ပဲခူးတိုင်းဒေသကြီး၊ သဲကုန်းမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်သမားများက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ တစ်ဦး သေဆုံး

News Image

  • ပဲခူးတိုင်းဒေသကြီး၊ သဲကုန်းမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်သမားများက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ တစ်ဦး သေဆုံး
တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်အချို့တွင် အပြစ်မဲ့ အရပ်သားပြည်သူများအား ပြည်သူလူထုအတွင်း အကြောက်တရားများ လွှမ်းမိုးစေရန် လည်းကောင်း၊ ၎င်းတို့နှင့်အမြင် အယူအဆမတူသူ အပြစ်မဲ့ အရပ်သားပြည်သူများအား “သူလျှို၊ သတင်းပေး၊ ဒလန်” ဟုစွပ်စွဲ၍ လည်းကောင်း၊ “ငါနှင့်မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ လက်နက်ကိုင်အကြမ်းဖက်သမားများက ဓား၊ သေနတ်များ အသုံးပြု၍ ရက်စက်စွာ လုပ်ကြံတိုက်ခိုက်၊ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိပါသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၂၉ ရက် ညနေ ၅ နာရီ ၃၀ မိနစ်တွင် ပဲခူးတိုင်းဒေသကြီး၊ သဲကုန်းမြို့နယ်၊ ကွင်းကြီးကျေးရွာ၌ ဆွမ်းတော်ကြီးကပ်ပွဲအား ကျင်းပ ပြုလုပ်နေစဉ် PDF အမည်ခံ အကြမ်းဖက်သမား ငါးဦးက ရွှေပန်းတောကျေးရွာမှ ဆိုင်ကယ် သုံးစီးဖြင့် ရောက်ရှိလာပြီး အများပြည်သူ ထိခိုက်ဒဏ်ရာရရှိစေရန် ရည်ရွယ်၍ သေနတ်များဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့သဖြင့် အဆိုပါနေရာအနီး ရောက်ရှိနေသည့် ကွင်းကြီးကျေးရွာနေ ဒေါ်မေဇင်ဦး (၃၆)နှစ်တွင် ကျည်ထိမှန် ဒဏ်ရာများရရှိခဲ့၍ ဆေးကုသနိုင်ရေး ပုတီးကုန်းတိုက်နယ်ဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံးသွားခဲ့ကြောင်း သိရသည်။
ထိုသို့ အပြစ်မဲ့ အရပ်သားပြည်သူ တစ်ဦးအား “ငါနှင့်မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ် အစွန်းရောက်ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ သေနတ်ဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ လုပ် ဆောင်ခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
MOHA