိရှိရသည်။ အဆိုပါ ပူးပေါင်းဆောင်ရွက်မှုကို “Brave Germany” အစီအစဉ်အောက်တွင် လုပ်ဆောင်သွားမည်ဖြစ်ပြီး အဆင့်မြင့်နည်းပညာများဖြင့် ဆန်းသစ်တီထွင်မှုလုပ်ငန်းသစ် (Startups) များကို အဓိကပံ့ပိုးပေးသွားမည်ဖြစ်သည်။
၂၀၂၂ ခုနှစ်မှ ၂၀၂၆ ခုနှစ်အစောပိုင်းအထိ ယူကရိန်းအတွက် ယူရို ၂၀ ဘီလီယံခန့် သုံးစွဲခဲ့သော ဂျာမနီသည် လက်ရှိတွင် အမေရိကန်၏ လက်နက်ထောက်ပံ့ရေးမူဝါဒ ပြောင်းလဲမှုကြောင့် ယူကရိန်းအတွက် အကြီးဆုံးသော တစ်နိုင်ငံချင်းစစ်ရေးအလှူရှင် ဖြစ်လာခဲ့သည်။
သို့သော် အဆိုပါ ပူးပေါင်းဆောင်ရွက်မှုများကြားတွင် စိန်ခေါ်မှုများနှင့် စွပ်စွဲချက်များလည်း ထွက်ပေါ်လျက်ရှိသည်။ ယူကရိန်း၏ အဓိက ဒရုန်း ထုတ်လုပ်ရေးကုမ္ပဏီတစ်ခုဖြစ်သော Fire Point သည် သမ္မတ ဇီလန်စကီး ၏ လူယုံများနှင့်ဆက်နွှယ်နေသည့် ဒေါ်လာသန်း ၁၀၀ အဂတိလိုက်စားမှု အရှုပ်တော်ပုံများတွင် ပါဝင်ပတ်သက်နေသည်။
တစ်ဖက်တွင်လည်း ရုရှားနိုင်ငံက ၎င်းတို့၏နယ်မြေအတွင်းပိုင်းအထိ ဒရုန်းများဖြင့် တိုက်ခိုက်ခြင်းကို အကြမ်းဖက်မှုဟု တုံ့ပြန်စွပ်စွဲထားပြီး နေတိုး (NATO) နိုင်ငံများအပေါ် ကျူးကျော်ရန်အစီအစဉ်မရှိကြောင်းပြောကြားထားသည်။ ထို့ပြင် ဂျာမနီနှင့်အီးယူတို့၏ စစ်ရေးပြင်ဆင်မှုများအပေါ် မော်စကိုက ပြင်းထန်စွာဝေဖန်ကန့်ကွက်မှုများ ပြုလုပ်လျက်ရှိသည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး
