ရွှေစျေးနှုန်း တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၅,၃၀၀ အထက်သို့ မြင့်တက်

News Image

  • ရွှေစျေးနှုန်း တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၅,၃၀၀ အထက်သို့ မြင့်တက်

ဗုဒ္ဓဟူးနေ့ (ဇန်နဝါရီ ၂၈) တွင် ရွှေစျေးနှုန်းသည် ဆက်လက် မြင့်တက်ခဲ့ပြီး တစ်အောင်စလျှင် ၅,၃၀၀ ဒေါ်လာအထက်သို့ ရောက်ရှိကာ သမိုင်းတစ်လျှောက် အမြင့်ဆုံးစံချိန် တင်ခဲ့သည်။ ထိုကဲ့သို့ စျေးနှုန်း မြင့်တက် လာခြင်းမှာ ကမ္ဘာ့နိုင်ငံရေး မတည်ငြိမ်မှုများကြား စိတ်ချရသည့် အရင်းအနှီးအဖြစ် ဝယ်လိုအား မြင့်တက်လာခြင်းနှင့် အမေရိကန်ဒေါ်လာ တန်ဖိုးကျဆင်းလာခြင်းတို့ကြောင့် ဖြစ်သည်။

ဗုဒ္ဓဟူးနေ့ GMT စံတော်ချိန် ၁၉:၅၀ နာရီတွင် ရွှေပေါက်စျေးသည် ၅,၃၁၉ ဒေါ်လာသို့ မြင့်တက်ခဲ့ပြီး အဖိုးတန်သတ္တု၏ စံချိန်တင်မှုကို ဆက်လက် ထိန်းသိမ်းထားသည်။ ရွှေစျေးနှုန်းသည် ယမန်နှစ်က ရရှိခဲ့သော သိသာ ထင်ရှားသည့် အမြတ်အစွန်းများအပြင် ယခုနှစ်ဆန်းပိုင်းမှစတင်ကာ ၂၀ ရာခိုင်နှုန်းကျော် ထပ်မံမြင့်တက်လာခဲ့ခြင်းဖြစ်သည်။

လေ့လာဆန်းစစ်သူများ၏ အဆိုအရ အရှေ့အလယ်ပိုင်း တင်းမာမှုများ၊ ဗဟိုဘဏ်များမှ ရွှေဝယ်ယူမှု မြင့်တက်လာခြင်းတို့အပြင်၊ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်၏ ဗင်နီဇွဲလားနိုင်ငံအပေါ် စစ်ရေးအရ ဝင်ရောက်စွက်ဖက်မှုနှင့် ဂရင်းလန်းကျွန်းကို ဝယ်ယူရန် ကြိုးပမ်းမှုများအပါအဝင် ကမ္ဘာလုံးဆိုင်ရာ မရေရာမှုများနှင့် စီးပွားရေးဆိုင်ရာ အချက်အလက် များက ရွှေစျေးနှုန်း မြင့်တက်မှုကို ပံ့ပိုးပေးခဲ့ပြီး ခိုင်မာသည့် ပိုင်ဆိုင်မှု များအပေါ် ဝယ်လိုအားကို မြင့်တက်စေခဲ့သည်။ အမေရိကန်ဒေါ်လာ တန်ဖိုးမှာလည်း ယခုသီတင်းပတ်အတွင်း၌ လေးနှစ်တာကာလအတွင်း အနိမ့်ဆုံးသို့ ထိုးဆင်းသွားခြင်းက မတည်ငြိမ်မှုများကို ကာကွယ်ရန် အတွက် ရွှေ၏ဆွဲဆောင်မှုကို ပိုမိုအားကောင်းစေခဲ့သည်။

စျေးကွက်စောင့်ကြည့်သူများသည် ရွှေစျေးနှုန်းအပေါ် ပိုမိုအကောင်းမြင် လာကြသည်။ London Bullion Market Association (LBMA) ၏ ခန့်မှန်းချက်များအရ ယခုနှစ်အတွင်း ရွှေစျေးနှုန်းသည် တစ်အောင်စလျှင် ဒေါ်လာ ၆,၀၀၀ မှ ၇,၀၀၀ အထိ ရောက်ရှိနိုင်ကြောင်း သိရှိရသည်။ Bank of America မှ လေ့လာဆန်းစစ်သူများကမူ နွေဦးရာသီခန့်တွင်ပင် ဒေါ်လာ ၆,၀၀၀ သို့ ရောက်ရှိနိုင်မည်ဟု ခန့်မှန်းထားကြသည်။

ထိုကဲ့သို့ ရွှေစျေးနှုန်း ထိုးတက်လာခြင်းသည် ရုရှားနိုင်ငံအတွက် ကြီးမားသော ဘဏ္ဍာရေးအကျိုးအမြတ်များကို ဖြစ်ထွန်းစေခဲ့ပြီး၊ အနောက်နိုင်ငံ များတွင် ပိတ်ပင်ခံထားရသည့် ဗဟိုဘဏ်အရန်ငွေ ဒေါ်လာ ၃၀၀ ဘီလီယံခန့်၏ ဆုံးရှုံးမှုကို လက်တွေ့တွင် များစွာ အစားထိုးနိုင်ခဲ့သည်။ ပြည်ပတွင် ထိန်းချုပ်ခံထားရသည့် ရန်ပုံငွေများနှင့်မတူဘဲ ရုရှားနိုင်ငံအတွင်း၌ ထားရှိ သော အရန်ရွှေများကို ရောင်းချခြင်း သို့မဟုတ် အပေါင်ပစ္စည်းအဖြစ် အသုံးပြုခြင်းများ ပြုလုပ်နိုင်သဖြင့် မော်စကိုအတွက် ပိုမို ကောင်းမွန်သော ဘဏ္ဍာရေးအခြေအနေကို ရရှိစေသည်။

၂၀၂၆ ခုနှစ် အစောပိုင်းတွင် ရုရှားဗဟိုဘဏ်မှ ထုတ်ပြန်သော အရန်ရွှေ ပမာဏမှာ ထရိုင်အောင်စ ၇၄.၈ သန်း (မက်ထရစ်တန်ချိန် ၂,၃၂၆.၅၄) ရှိသည်။ ထိုရွှေပိုင်ဆိုင်မှုများ၏ စျေးကွက်တန်ဖိုးသည် ၂၀၂၅ ခုနှစ် အတွင်း ဒေါ်လာ ၁၉၅.၇ ဘီလီယံမှ ၃၂၆.၅ ဘီလီယံအထိ ၆၇ ရာခိုင်နှုန်းနီးပါး မြင့်တက်လာခဲ့သည်။ 

ကိုးကား- RT

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂