ဂရင်းလန်ကျွန်းနှင့်ပတ်သက်သည့် ထရမ့်၏ စီမံကိန်းအပေါ် ဒိန်းမတ် နိုင်ငံအနေဖြင့် ခိုင်မာစွာ ရပ်တည်သွားမည်ဟု ဒိန်းမတ်ဝန်ကြီးချုပ် ကတိပြု
ဒိန်းမတ်ဝန်ကြီးချုပ် Mette Frederiksen က ဂရင်းလန်ကျွန်းကို ဝယ်ယူလိုသည့် အမေရိကန်၏ ဖိအားပေးမှုအသစ်များကို တွန်းလှန်သွား မည်ဟု စိန်ခေါ်သည့် မိန့်ခွန်းတစ်ရပ် ပြောကြားခဲ့သည်။ ဒိန်းမတ်ဘုရင် Frederik X ကလည်း ၎င်း၏ နှစ်သစ်ကူးမိန့်ခွန်းတွင် ထိုသဘောထား ကိုပင် ထပ်လောင်းပြောဆိုခဲ့သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က လူဝီစီယားနားပြည်နယ် အုပ်ချုပ်ရေးမှူး Jeff Landry ကို ဂရင်းလန်ဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်ပြီး သီတင်းပတ်အနည်းငယ်အကြာတွင် ယခုထုတ်ပြန်ချက်များ ထွက်ပေါ်လာခြင်း ဖြစ်သည်။ ဒိန်းမတ်နိုင်ငံ၏ အချုပ်အခြာအာဏာအောက်တွင်ရှိသော ဂရင်းလန်ကျွန်းကို အမေရိကန်၏ အစိတ်အပိုင်းတစ်ခု ဖြစ်လာသင့်ကြောင်း ထရမ့်က ယခင်ကတည်းက အကြံပြုခဲ့ဖူးသည်။
ကြာသပတေးနေ့ (ဇန်နဝါရီ ၁) က သူမ၏ နေအိမ်တွင် ပြောကြားခဲ့သော မိန့်ခွန်း၌ ဝန်ကြီးချုပ် Frederiksen က "အနီးကပ်ဆုံး မဟာမိတ်" ထံမှ လာသော "ခြိမ်းခြောက်မှုများ၊ ဖိအားပေးမှုများနှင့် အထင်အမြင်သေးသည့်စကားလုံးများ" ကို ပြင်းပြင်းထန်ထန် ပြစ်တင်ဝေဖန်ခဲ့သည်။ အမေရိကန် ဟု တိုက်ရိုက်အမည်တပ်မပြောသော်လည်း အခြားနိုင်ငံတစ်ခုကို ဝယ်ယူ လိုသည့် အတွေးအခေါ်သည် ခေတ်နောက်ကျပြီး လက်ခံနိုင်စရာ မရှိသည့် အမြင်ဖြစ်ကြောင်း သူမက ဝေဖန်ခဲ့သည်။
“အခြားနိုင်ငံတစ်ခု၊ အခြားလူမျိုးတစ်စုကို ကိုယ်ပိုင်ပစ္စည်းတစ်ခုလို ဝယ်ယူ ပိုင်ဆိုင်နိုင်သယောင် သိမ်းပိုက်လိုသည့် စိတ်ကူးနှင့်ပတ်သက်ပြီး မိမိတို့ကတော့ ပဋိပက္ခကို ရှာနေသူများ မဟုတ်သော်လည်း မည်သည့် အရာများ ဖြစ်လာပါစေ အမှားနှင့် အမှန်အပေါ်မှာ မိမိတို့ ခိုင်ခိုင်မာမာ ရပ်တည်သွားမည်ဆိုသည်ကိုတော့ မည်သူမျှ သံသယမရှိပါစေနှင့်” ဟု ဝန်ကြီးချုပ် Frederiksen က ပြောကြားခဲ့သည်။
ဘုရင် Frederik X ကလည်း ၎င်း၏ နှစ်သစ်ကူးမိန့်ခွန်းတွင် “မငြိမ်မသက် ဖြစ်နေသော အချိန်ကာလများ” အကြောင်းကို ထည့်သွင်းပြောဆိုခဲ့ပြီး ဂရင်းလန်သားတို့၏ ကြံ့ခိုင်မှုနှင့် ဂုဏ်သိက္ခာကို ချီးကျူးခဲ့ကာ အာတိတ် ဒေသရှိ စစ်ရေးလေ့ကျင့်မှု အစီအစဉ်များကို တိုးမြှင့်နေကြောင်း အလေးပေး ပြောကြားခဲ့သည်။ ဒိန်းမတ်နိုင်ငံသည် မြင့်တက်လာသော တင်းမာမှု များကို တုံ့ပြန်သည့်အနေဖြင့် ထိုဒေသတွင် စစ်ရေးအရ အင်အား ဖြည့်တင်းမှုများ ပြုလုပ်လျက်ရှိသည်။
ထရမ့်သည် ဂရင်းလန်ကျွန်းကို ထိန်းချုပ်နိုင်ရန် အမျိုးသား လုံခြုံရေး အကြောင်းပြချက်ဖြင့် ထပ်တလဲလဲ စိတ်ဝင်စားမှုပြခဲ့ပြီးနောက် ယခုကဲ့သို့ ဖိအားပေးမှုများ ပြန်လည်ဖြစ်ပေါ်လာခြင်းဖြစ်သည်။ ဒီဇင်ဘာလတွင် ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတစ်ခု၌ ထရမ့်က ဒိန်းမတ်၏သမိုင်းဝင်ပိုင်ဆိုင်မှုများကို အသိအမှတ်ပြုသော်လည်း ဂရင်းလန်၏ အာတိတ် တည်နေရာနှင့် ထွက်ရှိနိုင်သော သယံဇာတ အရင်းအမြစ်များကြောင့် အမေရိကန်အနေဖြင့် ထိုကျွန်းကို လိုအပ်သည်ဟု အခိုင်အမာ ပြောဆို ခဲ့သည်။
“ဂရင်းလန်ကို အမေရိကန်၏ အစိတ်အပိုင်းတစ်ခုဖြစ်အောင် လုပ်ဆောင်သွားမည်” ဟု လူသိရှင်ကြား ထုတ်ဖော်ပြောဆိုထားသူ Landry ကို ခန့်အပ် လိုက်ခြင်းသည် ကိုပင်ဟေဂင်၏ ဒေါသတကြီး တုံ့ပြန်မှုများကို ဖြစ်ပေါ် စေခဲ့သည်။ ဒိန်းမတ်နိုင်ငံခြားရေးဝန်ကြီး Lars Lokke Rasmussen က အဆိုပါလုပ်ရပ်သည် “လုံးဝ လက်ခံနိုင်စရာမရှိ” ဟု ပြောဆိုခဲ့ပြီး အမေရိကန် သံအမတ်ကို ခေါ်ယူကာ ရှင်းလင်းချက်တောင်းဆိုခဲ့သည်။
ဒိန်းမတ် ထောက်လှမ်းရေးဌာနကလည်း အမေရိကန်နိုင်ငံကို ၎င်းတို့၏ အမျိုးသားလုံခြုံရေးအတွက် ခြိမ်းခြောက်မှုဖြစ်လာနိုင်ခြေရှိသူအဖြစ် မကြာသေးမီက သတ်မှတ်ခဲ့သည်။ ဝါရှင်တန်ဒီစီသည် “၎င်း၏ အလိုဆန္ဒ ကို အကောင်အထည်ဖော်ရန်အတွက် သွင်းကုန်ခွန်ကြီးလေးစွာ စည်းကြပ် မည်ဆိုသည့် ခြိမ်းခြောက်မှုများ အပါအဝင် စီးပွားရေးအင်အားကို အသုံး ချနေပြီး၊ နောက်ဆုံးတွင် မဟာမိတ်များအပေါ်မှာပင် စစ်အင်အား အသုံး ပြုရန်ကိုလည်း ချန်လှပ်ထားခြင်း မရှိကြောင်း” ထောက်လှမ်းရေးဌာနက ဆိုသည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂
