ရုရှားရှိ တရုတ်ကားအရောင်းပြခန်း ရာနှင့်ချီပိတ်သိမ်းခဲ့ရပြီး ဈေးကွက်အတွင်း ပြုပြင်ပြောင်းလဲမှုများ ဖြစ်ပေါ်လာ
ရုရှားနိုင်ငံတွင် နှစ်အတော်ကြာ အရှိန်အဟုန်ဖြင့်တိုးချဲ့ခဲ့သော တရုတ် မော်တော်ကား ကုမ္ပဏီများသည် ယခုအခါ ၎င်းတို့၏ အရောင်းပြခန်း ကွန်ရက်ကို သိသိသာသာ ပြန်လည်လျှော့ချနေကြောင်း ရုရှားအခြေစိုက် Kommersant သတင်းစာက ဖော်ပြခဲ့သည်။ ၂၀၂၅ ခုနှစ်အတွင်း တရုတ် ကားအရောင်းပြခန်းပေါင်း ၆၀၀ ကျော် အထိ ပိတ်သိမ်းခဲ့ရပြီး ၎င်းမှာ ဈေးကွက်အတွင်း ဖြစ်ပေါ်လာသည့် အကြီးစားပြုပြင်ပြောင်းလဲမှုတစ်ခု ဖြစ်သည်။
Gazprombank Autoleasing ၏ အချက်အလက်များအရ ၂၀၂၅ ခုနှစ် အတွင်း တရုတ်ခရီးသည်တင်ကားနှင့် ပေါ့ပါးကုန်တင်ယာဉ် အရောင်း ပြခန်းပေါင်း ၆၄၃ ခု ပိတ်သိမ်းခဲ့ရာ၊ ၎င်းမှာ ၂၀၂၄ ခုနှစ်ထက် ၁.၄ ဆ ပိုမိုများပြားလာခြင်း ဖြစ်သည်။ ယင်းကာလအတွင်း အရောင်းပြခန်းသစ် ဖွင့်လှစ်နိုင်မှုမှာလည်း ယခင်နှစ်ထက် ၃ ဆခန့် လျော့နည်းသွားခဲ့သည်။
ဈေးကွက်ကျွမ်းကျင်သူများ၏ အဆိုအရ ရောင်းအားကျဆင်းခြင်းအပြင် မြင့်မားသော အတိုးနှုန်းများ၊ ဆိုင်ခန်းငှားရမ်းခ၊ ပို့ဆောင်ရေးစရိတ်နှင့် ဝန်ထမ်းစရိတ်များမှာ အရောင်းကိုယ်စားလှယ်များအတွက် အဓိက စိန်ခေါ်မှုများ ဖြစ်လာခဲ့သည်။ ရုရှားမော်တော်ကား အရောင်း ကိုယ်စားလှယ် များအသင်းကမူ ယခုဖြစ်စဉ်သည် ယခင်က ဈေးကွက်ဝယ်လိုအားကို သေချာစွာ မတွက်ချက်ဘဲ "အလွန်အမင်း မြန်ဆန်စွာ" တိုးချဲ့ခဲ့မှု၏ နောက်ဆက်တွဲ ပြုပြင်ပြောင်းလဲမှုဖြစ်ကြောင်း မှတ်ချက်ပြုထားသည်။
အရောင်းဆိုင်အချို့သည် လုံးဝပိတ်သိမ်းခြင်းမျိုး မဟုတ်ဘဲ လုပ်ငန်းပုံစံ ပြောင်းလဲလာကြသည်။ အရောင်းကိုယ်စားလှယ် ၁၀၀ ကျော်သည် တရုတ် ကားများကို တိုက်ရိုက်ရောင်းချခြင်းထက် တရုတ်မော်ဒယ်များကို အခြေ ခံ၍ ရုရှား၌ ဒေသတွင်း တပ်ဆင်ထုတ်လုပ်သည့် ရုရှားအမှတ်တံဆိပ်သစ် များအဖြစ် အမှတ်တံဆိပ်ပြောင်းလဲ (Rebrand) ကာ ဆက်လက် ရပ်တည်ရန် ရွေးချယ်ခဲ့ကြသည်။
လက်ရှိတွင် တရုတ်ကားလောက၌ Haval City၊ Chery နှင့် Geely ဟူသော အမှတ်တံဆိပ် သုံးခုသာလျှင် အရှုံးအမြတ်မျှခြေ (Break-even) အထက်တွင် ရပ်တည်နိုင်လောက်သည့် အရောင်းပမာဏကို ထိန်းသိမ်း ထားနိုင်ကြောင်း သိရှိရသည်။
ရှေ့လာမည့်ကာလတွင် အရောင်းဆိုင်များ ပိတ်သိမ်းမှုနှုန်း နှေးကွေး သွားနိုင်သော်လည်း၊ တရုတ်ကားအရောင်းဆိုင်များကို ရုရှား အမှတ်တံဆိပ်များအဖြစ် ပြောင်းလဲလုပ်ကိုင်ခြင်းမှာ ဆက်လက်ရှိနေဦးမည်ဟု ကျွမ်းကျင်သူများက ခန့်မှန်းထားကြသည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂
