အစွန်းရောက်အကြမ်းဖက်သမားများသည် အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူများနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဝိုင်းဝန်းဆောင်ရွက်နေသော အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအား ထိခိုက်ဒဏ်ရာရရှိစေရန် ရည်ရွယ်ချက်များဖြင့် အကြမ်းဖက်ဖောက်ခွဲရေးလုပ်ရပ်များအား ငွေကြေး ထောက်ပံ့ကာ နောက်ကွယ်မှ သွေးထိုးမြှောက်ပင့်လှုံ့ဆော်မှုများဖြင့် အများပြည်သူ သွားလာ အသုံးပြုသော လမ်းမကြီးများ၊ ရထားလမ်းများ၊ ဌာနဆိုင်ရာ ရုံးအဆောက်အအုံများနှင့် လူနေအိမ် များအား ဖောက်ခွဲရေးပစ္စည်းကိရိယာများအသုံးပြု၍ မိုင်းထောင်ဖောက်ခွဲခြင်း၊ အဝေးမှ ပစ်ခတ်ဖောက်ခွဲခြင်းများ ပြုလုပ်လျက်ရှိပါသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၂ ရက် မွန်းလွဲ ၂ နာရီ ၁၅ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ မင်းတဲအီကင်းရပ်ကွက်၊ ၉၀(B)လမ်း၊ ၁၉ လမ်းနှင့် ၂၀ လမ်းကြားရှိ ဒေါက်တာ ထွန်းကြိုင်(ကထိက-ငြိမ်း၊ မကွေးတက္ကသိုလ်)ပိုင်ဆိုင်သည့် ပေ ၂၀၀ ပတ်လည် ခြံဝင်းအား အဆိုပါရပ်ကွက်နေ ဦးအောင်ကျော်မိုး(၅၉)နှစ်ပါ ငါးဦးတို့က သန့်ရှင်းရေး ပြုလုပ်နေစဉ် ခြံဝင်းအတွင်းရှိ အမှိုက်ပုံဘေးမှ NLD ပါတီတံဆိပ်ပါ အသုံးအဆောင်ပစ္စည်းများနှင့် လက်လုပ်မိုင်းများ ထည့်ထားသည့် ပလတ်စတစ်အိတ် တစ်လုံး တွေ့ရှိရကြောင်း သတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါနေရာတွင် NLD ပါတီတံဆိပ်ပါ အသုံးအဆောင် ပစ္စည်းများနှင့် တံဆိပ်များ၊ PVC ပိုက်ဖြင့် ပြုလုပ်ထားသည့် လက်လုပ်မိုင်း အကြီး သုံးလုံး၊ အသေး လေးလုံး၊ တရုတ်ကြိုးဆွဲလက်ပစ်ဗုံး တစ်လုံး တို့အား တွေ့ရှိရသဖြင့် သိမ်းဆည်းရှင်းလင်းခဲ့ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်မှ အကြမ်းဖက်မှုကျူးလွန်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။
MOHA
