ယူကရိန်းအရေး အရေးပါသော ဆွေးနွေးမှုများ မပြုလုပ်မီ ရုရှားက ဘောလ်တစ်ပင်လယ်တွင် ဗုံးကြဲလေယာဉ်များ ပျံသန်း၍ အင်အားပြ
ကြာသပတေးနေ့ (ဇန်နဝါရီ ၂၂) က ဘောလ်တစ်ပင်လယ်ပေါ်တွင် ၎င်းတို့၏ ဗုံးကြဲလေယာဉ်များဖြင့် ၅ နာရီကြာ ပုံမှန်ကင်းလှည့်ပျံသန်းမှု တစ်ရပ် ပြုလုပ်ခဲ့ကြောင်း ရုရှားက ပြောကြားခဲ့သည်။ အဆိုပါ လုပ်ဆောင်ချက်သည် ယူကရိန်းစစ်ပွဲအဆုံးသတ်ရန် သံတမန်ရေးရာ ကြိုးပမ်းမှုများ ပြန်လည်အရှိန်မြင့်လာချိန်တွင် အင်အားပြသရန် ရည်ရွယ်ခြင်းဖြစ်နိုင်ခြေရှိသည်။ ရုရှားသမ္မတ ဗလာဒီမာ ပူတင် နှင့် အမေရိကန် အထူးသံတမန် စတိဗ် ဝစ်ကော့ဖ် (Steve Witkoff) တို့ ကရင်မလင်နန်းတော်တွင် တွေ့ဆုံဆွေးနွေးမှုစတင်ပြီး မိနစ်ပိုင်းအကြာမှာပင် ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထိုပျံသန်းမှုနှင့်ပတ်သက်၍ ထုတ်ပြန်ချက်တစ်ရပ် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ ဗုံးကြဲလေယာဉ်များကို ရုရှားတိုက်လေယာဉ်များက ဝန်းရံလိုက်ပါခဲ့ပြီး လမ်းကြောင်းတစ်လျှောက် အချို့နေရာများတွင် "အခြားနိုင်ငံများမှ တိုက်လေယာဉ်များ" က စောင့်ကြပ်လိုက်ပါခဲ့ကြောင်း ထိုထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ရုရှားသည် ၎င်း၏လေယာဉ်များကို ယခုကဲ့သို့ ပုံမှန်ပျံသန်းလေ့ရှိပြီး ထိုသို့ ပျံသန်းသည့်အခါတိုင်း အနီးနားရှိ နေတိုး (NATO) အဖွဲ့ဝင်နိုင်ငံများကလည်း ၎င်းတို့၏တိုက်လေယာဉ်များကို အရေးပေါ်ပျံသန်းစေကာ တုံ့ပြန် လေ့ရှိကြသည်။
ကိုးကား- CNN
Photo: Euronews.com
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂
