တောင်ကြီးပညာရေး ဒီဂရီကောလိပ်၂၀၂၅ -၂၀၂၆ ပညာသင်နှစ် မောင်မယ်သစ်လွင် ကြိုဆိုပွဲကျင်းပ

News Image

  • တောင်ကြီးပညာရေး ဒီဂရီကောလိပ်၂၀၂၅ -၂၀၂၆ ပညာသင်နှစ် မောင်မယ်သစ်လွင် ကြိုဆိုပွဲကျင်းပ

တောင်ကြီး   ဒီဇင်ဘာ  ၁၈

တောင်ကြီးပညာရေး ဒီဂရီကောလိပ် ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲကို ယနေ့နံနက်ပိုင်းတွင် တောင်ကြီးမြို့ရှိ အဆိုပါဒီဂရီကောလိပ် ကမ္ဘောဇခန်းမ၌ ကျင်းပရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ တောင်ကြီးပညာရေး ဒီဂရီကောလိပ်ကျောင်းအုပ်ကြီး၊ ဆရာ၊ ဆရာမများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က လောကကို ပညာဖြင့် အလှဆင်နေကြ သူများဖြစ်သည့် ဆရာ၊ ဆရာမများက မိမိတို့၏ ပညာရေးလောကဝန်းကျင်တွင် အများကောင်းကျိုးအတွက် ထမ်းရွက်ရင်း မိမိအရည်အသွေးကိုလည်း  အစဉ်အမြဲမြှင့်တင်ပြီး ပညာရေးနှင့်ပတ်သက်သည့် ဝမ်းစာများပြည့်ဝနေရန် ကြိုးစားကြရမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် တတိယနှစ်(ပထမနှစ်ဝက်) ကျောင်းသား၊ ကျောင်းသူများနှင့် စတုတ္ထနှစ် (ဒုတိယနှစ်ဝက်) ကျောင်းသား၊ ကျောင်းသူများက တေးသီချင်းများ၊ ရိုးရာအကများဖြင့် ကပြဖျော်ဖြေတင်ဆက်ကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က တောင်ကြီးပညာရေး   ဒီဂရီကောလိပ်ကျောင်းအတွက် ငွေကျပ်သိန်း ၃၀ နှင့် ကပြဖျော်ဖြေပေးသွားသော ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ငွေကျပ်၁၀ သိန်းကိုလည်းကောင်း၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးက ကြက်ဥအလုံး ၃၀၀၀ ကိုလည်းကောင်း  ပေးအပ်ရာ ကျောင်းအုပ်ဆရာမကြီး    ဒေါ်နန်းအေး သီရိဦးနှင့် ကျောင်းသား၊ ကျောင်းသူများက လက်ခံရယူကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများသည် ခန်းမအပြင်ဘက်တွင် ပြသထားသော တောင်ကြီးပညာရေး ဒီဂရီကောလိပ်ကျောင်း၏ ဆောင်ရွက်မှုမှတ်တမ်းများကို ကြည့်ရှုအားပေး ခဲ့ကြကြောင်း သိရသည်။ 

MWD