ကျောက်ဆည်မြို့၌ သံပယိုစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး အသီး ဈေးနှုန်းမြှင့်တက်လာသဖြင့် သံပယို စိုက်ပျိုး ရောင်းချသူများ အဆင်ပြေ
ကျောက်ဆည်၊ ဒီဇင်ဘာ ၂၂
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ကျောက်ဆည်မြို့တွင် သံပယိုစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း လျက်ရှိပြီး ယခင်က နှစ်တင်းခွဲဝင်အိတ်တစ်လုံးအား ငွေ သုံးသောင်းကျပ်ဖြင့်ရောင်းချရပြီး ယခုအခါ ငွေ ငါး သောင်းငါးထောင်ကျပ်ဖြင့် အသီးဈေးနှုန်းမြှင့်တက် ရောင်းချရသဖြင့် သံပယိုစိုက်ပျိုးရောင်းချသူများ အဆင်ပြေ လျက် ရှိကြောင်း သံပယိုစိုက်ပျိုးရောင်းချသူသည့် တောင်သူတစ်ဦးထံမှ သိရှိရသည်။
သံပယိုသီးနှံစိုက်ပျိုးမည်ဆိုပါ အပင်ခြား၊အတန်းခြား ၅ ပေမှ ၈ ပေ အကွာစိုက်ပျိုးမှသာ ကိုင်းဖျာထွက်မှု ကောင်းစေခြင်းနှင့် လိုအပ်သည့်အချိန်များတွင် ဆေးဖျန်းခြင်း၊ အာမိုမြေဩဇာကျွေးခြင်း ရေတင်ပေးခြင်းနှင့် ပေါင်းမြက်နှင့်မလိုအပ်သည့်ကိုင်းများကို ရှင်းပေးခြင်းဖြင့် အပင်ကြီးထွားမှုနှင့် အသီးအထွက်နှုန်း ပိုမိုကောင်း မွန်ကြောင်း၊ စိုက်ပျိုးသူအများစုသည် စိုက်ပျိုးပြီး(၈)လအရွယ်တွင် အပွင့်များ စတင်ပွင့်ပြီး(၁)နှစ်အကြာတွင် အသီးများ စတင်ခူးဆွတ် ရောင်းချရသည့် ကိုင်းကူးပျိုးပင်များ ပို၍စိုက်ပျိုးကြကြောင်း သိရှိရသည်။
သံပယိုသီးနှံသည် မိသားစုတစ်နိုင်တစ်ပိုင်စိုက်ပျိုးနိုင်သည့် နှစ်ရှည်သီးနှံတစ်မျိုးဖြစ်ပြီး မြေနုကျွန်းများနှင့် နုန်းမြေများတွင် ကောင်းစွာဖြစ်ထွန်းကြောင်းနှင့် အစိုဓာတ်မပြတ်ရေသွင်းပေးရပြီး အပင်အပြုအစု ကောင်းပါက တစ်နှစ်ပတ်လုံး အဖူး၊ အပွင့်၊ အသီးများဖြင့် ပြည့်စုံပြီး နေ့စဉ်နီးပါး လက်လီခူးဆွတ်ရောင်းချနိုင်ကြောင်းနှင့် သံပယိုသီးနှံတစ်ဧကစိုက်ပျိုးထားပါက ပွဲရုံသွင်းဈေးအနေဖြင့် သုံးတင်းခွဲဝင်အိတ် တစ်လုံးအား ငွေ ငါးသောင်း ငါးထောင်ကျပ်ဖြင့် ရောင်းချရကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)
