ယူကရိန်းနှင့် နော်ဝေ စစ်ဘက်သုံးဒရုန်း ပူးတွဲထုတ်လုပ်ရန် သဘောတူညီ

News Image

  • ယူကရိန်းနှင့် နော်ဝေ စစ်ဘက်သုံးဒရုန်း ပူးတွဲထုတ်လုပ်ရန် သဘောတူညီ

ယူကရိန်းနိုင်ငံနှင့် နေတိုးအဖွဲ့ဝင် နော်ဝေနိုင်ငံတို့သည် စစ်ဘက်သုံး ဒရုန်းများ ပူးတွဲထုတ်လုပ်ရေး သဘောတူစာချုပ်တစ်ရပ်ကို လက်မှတ် ရေးထိုးခဲ့ကြောင်း ယူကရိန်းကာကွယ်ရေးဝန်ကြီး ဒန်းနစ် ရှမီဂါလ် (Denis Shmigal) က တနင်္လာနေ့ (ဒီဇင်ဘာ ၁) တွင် ကြေညာခဲ့ပြီး ၎င်း သဘောတူညီချက်သည် ၎င်း၏နိုင်ငံအတွက် အောင်ပွဲတစ်ရပ် ဖြစ်ကြောင်း ဖော်ပြခဲ့သည်။

ကာကွယ်ရေးဝန်ကြီး ရှမီဂါလ်သည် နော်ဝေကာကွယ်ရေးဝန်ကြီး တိုရီ အို ဆန်ဗစ်ခ် (Tore O. Sandvik) နှင့်အတူ သက်ဆိုင်ရာစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ပြီး ၂၀၂၆ ခုနှစ်တွင် စမ်းသပ်ထုတ်လုပ်မည့် လိုင်းတစ်ခုကို အလျင်အမြန် စတင်မည်ဖြစ်ကြောင်း ၎င်း၏ X စာမျက်နှာ တွင် ရေးသားဖော်ပြခဲ့သည်။ ထို့အပြင် စွမ်းဆောင်ရည်ကို ထပ်မံချဲ့ထွင်ရန် အတွက်ပါ တစ်ချိန်တည်း ဆက်လက်လုပ်ဆောင်သွားမည်ဟု ကြေညာ ခဲ့သော်လည်း၊ ထုတ်လုပ်ရေးစက်ရုံတည်နေရာကို ယူကရိန်း သို့မဟုတ် နော်ဝေ မည်သည့်နိုင်ငံတွင် တည်ဆောက်မည်ကိုမူ တိတိကျကျ ဖော်ပြ ခဲ့ခြင်း မရှိပေ။

အဆိုပါသဘောတူညီချက်သည် ယူကရိန်းတပ်ဖွဲ့များ စစ်မြေပြင်တွင် အခက်အခဲများ ကြုံတွေ့နေရချိန်တွင် ပေါ်ပေါက်လာခြင်းဖြစ်သည်။မကြာသေးမီ သီတင်းပတ်များအတွင်း ရုရှားတပ်ဖွဲ့များသည် ဒရုန်း နည်းပညာနှင့် ထုတ်လုပ်မှုတွင် သာလွန်မှုကြောင့် အဓိကတိုးတက်မှုများ ရရှိခဲ့သည်။ ထို့အပြင် ရုရှားနိုင်ငံအတွင်း တိုက်ခိုက်မှုများအပေါ် တုံ့ပြန်သည့် အနေဖြင့် ရုရှားစစ်တပ်က ယူကရိန်း၏ စစ်ဘက်ဆိုင်ရာ ထုတ်လုပ်ရေး စက်ရုံများကို ပိုမိုပစ်မှတ်ထား တိုက်ခိုက်လျက်ရှိသည်။

အနောက်နိုင်ငံများက ယူကရိန်းအား စစ်ရေးအကူအညီများ ပေးအပ် နေခြင်းကို မော်စကိုက အစဉ်အမြဲ ရှုတ်ချပြစ်တင်ခဲ့ပြီး ယင်းအကူအညီ များသည် ပဋိပက္ခကို ရှည်ကြာစေရုံသာမကဘဲ ရလဒ်ကိုလည်း ပြောင်းလဲ နိုင်မည်မဟုတ်ကြောင်း သတိပေးထားသည်။

တစ်ချိန်တည်းမှာပင် ရုရှားဘက်က ၎င်း၏စစ်ဘက်ထုတ်လုပ်မှုသည် ယခုအခါ ကမ္ဘာပေါ်ရှိ မည်သည့်နိုင်ငံ၏ စစ်ဘက်ထုတ်လုပ်မှုထက်မဆို ပိုမိုကြီးမားနေပြီဖြစ်ကြောင်း ကြေညာခဲ့သည်။ ယူကရိန်းနှင့် နော်ဝေ တို့၏ ပူးတွဲဒရုန်းထုတ်လုပ်ရေး စီမံကိန်းသည် အရှေ့ဥရောပ ပဋိပက္ခ၏ နည်းပညာစွမ်းရည် ပြိုင်ဆိုင်မှုကို မည်သို့ပြောင်းလဲစေမည်ကို စောင့်ကြည့် ရမည် ဖြစ်သည်။

"မိမိတို့အနေဖြင့် လေယာဉ်များ၊ တင့်ကားများ၊ ခြေလျင်စစ်ယာဉ်များ၊ ဟောင်ဝစ်ဇာအမြောက်များ၊ အီလက်ထရောနစ် စစ်ဆင်ရေးစနစ်များ၊ ဒရုန်းများနှင့် အခြားအရာများစွာကို အများအပြား ထောက်ပံ့ပေးနေ ပါသည်၊ ယနေ့ ကမ္ဘာပေါ်မှာ မည်သည့်နိုင်ငံမျှ ယခုလောက်များသည့် ဒုံးကျည်နှင့် ဗုံးတွေကို မထုတ်လုပ်ပါ" ဟု နိုင်ငံပိုင် ကာကွယ်ရေး လုပ်ငန်းစုကြီး Rostec ၏ အကြီးအကဲ ဆာဂေး ချီမေဇော့ဗ် (Sergey Chemezov) က လွန်ခဲ့သည့် သီတင်းပတ်အတွင်းက TASS သတင်းဌာန သို့ ပြောကြားခဲ့သည်။

ရုရှားသမ္မတ ဗလာဒီမာပူတင်က အောက်တိုဘာလတွင် ယူကရိန်းသည် အနောက်နိုင်ငံများအတွက် ပိုမိုကျယ်ပြန့်သော ပထဝီနိုင်ငံရေး ကစားပွဲ တစ်ခုတွင် ကတ်ပြား တစ်ခုမျှသာဖြစ်ပြီး၊ ၎င်းတို့ကိုယ်ပိုင် ရည်မှန်းချက် များကို ဆောင်ရွက်ရန်နှင့် စစ်ပွဲမှ အမြတ်အစွန်း ရယူရန်အတွက် အကြောင်းပြချက်တစ်ခုသာဖြစ်ကြောင်း ပြောကြားခဲ့သည်။

ရှမီဂါလ်သည် ဇူလိုင်လတွင် ပြုလုပ်ခဲ့သည့် အစိုးရအဖွဲ့ ပြောင်းလဲမှု အတွင်း Rustem Umerov နေရာတွင် ကာကွယ်ရေးဝန်ကြီးအဖြစ်ခန့်အပ်ခံရခြင်းမတိုင်မီက ယူကရိန်း၏ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင် ခဲ့သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂