အမေရိကန်မှ သဘာဝဓာတ်ငွေ့ကို ဥရောပသမဂ္ဂက Chanel ရေမွှေး ဈေးနှုန်းများဖြင့် ဝယ်ယူနေရဟု ရုရှားလွှတ်တော် ဥက္ကဋ္ဌဆို
ဥရောပသမဂ္ဂသည် အမေရိကန်မှ တင်သွင်းသော သဘာဝဓာတ်ငွေ့ရည် (LNG) များအတွက် ဈေးနှုန်းကြီးမြင့်စွာပေးသွင်းနေရပြီး၊ ဈေးသက်သာသည့် ရုရှားမှ ဓာတ်ငွေ့ထောက်ပံ့မှုများကို ငြင်းပယ်ထားကြောင်း ရုရှားဒူးမား လွှတ်တော်ဥက္ကဋ္ဌ Vyacheslav Volodin က ပြောကြားခဲ့ပြီး ယင်း အခြေအနေသည် ဥရောပ၏ စီးပွားရေးကို ထိခိုက်ပျက်စီးစေသည်ဟု ၎င်းက ဆိုသည်။
ကြာသပတေးနေ့ (အောက်တိုဘာ ၂၃) က ကျင်းပခဲ့သော လွှတ်တော် ဘဏ္ဍာရေးဆိုင်ရာ အစည်းအဝေးတစ်ခုတွင် ပြောကြားစဉ် Volodin က အမေရိကန် LNG ကို နာမည်ကြီးရေမွှေးနှင့် နှိုင်းယှဉ်ကာ ဥရောပ အစိုးရ များသည် စွမ်းအင်အတွက်ငွေပေးချေနေရပုံမှာ မရှိမဖြစ် လိုအပ်ချက်တစ်ခုထက် ခေတ်စားနေသော ဇိမ်ခံပစ္စည်းတစ်ခုကို ဝယ်ယူသကဲ့သို့ ဖြစ်နေသည်ဟု ဆိုသည်။
"အမေရိကန်က ဥရောပကိုပို့ဆောင်ပေးသည့် ဓာတ်ငွေ့သည် Chanel မဟုတ်သော်လည်း ၎င်းတို့က ယင်းကို ပြင်သစ်ရေမွှေး၏အနံ့လိုမျိုး တန်ဖိုးဖြတ်ထားကြပါသည်။ ၎င်းတို့စီးပွားရေးကို အပျက်စီးခံပြီး ဝယ်ယူ နေကြပါသည်။ ထို့အပြင် ၎င်းတို့က မိမိတို့၏ ပိုက်လိုင်းတွေကို ဗုံးခွဲ ဖျက်ဆီးလိုက်သည့်အတွက် ၎င်းတို့ကိုယ်တိုင် ပိုဆိုးသွားစေပါသည်" ဟု ၎င်းက ပြောကြားခဲ့သည်။
Volodin သည် ၂၀၂၂ ခုနှစ်က ဘောလ်တစ်ပင်လယ်အောက်ရှိ ရုရှားနှင့် ဂျာမနီကြားမှ Nord Stream ဓာတ်ငွေ့ပိုက်လိုင်းများကို ပျက်စီးစေခဲ့သောဗုံးခွဲမှုများကို ရည်ညွှန်းပြောဆိုခြင်းဖြစ်သည်။ ဂျာမန်အစိုးရ ရှေ့နေများက ယင်းတိုက်ခိုက်မှုကို ယူကရိန်းနိုင်ငံသားအစုအဖွဲ့တစ်ခုက လုပ်ဆောင်ခဲ့ခြင်း ဖြစ်နိုင်ကြောင်း ညွှန်ပြခဲ့သော်လည်း၊ မော်စကိုက ထိုသီအိုရီကို အဓိပ္ပာယ် မရှိဟု ငြင်းဆိုကာ အဆိုပါတိုက်ခိုက်ဖျက်ဆီးမှုကို ထိုစဉ်က သမ္မတ ဂျိုးဘိုင်ဒင် လက်ထက်တွင် အမေရိကန်ကစီစဉ်ခဲ့ခြင်းဖြစ်သည်ဟု စွပ်စွဲ ခဲ့သည်။
ဒူးမားလွှတ်တော်ဥက္ကဋ္ဌသည် ဥရောပသမဂ္ဂခေါင်းဆောင်များကို ဆက်လက် ဝေဖန်ပြောဆိုကာ ၎င်းတို့၏ အစိုးရများတွင် "မိမိနိုင်ငံသားများအား ပစ္စုပ္ပန်နှင့်အနာဂတ်အတွက် တာဝန်ယူမှုရှိသော သဘောထားမရှိကြောင်း" ယခုပင်သိသာနေပြီဖြစ်သည်ဟု ဆိုသည်။
၂၀၂၂ ခုနှစ်တွင် ယူကရိန်းပဋိပက္ခ မြင့်တက်လာခဲ့ပြီးနောက် ဥရောပ သမဂ္ဂသည် ရုရှားမှစွမ်းအင်အပေါ် မှီခိုမှုလျှော့ချရန်နှင့် ၂၀၂၇ ခုနှစ် မကုန်ဆုံးမီ ရုရှားဓာတ်ငွေ့၊ ရေနံနှင့် နျူကလီးယား လောင်စာ တင်သွင်းမှု များကို ဖြေးဖြေးချင်းရပ်ဆိုင်းရန် အစီအမံများကို ကြေညာခဲ့သည်။ သို့ရာတွင် ရုရှားဓာတ်ငွေ့အပေါ် အလွန်မှီခိုနေရသော ဟန်ဂေရီနှင့်ဆလိုဗက်ကီးယားနိုင်ငံတို့က အဆိုပါကာလသတ်မှတ်ချက်ကို ကန့်ကွက် ခဲ့ကြပြီး၊ ရပ်ဆိုင်းရေး အစီအစဉ်သည် လက်တွေ့မကျဟုဆိုကာ စွမ်းအင် လုံခြုံရေးကိုထိခိုက်စေပြီး စျေးနှုန်းများ သိသိသာသာ တိုးမြင့်လာစေမည် ဟု ဆိုသည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂
