ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၌ လူမှုကွန်ရက်အသုံးပြုကာ လိုင်စင်မဲ့ မော်တော်ယာဉ်များ အရောင်းအဝယ်ပြုလုပ်နေသူ တစ်ဦးအား ဖော်ထုတ်ဖမ်းဆီးအရေးယူ

News Image

  • ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၌ လူမှုကွန်ရက်အသုံးပြုကာ လိုင်စင်မဲ့ မော်တော်ယာဉ်များ အရောင်းအဝယ်ပြုလုပ်နေသူ တစ်ဦးအား ဖော်ထုတ်ဖမ်းဆီးအရေးယူ
     လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကို နှောင့်ယှက်ဖျက်ဆီးလိုသူများက ၎င်းတို့ ပြစ်မှုကျူးလွန်ရာတွင် သဲလွန်စမကျန် ရှိစေရေး လိုင်စင်မဲ့ မော်တော်ယာဉ်၊ မော်တော်ဆိုင် ကယ်များအား အသုံးပြုကျူးလွန်ဖျောက်ဖျက်ခြင်းများ၊ ဖွံ့ဖြိုးတိုးတက်လာသည့် ခေတ်နှင့်အညီ နိုင်ငံအနှံ့ မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်များ တွင်ကျယ်စွာ အသုံးပြုလာကြသကဲ့သို့ လိုင်စင်မဲ့ မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်များကို တရားမဝင်အရောင်းအဝယ် ပြုလုပ်လာကြသည့်အပြင် လူမှုကွန်ရက်စာမျက်နှာများ အသုံးပြု၍လည်း အရောင်းအဝယ်ပြုလုပ်ခြင်းများ ဆောင်ရွက်လာ ကြသည်ကို စိစစ်တွေ့ရှိရပါသည်။ ထိုသို့ လိုင်စင်မဲ့ မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်များ တရားမဝင် ရောင်းဝယ်အသုံးပြုခြင်းများအား တာဝန်ရှိသူများက စိစစ်ဖော်ထုတ်ဖမ်းဆီးခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပါသည်။
     ထို့သို့စိစစ်ဖော်ထုတ်ဖမ်းဆီးခြင်းများ ဆောင်ရွက်ခဲ့ရာ TikTok လူမှုကွန်ရက်စာမျက်နှာ၌ @naungminsatt အကောင့်ဖြင့် လိုင်စင်မဲ့ မော်တော်ယာဉ်များပြသကာ အရောင်းအဝယ်ပြု လုပ်နေသည်ကို တွေ့ရှိရသဖြင့် အဆိုပါအကောင့်ပိုင်ရှင်အား စိစစ်ခဲ့ရာ @naungminsatt အကောင့် ပိုင်ရှင်မှာ ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်နေ နောင်မင်းဆက်(၂၆)နှစ်ဖြစ် ကြောင်း သိရှိရပြီး ၎င်းမှာ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ အမှတ်(၄)ရပ်ကွက်၊ သစ်တပင်လမ်း၊ အမှတ် (၄/၀၀၃၈)၌ နေထိုင်ကာ ခြံဝင်းအတွင်း၌ လိုင်စင်မဲ့ မော်တော်ယာဉ်များ ထားရှိ၍ အရောင်းအဝယ် ပြုလုပ်နေကြောင်း ဖော်ထုတ်သိရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၂၅ ရက် ည ၁၂ နာရီ ၁၀ မိနစ်တွင် ဝင်ရောက်ရှာဖွေခဲ့ရာ နောင်မင်းဆက် အား အဆိုပါခြံဝင်းအတွင်းမှ YGN-7/1P-XXXX TOYOTA LEXUS၊ KYN-4/9K-XXXX BMW၊ KYN-7/5K-XXXX TOYOTA LEXUS အမျိုးအစား လိုင်စင်မဲ့ မော်တော် ယာဉ် သုံးစီး၊ စိစစ်ဆဲ မော်တော်ယာဉ် တစ်စီး၊ ပေါင်း လေးစီးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ပါသည်။
     လိုင်စင်မဲ့ မော်တော်ယာဉ်များအား လူမှုကွန်ရက် အသုံးပြု၍ အရောင်းအဝယ်ပြုလုပ်နေသူ နောင်မင်းဆက် အား မြဝတီမြို့မရဲစခန်း (ပ)အမှတ်၊ ၂၆၈/၂၀၂၅၊ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ ဖြင့် ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်းနှင့် အလားတူ အကောက်ခွန်မဲ့ တရားမဝင် လိုင်စင်မဲ့ မော်တော်ယာဉ် များနှင့် မော်တော်ဆိုင်ကယ်များအား စီးနင်းအသုံးပြု၊ အရောင်းအဝယ်ပြုလုပ်ခြင်းများအား ဖော်ထုတ် ဖမ်းဆီး၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
MOHA