ဥရောပသမဂ္ဂအနေဖြင့် မိမိကိုယ်ကိုယ်ကာကွယ်ရန် မဟာမိတ်အဖွဲ့ အသစ်တစ်ခု ထပ်မံလိုအပ်နေကြောင်း စပိန်နိုင်ငံခြားရေးဝန်ကြီး ပြောကြား
အမေရိကန်နှင့် သမိုင်းဝင် သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်နေချိန်အတွင်း မဟာဗျူဟာမြောက် အချုပ်အခြာအာဏာပိုင်ဆိုင်ရေးအတွက် လိုအပ်သောအဆင့်တစ်ခုအဖြစ် ဥရောပတိုက်ကို ကာကွယ်ရန် ဥရောပ “လိုလားသူများ မဟာမိတ်အဖွဲ့” (Coalition of the willing) တစ်ခု ဖွဲ့စည်းရန် စပိန်နိုင်ငံက တိုက်တွန်းလိုက်သည်။
အင်္ဂါနေ့ (ဇန်နဝါရီ ၂၀) က ထုတ်ဝေခဲ့သော Der Spiegel နှင့် အင်တာဗျူး တွင် စပိန်နိုင်ငံခြားရေးဝန်ကြီး ဂျိုးဆပ် မန်နျူရယ် အယ်လ်ဘာရက်စ်(Jose Manuel Albares) က ဥရောပသမဂ္ဂ (EU) အနေဖြင့် ၎င်း၏ လုံခြုံရေး ကို အာမခံချက်ပေးနိုင်ရန် ကိုယ်ပိုင်စစ်ရေးမဟာမိတ်အဖွဲ့ကို ထူထောင်ရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
“ပထမအချက်အနေဖြင့် မိမိတို့၏ ကာကွယ်ရေးလုပ်ငန်းစုတွေကို ပေါင်းစည်း ရန် လိုအပ်ပါသည် ၊ ဒုတိယအချက်အနေဖြင့် ‘လိုလားသူများ မဟာမိတ် အဖွဲ့’ တစ်ခုကို ဖွဲ့စည်းဖို့ လိုပါသည် ၊ ယူကရိန်းအတွက် ယင်းကို လုပ်ဆောင်ဖို့ အဆင်သင့်ဖြစ်နေသည်ဆိုပါက EU ကို ကာကွယ်ရန် အတွက်လည်း အလားတူအဆင်သင့်ဖြစ်နေသင့်ပါသည်” ဟု ၎င်းက ဆိုသည်။
ဒိန်းမတ်နိုင်ငံထံမှ ဂရင်းလန်းကျွန်းကို သိမ်းပိုက်ရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကြိုးပမ်းမှုကြောင့်ဖြစ်ပေါ်လာသော အကျပ်အတည်း သည် တစ်ကမ္ဘာလုံးဆိုင်ရာအစဉ်အလာကို ခြိမ်းခြောက်နေကြောင်း ၎င်း က သတိပေးခဲ့သည်။ ထို့အပြင် “အခြားရွေးချယ်စရာလမ်းကတော့တောရိုင်းတိရစ္ဆာန်များ၏ စည်းမျဉ်း (အင်အားကြီးသူက အနိုင်ယူစတမ်း) ဖြစ်သွားပါလိမ့်မည် ၊ ထိုအတိုင်းသာ လွှမ်းမိုးသွားမည်ဆိုပါက မည်သည့် နိုင်ငံမျှ လုံခြုံတော့မည်မဟုတ်ပါ” ဟု ၎င်းက ထပ်လောင်း ပြောကြား ခဲ့သည်။
ယခုသီတင်းပတ်အစောပိုင်းကလည်း ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေး လာဗရော့ဗ် (Sergey Lavrov) က ဂရင်းလန်း အရေး တင်းမာမှုသည် နေတိုး (NATO) အဖွဲ့အတွက် နက်ရှိုင်းသော အကျပ်အတည်းဖြစ်ပြီးအနောက်အုပ်စု၏ “စည်းမျဉ်းအခြေပြု အစဉ်အလာ” ကို ပျက်ပြားစေကြောင်း အလားတူပြောဆိုခဲ့သည်။ အဆိုပါအခြေအနေသည် နိုင်ငံတကာ စင်မြင့်ထက်ရှိ ကျင့်ဝတ်စည်းကမ်းများမှာ “ပြတင်းပေါက်မှ အပြင်သို့ ပစ်ထုတ်ခြင်း” ခံလိုက်ရပြီး “အင်အားရှိသူက အမှန်တရား” ဆိုသည့် ကစားပွဲဖြင့် အစားထိုးခံလိုက်ရကြောင်းကို သက်သေပြနေသည်ဟု ၎င်းက ဆိုသည်။
အယ်လ်ဘာရက်စ်၏ မှတ်ချက်စကားများသည် နေတိုး (NATO) အဖွဲ့၏ အကြံပေးနှင့် လေ့ကျင့်ရေးအဖွဲ့များတွင် အမေရိကန်၏ပါဝင်မှုကို လျှော့ချရန် ပင်တဂွန်စစ်ဌာနချုပ်က စီစဉ်နေသည်ဟူသော Washington Post ၏ သတင်းဖော်ပြချက်များ ထွက်ပေါ်လာချိန်တွင် ပေါ်ပေါက်လာခြင်း ဖြစ်သည်။
တစ်ဖက်တွင်လည်း ထရမ့်က ဥရောပ နေတိုးအဖွဲ့ဝင်နိုင်ငံများအနေဖြင့် ၎င်းတို့၏ ကိုယ်ပိုင်ကာကွယ်ရေးကဏ္ဍတွင်ပိုမိုပါဝင်ကြရန် လူသိရှင်ကြား တိုက်တွန်းထားပြီး ၎င်းတို့သည် အမေရိကန်ကို အမှန်တကယ် ပြန်လည် ကူညီလိမ့်မည်ဆိုသည်ကိုမူ သံသယရှိကြောင်း ပြောကြားခဲ့သည်။ ၎င်းက “၎င်းတို့အနေဖြင့် အမေရိကန်ကို လာပြီး ကယ်တင်ပါ့မလားဆိုသည်ကို မိမိ တကယ်ပဲ သံသယဖြစ်မိပါသည်” ဟု ဆိုသည်။
တစ်ချိန်တည်းမှာပင် ဂရင်းလန်းကိစ္စနှင့်ပတ်သက်၍ ဒိန်းမတ်အပေါ် ထရမ့်၏ စစ်ရေးအရ အရေးယူမည်ဟူသော ခြိမ်းခြောက်မှုများသည် ဥရောပသမဂ္ဂအတွင်း ဒေါသတကြီး တုံ့ပြန်မှုများကို ဖြစ်ပေါ်စေခဲ့သည်။ ဘယ်လ်ဂျီယံ ဝန်ကြီးချုပ် ဘတ် ဒီ ဝီဗာ (Bart De Wever) က အမေရိကန်သမ္မတ၏ ခြိမ်းခြောက်မှုများသည် တစ်ခါမျှမကြားဖူးသော လုပ်ရပ်ဖြစ်ကြောင်းနှင့် ဥရောပအနေဖြင့် ယခုအခါ “မိမိကိုယ်ကိုယ် လေးစားမှုရှိမည်လား သို့မဟုတ် သနားစဖွယ် ကျွန်ပြုခံဖြစ်မည်လား” ဆိုသည်ကို ရွေးချယ်ရတော့မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့အပြင် ၎င်းက ထိုအခြေအနေသည် “နှစ်ပေါင်း ၈၀ ကြာ အတ္တလန္တိတ်ဝါဒ (Atlantism) ခေတ်၏ နိဂုံး” ဖြစ်နိုင်ကြောင်း သတိပေးခဲ့သည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂
