မော်လမြိုင်မြို့ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီး၌ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ဝေဒနာရှင်များအား အခမဲ့ခွဲစိတ် ကုသပေးလျက်ရှိ
မော်လမြိုင် နိုဝင်ဘာ ၁၈
မွန်ပြည်နယ်အစိုးရအဖွဲ့၏ ပံ့ပိုးမှု မွန်ပြည်နယ်ကုသရေး ဦးစီးဌာနက ဦးဆောင်မှုဖြင့် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ဝေဒနာရှင်များအား အခမဲ့ခွဲစိတ်ကုသပေးခြင်း အစီအစဉ်ကို ယနေ့နံနက်ပိုင်းတွင် မော်လမြိုင်မြို့အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီး၌ ကျင်းပသည်။
ဦးစွာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက မွန်ပြည်နယ်အတွင်းရှိ မြို့နယ်များသာမက ကရင်ပြည်နယ်အတွင်းရှိ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ဝေဒနာရှင်ပေါင်း ၆ဝ ခန့်ကို အခမဲ့ခွဲစိတ်ပေးမည်ဟု သိရှိရသည့်အတွက် အလွန်ပင်ဝမ်းမြောက်မိကြောင်း၊ ယခုလိုစုပေါင်းကုသိုလ်ယူရင်း ပြည်သူလူထုအတွက် အကျိုးပြုပေးစေလိုကြောင်းပြောကြားပြီး နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ဝေဒနာရှင်များအား အခမဲ့ခွဲစိတ်ကုသပေးသော ဆရာဝန်ကြီးများထံ အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မော်လမြိုင်မြို့ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံ မျက်နှာ၊ မေးရိုးနှင့် ခံတွင်းကုသဆောင်ရှိ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ခွဲစိတ်ပြီး ကလေးလူနာများအတွက် စားသောက်ဖွယ်ရာများနှင့် လက်ဆောင်ပစ္စည်းများပေးအပ်ပြီး ခွဲစိတ်ဆရာဝန်ကြီးများနှင့် ကျန်းမာရေးဝန်ထမ်းများက နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲဝေဒနာရှင်များ အား အခမဲ့ခွဲစိတ် ကုသပေးနေမှုကို ကြည့်ရှုအားပေးကာ လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးကြောင်း သိရသည်။
MWD
