စစ်တွေမြို့၌ တိုင်းရင်းသား လူငယ်များအတွက် အဆင့်မြင့်စက်ချုပ် သင်တန်းဖွင့်ပွဲနှင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေး ညှိနှိုင်းအစည်းအဝေး ကျင်းပ
စစ်တွေ ဇန်နဝါရီ ၁၂
တိုင်းရင်းသား အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေး ဦးစီးဌာနနှင့် လူမှုဝန်ထမ်း ဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် တိုင်းရင်းသားလူငယ်များအတွက် အဆင့်မြင့်စက်ချုပ် သင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် စစ်တွေမြို့ ခိုင်သဇင်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက သင်တန်းဖွင့် အမှာစကားပြောကြားပြီး အဆင့်မြင့်စက်ချုပ်သင်တန်းအတွက် ချီးမြှင့်ငွေနှင့် သင်ထောက်ကူပစ္စည်းများပေးအပ်ကာ သင်တန်းသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့တည်နှစ်(၂၀၀)ပြည့်အထိမ်းအမှတ်နာရီစင်တွင် အများပြည်သူများ လာရောက်ကြည့်ရှုလေ့လာနိုင်ရန် စစ်တွေမြို့၏ ရှေးဟောင်းဘုရားစေတီများ၊ အထင်ကရနေရာများ ပြသထားရှိမှုနှင့် ကျောင်းသား၊ ကျောင်းသူများ၊ သင်တန်းသား၊ သင်တန်းသူများ လာရောက်လေ့လာနေမှုကို ကြည့်ရှုသည်။
မွန်းလွဲပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေး ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြားသည်။
ထို့နောက် ပြည်နယ်ပညာရေးမှူးက တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြပြီး တက်ရောက်ကြသည့် မြို့နယ်ပညာရေးမှူးများက တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် ဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများကိုလည်းကောင်း၊ အခြေခံပညာအထက်တန်းကျောင်းနှင့် အထက်တန်းကျောင်း(ခွဲ)များမှ ဆရာ၊ ဆရာမများက မိမိတို့ကျောင်းအလိုက် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် သင်ကြားပို့ချပေးနေမှုများကိုလည်းကောင်း၊ စစ်တွေတက္ကသိုလ်မှ ပါမောက္ခ၊ ဌာနမှူးများက တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုရာတွင် ကျောင်းသား၊ ကျောင်းသူများ လိုက်နာရမည့်အချက်များ၊ သင်ကြားပို့ချပေးမည့် အစီအမံများကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။
တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးများက ဖြည့်စွက်ဆွေးနွေး တင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ပြန်လည်ဆွေးနွေးကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
MWD
