ဘန်ကောက်အမြန်လမ်းပေါ်တွင် Toyota Alphard မောင်းနှင်လာသူ သေနတ်သမားက အခြားယာဉ်မောင်းတစ်ဦးကို ပစ်သတ်

News Image

  • ဘန်ကောက်အမြန်လမ်းပေါ်တွင် Toyota Alphard မောင်းနှင်လာသူ သေနတ်သမားက အခြားယာဉ်မောင်းတစ်ဦးကို ပစ်သတ်

အင်္ဂါနေ့ (ဒီဇင်ဘာ ၂၃) နံနက် ၄ နာရီ ၅၀ မိနစ်ခန့်တွင် Bang Sue ခရိုင်၊ Pracha Chuen တိုးဂိတ်အနီး၌ Toyota Alphard ကားပေါ်မှ သေနတ် သမားက အဖြူရောင် Toyota Altis မောင်းနှင်သူ အသက် ၃၄ နှစ်အရွယ် Anuwat Yatniyom ကို သေနတ်ဖြင့် ၃ ချက်ပစ်ခတ်ခဲ့ရာ လည်ပင်းကို ကျည်ဆန်ထိမှန်၍ သေဆုံးခဲ့သည်။ အဆိုပါဖြစ်စဉ်သည် လမ်းပေါ်တွင် ကားမောင်းစဉ် အချင်းချင်း အချေအတင်ဖြစ်ရာမှ စတင်ခဲ့ခြင်း ဖြစ်ကြောင်း သေဆုံးသူ၏ ချစ်သူ အသက် ၂၈ နှစ်အရွယ် Sawitree က ထွက်ဆို ခဲ့သည်။

Anuwat သည် သူမအား သူငယ်ချင်းဖြစ်သူ၏အိမ်မှ လာရောက် ကြိုဆို ခဲ့ခြင်းဖြစ်ပြီး Phetkasem ရှိ ၎င်းတို့၏နေအိမ်သို့ ဦးတည် မောင်းနှင် နေခြင်းဖြစ်ကြောင်း Sawitree က ပြောကြားခဲ့သည်။ ၎င်းတို့ Pracha Chuen တိုးဂိတ်သို့ ရောက်ရှိစဉ် အဖြူရောင် Toyota Alphard ကားတစ်စီး သည် တိုးဂိတ်ထဲသို့ဝင်ရန် ၎င်းတို့၏ရှေ့မှ ဖြတ်ကျော်ဝင်ရောက်ခဲ့သည်။ သူမက သူမ၏ချစ်သူအား အရှိန်လျှော့ရန်နှင့် Alphard ကားကို လမ်းဖယ် ပေးရန် ပြောခဲ့ကြောင်း ရဲတပ်ဖွဲ့အား ရှင်းပြခဲ့သည်။

တိုးဂိတ်ကို ဖြတ်ကျော်ပြီးနောက်တွင် Alphard ကားမှာ အရှိန်လျှော့ နေသည်ကို သူမ တွေ့မြင်ခဲ့ရပြီး ၎င်းတို့၏ကားသည် Pracha Chuen လမ်းကို ဖြတ်ကျော်သည့် ကုန်းတံတားပေါ်သို့တက်နေစဉ် အဆိုပါကား သည် ၎င်းတို့ကား၏ ညာဘက်ဘေးသို့ ကပ်လာကြောင်း Sawitree က ရဲတပ်ဖွဲ့ကို ပြောပြခဲ့သည်။ Alphard ၏ ဘယ်ဘက်ဘေး ခရီးသည် ထိုင်ခုံ မှန်ပွင့်လာသည်ကို သူမမြင်တွေ့ခဲ့ရပြီး အမျိုးသားတစ်ဦးက Anuwat အား သေနတ်ဖြင့် ၃ ချက် သို့မဟုတ် ၄ ချက်ခန့် ပစ်ခတ်ခဲ့ပြီးနောက် ယင်းကားမှာ အခင်းဖြစ်ပွားရာနေရာမှ အရှိန်ပြင်းစွာ မောင်းနှင် ထွက်ပြေး သွားခဲ့သည်ဟု ဆိုသည်။

ရဲဒုတိယဗိုလ်ချုပ်ကြီး Sayam Boonsom က နောက်ပိုင်းတွင် Sawitree အား ရဲတပ်ဖွဲ့က ဆက်လက်စစ်ဆေးမေးမြန်းခဲ့ရာ တိုးဂိတ်သို့မရောက်မီ မီတာ ၅၀၀ ခန့်အကွာတွင် ယာဉ်နှစ်စီးသည် လမ်းပေါ်၌ အချင်းချင်း အငြင်းပွားမှု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်ဟု ဆိုသည်။ ၎င်းတို့သည် တိုးဂိတ်သို့ ဝင်ရောက်ရာတွင် မတူညီသော လမ်းကြောများမှ ဝင်ရောက် ခဲ့ကြခြင်းဖြစ်သည်။

Sayam က သေဆုံးသူတွင် လည်ပင်း၌ သေနတ်ဒဏ်ရာ တစ်ချက်နှင့် ညာဘက်လက်မောင်းတွင် နှစ်ချက်၊ စုစုပေါင်း ဒဏ်ရာသုံးချက် ရရှိ ခဲ့ကြောင်း ပြောကြားခဲ့ပြီး သေနတ်သမား၏ Alphard ကားသည် Phuttha Monthon 7 လမ်းကို ဖြတ်ကျော်ကာ တောင်ဘက်သို့ ဦးတည် မောင်းနှင်သွားခဲ့ ကြောင်း ၎င်းက ဆိုသည်။

အခင်းမဖြစ်ပွားမီက Anuwat သည် ၎င်း၏ချစ်သူနှင့် စကားများခဲ့ကြ ပြီးနောက် ချစ်သူဖြစ်သူမှာ Nonthaburi ၊ Pak Kret ခရိုင်ရှိ သူငယ်ချင်း ဖြစ်သူ အမျိုးသမီးတစ်ဦး၏အိမ်တွင် သွားရောက်နေထိုင်ခဲ့ခြင်း ဖြစ်သည်။ Anuwat သည် သူမအား လာရောက်ကြိုဆိုပြီး Phetkasem ရှိ ၎င်းတို့ အိမ်သို့အပြန် လမ်းခရီးတွင် အသတ်ခံခဲ့ရခြင်းဖြစ်သည်။

ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုများကို ဆက်လက်လုပ်ဆောင်နေဆဲ ဖြစ်သည် ဟု ထုတ်ပြန်ထားသည်။

ကိုးကား- Bangkok Post

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂