၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်အဆင့် ပညာရေးစုံညီ ပွဲတော်ကျင်းပ
ဘုတ်ပြင်း ဇန်နဝါရီ ၁၇
တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်း ခရိုင် ဘုတ်ပြင်းမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်အဆင့်ပညာရေး စုံညီပွဲတော်ကို ဇန်နဝါရီလ ၁၆ ရက်က ဘုတ်ပြင်းမြို့အခြေခံပညာ အထက်တန်း ကျောင်း နဝရတ်ခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ အခမ်းအနားကို ကျောင်း သား၊ ကျောင်းသူများက ကြိုဆိုပါသည် စုံညီပွဲတော်သီချင်းဖြင့် သီဆိုဖွင့်လှစ်သည်။
ယင်းနောက် ဘုတ်ပြင်းခရိုင် ဒုတိယအုပ်ချုပ်ရေးမှူး ဦးအေးနိုင်က အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် ဘုတ်ပြင်းခရိုင်ပညာရေးမှူး ဒေါ်စန်းမွှေး က ပညာရေးစုံညီပွဲတော်နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ၌ ဂုဏ်ထူးဖြင့်အောင်မြင်သူများ၊ ၂၀၂၅ ခုနှစ် လူရည်ချွန်ရရှိသူနှင့် ၂၀၂၆ ခုနှစ် မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ် ခံရသူများ၊ နေ့ထူးနေ့မြတ်အထိမ်းအမှတ် တို့တွင် အခြေခံပညာအထက်တန်း၊အလယ်တန်းနှင့်မူလတန်းအဆင့် စာစီ စာကုံး၊ ပန်းချီ၊ ကဗျာပြိုင်ပွဲများတွင် ဆု ရရှိကြသူများ၊ မြို့နယ်အဆင့် အင်္ဂလိပ်စာ နှင့်သင်္ချာစွမ်းရည်ပြိုင်ပွဲများတွင် ဆုရရှိကြသည့် အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများက ဆုများအသီးသီး ချီးမြှင့်ပေးအပ် ကြပြီး အခြေခံပညာကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲများတွင် သက်ဆိုင်ရာ အားကစားအမျိုးအစားများ အလိုက် တံခွန်စိုက်ဒိုင်းဆု ရရှိသည့်ကျောင်းများမှ တာဝန်ရှိသူများကို မြို့နယ်ပညာရေးမှူးကဂုဏ်ပြုဆုများ ချီးမြှင့်ပေးအပ်ကြသည်။
ယင်းနောက် ကျောင်းသား၊ ကျောင်းသူများက တေးသရုပ်ဖော်အကများဖြင့် ကပြဖျော်ဖြေတင်ဆက်ကြသည်။
အဆိုပါအခမ်းအနားသို့ ဘုတ်ပြင်းခရိုင် ဒုတိယအုပ်ချုပ်ရေးမှူးနှင့် ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ခရိုင်ပညာရေးမှူး၊ မြို့နယ်ပညာ ရေးမှူးနှင့် အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသားမိဘများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြကြောင်း သိရသည်။
MWD
