တရုတ်နိုင်ငံက ၎င်း၏ နိုင်ငံသားများကို လာမည့် တရုတ်နှစ်သစ်ကူးအားလပ်ရက်အတွင်း ဂျပန်နိုင်ငံသို့ ခရီးမသွားရန် အကြံပြုထား
တရုတ်နှစ်သစ်ကူး အားလပ်ရက်အတွင်း ဂျပန်နိုင်ငံသို့ခရီးမသွားရန် ၎င်း၏ နိုင်ငံသားများကို အကြံပြုရခြင်းမှာ 'ပြင်းထန်သော လုံခြုံရေး ခြိမ်းခြောက်မှုများ' ကြောင့်ဖြစ်သည်ဟု တရုတ်နိုင်ငံက ကိုးကားဖော်ပြခဲ့သည်။
'ဂျပန်နိုင်ငံ၏ အများပြည်သူလုံခြုံရေးမှာ မကြာသေးမီက ဆိုးရွားလာခဲ့ပြီး တရုတ်နိုင်ငံသားများကို ပစ်မှတ်ထားသည့် တရားမဝင် လုပ်ဆောင်မှု များနှင့် ရာဇဝတ်မှုများစွာ ရှိနေသည်။ ဂျပန်နိုင်ငံရှိ တရုတ် နိုင်ငံသား များသည် ပြင်းထန်သော လုံခြုံရေးခြိမ်းခြောက်မှုများနှင့် ရင်ဆိုင်နေရသည်' ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ ကောင်စစ်ရေးရာဗျူရိုက ဇန်နဝါရီ ၂၆ ရက်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ သတိပေးချက်တွင် ဂျပန်နိုင်ငံရှိ ဒေသအချို့၌ ဖြစ်ပွားခဲ့ပြီး လူအသေအပျောက်ရှိခဲ့သည့် ဆက်တိုက် ငလျင်လှုပ်ခတ်မှုများဆိုင်ရာ အချက်အလက်များလည်း ပါဝင်ခဲ့သည်။ ဂျပန်အစိုးရ၏ ကိန်းဂဏန်းများအရ ၂၀၂၅ ခုနှစ်၊ ပထမ ကိုးလအတွင်း တရုတ်နိုင်ငံမှ လာရောက်သူ ၇.၅ သန်းနီးပါး ရှိခဲ့ပြီး တစ်ချိန်က တရုတ် ခရီးသွားများသည် ဂျပန်နိုင်ငံသို့ လာရောက်သည့် နိုင်ငံခြား ခရီးသွား အားလုံး၏ လေးပုံတစ်ပုံခန့် ရှိခဲ့သည်။
နှစ်နိုင်ငံဆက်ဆံရေးတင်းမာမှုများ မြင့်တက်လာခြင်း၏ နောက်ဆက်တွဲ အကျိုးဆက်အဖြစ် ပြီးခဲ့သည့်လတွင် ဂျပန်သို့ လာရောက် လည်ပတ်သည့် တရုတ်ခရီးသွားအရေအတွက်သည် ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၄၅ ရာခိုင်နှုန်းခန့် ကျဆင်းသွားခဲ့ပြီး ၃၃၀,၀၀၀ ခန့်သာ ရှိတော့သည်။
တရုတ်နှင့် ဂျပန်နိုင်ငံတို့အကြားဆက်ဆံရေးမှာ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ အတွင်း ဝန်ကြီးချုပ် ဆာနာအဲ တာကာအီချီ (Sanae Takaichi) ၏ ထိုင်ဝမ်အရေးနှင့်ပတ်သက်သည့် မှတ်ချက်များကြောင့် နှစ်ပေါင်းများစွာ အတွင်း အနိမ့်ဆုံးအဆင့်သို့ ရောက်ရှိနေသည်။ ထိုစဉ်က တာကာအီချီက အကယ်၍ထိုင်ဝမ်ကိုတိုက်ခိုက်ခံရပါက ဂျပန်အနေဖြင့် စစ်ရေးအရ အရေးယူဆောင်ရွက်နိုင်ကြောင်း သတိပေးခဲ့သည်။ ထိုင်ဝမ်သည် ဂျပန် နှင့် အနီးဆုံးကျွန်းမှ ကီလိုမီတာ ၁၀၀ အကွာတွင် တည်ရှိသည်။
ယင်းနောက်တွင် ဂျပန်ဝန်ကြီးချုပ်က တင်းမာမှုများလျော့ပါးစေရန် သူမ၏လေသံကို လျှော့ချခဲ့သော်လည်း တရုတ်နိုင်ငံက ယင်းကို လက်မခံဘဲ သူမ၏ပြောကြားချက်ကို ပြန်လည်ရုပ်သိမ်းရန် ဆက်လက် တောင်းဆို ခဲ့သည်။ ဂျပန်ဝန်ကြီးချုပ်ကမူ ယနေ့အထိ သူမ၏ ပြောကြားချက်ကို ပြန်လည်ရုပ်သိမ်းရန် ငြင်းဆန်ထားဆဲဖြစ်သည်။
ကိုးကား- VN Express
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး- ၂
